လူအများအမြင်မှာတော့ အလိုအလျှောက် မောင်းနှင်နိုင်သည့်ကားများဟာ အနာဂါတ် အရမ်းဆန်နေဆဲ ဖြစ်ပြီး အလှမ်း ဝေးနေသေးတယ်လို့ ထင်ကောင်း ထင်နေနိုင်ပါတယ်။
ဒါပေမယ့် အလိုအလျှောက် မောင်းနှင်သည့် စနစ်များဟာ လက်ရှိတွင် အလျှင်အမြန် တိုးတက်နေပြီး လက်တွေ့မှာပါ ခေတ်သစ် မော်တော်ကား အများစုတွင် အတိုင်းအတာ တခုအထိ ထိန်းချုပ်နိုင်နေပြီ ဖြစ်ပါတယ်။
အလိုအလျှောက် မောင်းနှင်နိုင်တဲ့ကားဆိုတာ ဘယ်လို ကားမျိုးတွေလဲ
အရိုးရှင်းဆုံး ပြောရရင်တော့ လူထိန်းချုပ်စရာ မလိုအပ်တဲ့ မော်တော်ကားတွေ လို့ ပြောရမှာပါ။ အဲဒီ့နောက်မှာတော့ သူတို့ လုပ်ဆောင်နိုင်တာ တွေ အများကြီး ရှိပါတယ်။ ၎င်းတို့ဟာ စတီယာရင်ခွေ၊ လီဗာ၊ ဘရိတ်၊ ဂီယာတွေကို ပဲ ထိန်းချုပ်နိုင်တာမဟုတ်ပါဘူး။
အလိုအလျှောက်စနစ်ဟာ လမ်းပေါ်ရှိ ယာဉ်ကြောများကို တွက်ချက်မှု၊ သွားလာနေသည့် လူများ၏ အနေအထား၊ လမ်းဘေး အခြေအနေများကို ကင်မရာများ၊ အာရုံခံ ကိရိယာများ နှင့် နောက်ဆုံးပေါ် ခေတ်မှီ ရှုပ်ထွေးသည့် algorithm များဖြင့် တွက်ချက် လုပ်ဆောင်ပေးပြီး ယာဉ်ကို ထိန်းချုပ်နိုင်ပါတယ်။

ယာဉ်မောင်းသူ၏ အနေအထားများ (ဥပမာ အားဖြင့် အိပ်နေတာလား၊ ဖုန်းသုံးနေတာလား အစရှိသဖြင့်) ကိုတောင် စောင့်ကြည့်နိုင်ပြီး ကား နှင့် လူအကြားတွင် အဆက်မပြတ် ဆက်သွယ်နိုင်စွမ်း ရှိလာမှာပါ။
ဒီလိုကားမျိုးတွေဟာ လာမယ့် နှစ်များအတွင်းမှာ သယ်ယူပို့ဆောင်ရေး အတွက် အဓိက ကဏ္ဍတွင် ရောက်ရှိလာဖို့ အခွင့်အလမ်း မြင့်မားလျှက်ရှိပါတယ်။
အလိုအလျှောက် မောင်းနှင်နိုင်သည့် ကားများ၏ အားသာချက်များ
ကမ္ဘာ တဝှမ်းမှ မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီများဟာ အလိုအလျှောက် မောင်းနှင်နိုင်သည့် ကားများ ထုတ်လုပ်ဖို့ရာအတွက် အလွန် မျက်စိကျလျှက်ရှိနေပါတယ်။
အောက်ဖော်ပြပါ အချက် ၃ ချက်ကတော့ အလိုအလျှောက် မောင်းနှင်နိုင်သည့် ကားများရဲ့ အားသာချက်များပဲ ဖြစ်ပါတယ်။
၁။ လူမှ ဖြစ်တတ်သည့် အမှားများကို လျှော့ချနိုင်
နှစ်စဉ် ယာဉ် မတော်တဆ ဖြစ်မှုများစွာဟာ ယာဉ်မောင်းသူများ အိပ်ငိုက်ခြင်းနှင့် များစွာ ဆက်စပ်နေပါတယ်။ အလိုအလျှောက် မောင်းနှင်သည့်စနစ်နှင့် လူနှင့် မတူတဲ့ အချက်ကတော့ ၎င်းတို့ဟာ ပင်ပန်းတာမျိုး မရှိပါဘူး။
ဒီစနစ်များဟာ ပြသနာ တစုံတရာ မရှိဘဲ ကားကို ထိန်းချုပ် မောင်းနှင်နိုင်မှာ ဖြစ်ပြီး အိပ်ငိုက်ခြင်း အပါအဝင် အခြား မလိုလားအပ်သည့် လူကြောင့် ဖြစ်တတ်သည့် အမှားများကို သိသိသာသာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
အဲဒီ အခြား အကြောင်းတွေထဲမှာ လူတွေရဲ့ ဦးခေါင်းထဲမှာ အတွေးတွေ နဲ့ ပြည့်နေတတ်ပြီး တခါတရံမှာ လမ်းကို ဂရုမစိုက်မိဘဲ အတွေးလွန်နေတတ်တာတွေလဲ ပါဝင်ပါတယ်။
အလိုအလျှောက် စနစ်ဟာ အဲဒီ့ ပြသနာများအားလုံးကို ဖြေရှင်းပေးနိုင်မှာပါ။
၂။ သက်တောင့်သက်သာ ဖြစ်ခြင်း
အလိုအလျှောက်မောင်း ယာဉ်များဟာ စီးနင်းလိုက်ပါဖို့ကို ပိုမို ပျော်ရွှင်စရာ ဖြစ်စေရန် အလားအလာ ပိုရှိပါတယ်။
အကြောင်းကတော့ အလုပ်ကို ဖြစ်စေ တနေရာရာကို ဖြစ်စေ ကိုယ်တိုင် မောင်းနှင်သည့်အခါ ယာဉ်ကြော ပိတ်ဆို့မှုများ၊ ကျပ်တည်းမှုများဟာ လူကို အလွန် ပင်ပန်းစေနိုင်ပါတယ်။

လမ်းကြောရှာဖွေ မောင်းနှင်ရခြင်းဟာ အလွန် အာရုံ စိုက်ရပြီး လူကို ပင်ပန်းစေတဲ့အတွက် စိတ်အနှောင့် အယှက် ဖြစ်စေမှာ အသေအချာပါပဲ။
ကားက အလိုအလျှောက် မောင်းနှင်နေရင်တော့ မြေပုံမှာ လမ်းကြောင်း ပေးပြီး ဖြစ်တဲ့အတွက် သင်ဟာ ဖုန်းသုံး၍ ဖြစ်စေ စာအုပ်ဖတ်၍ ဖြစ်စေ သက်တောင့် သက်သာဖြင့် လိုက်ပါနိုင်ပြီး အရေးကြုံပါက ကားက သင့်ကို သတိပေးဦးမှာပါ။
၃။ ကား မမောင်းနိုင်သည့် သူများအတွက် အလွန် အသုံးဝင်
အကြောင်း အမျိုးမျိုးကြောင့် ကားမမောင်းနိုင်သည့် သူများအတွက် အလိုအလျှောက် မောင်းနှင်သည့် ကားများဟာ အလွန်ကို အသုံးဝင်မှာပါ။
ကားတစင်း ဖြစ်တဲ့အတွက် သွားလာရာတွင် အကာကွယ်များပါရှိတဲ့အတွက် ပိုမို ပြီးလည်း လုံခြုံစိတ်ချရမှု ရှိပါတယ်။
အလိုအလျှောက် မောင်းနှင်နိုင်သည့် ကားများ၏ အားနည်းချက်များ
နည်းလမ်းပေါင်းများစွာနဲ့ အလိုအလျှောက်ကားများဟာ လူတွေရဲ့ လူနေမှုဘဝ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပေမယ့် ၎င်းတို့မှာ အားနည်းချက်တွေ ရှိနေပါသေးတယ်။
၎င်းတို့အနက်က အလိုအလျှောက်ကားများ၏ အားနည်းချက် ၃ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဒစ်ဂျစ်တယ် လုံခြုံရေး ပြသနာ
အလိုအလျှောက် မောင်းသည့် ကားများ၏ အားအနည်းဆုံး အချက်တချက်ကတော့ ဟက်ကာများ ရန်မှ ကြောက်ရတာပဲ ဖြစ်ပါတယ်။
ဒီလို အလိုအလျှောက် မောင်းနှင်နိုင်ဖို့ကို ဆက်သွယ်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများအတွက် တူညီတဲ့ ကွန်ယက် protocol ကို အသုံးပြုကြရမှာ ဖြစ်ပါတယ်။
အသေးစား ဆိုက်ပါတိုက်ခိုက်မှု တခုကပင် မတော်တဆမှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများကို ဦးတည်စေနိုင်တဲ့အတွက် ကားထုတ်လုပ်သူများဟာ အချက်အလက်စနစ်များကို လုံခြုံအောင် လုပ်ဆောင်ရမှာဖြစ်ပြီး အာမခံချက်လဲ ပေးနိုင်ရမှာ ဖြစ်ပါတယ်။

၂။ အလုပ်လက်မဲ့ ပြသနာ
အလိုအလျှောက် မောင်းနှင်နိုင်သည့် ကားများကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အလုပ်လက်မဲ့ ဦးရေကို သိသိသာသာ မြင့်တက်လာစေနိုင်ပါတယ်။
ကားမောင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သူများအတွက်တော့ ၎င်းတို့ အလုပ်ဟာ အဆင်မပြေနိုင်တော့ဘဲ ထရပ်ကား၊ ဘတ်စ်ကား နှင့် တက္ကစီ ယာဉ်မောင်းများအနေဖြင့် အလုပ်အကိုင်သစ်များ ရှာဖွေကြရတော့မှာ ဖြစ်ပါတယ်။
ပထမဆုံး အနေဖြင့် delivery ပို့ဆောင်ရေး ယာဉ်မောင်းများနေရာမှာ အလိုအလျှောက် မောင်းနှင်နိုင်သည့် ယာဉ်များက စောစောစီးစီး အစားထိုးသွားနိုင်ဖွယ်ရှိပါတယ်။
၃။ စက်ပိုင်းဆိုင်ရာ ပြဿနာ
အလိုအလျှောက် မောင်းနှင်နိုင်သည့် ကားများနှင့် ပတ်သက်သည့် အားနည်းချက်များတွင် ဖြစ်နိုင်ချေများသည့် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းနိုင်မှုကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
အဆိုပါ ကားများဟာ မတော်တဆ ဖြစ်စဉ်များစွာကို လျှော့ချနိုင်မယ်လို့ လူအများက ယုံကြည်နေကြပေမယ့် စက်ချွတ်ယွင်းမှုကြောင့် မတော်တဆ ဖြစ်စဉ်တွေကို ဆက်လက် ဖြစ်ပွားနိုင်ချေတော့ ရှိနေပါတယ်။
ဒါ့အပြင် ကားတွင် ပါဝင်သည့် ပရိုဂရမ် သို့မဟုတ် အစိတ်အပိုင်းတခုခု ချွတ်ယွင်းမှု ရှိခဲ့ပါက သာမန် ကားများထက် အလိုအလျှောက် မောင်းနှင်နိုင်သည့် ကားများဟာ ပိုမို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
သိုပေမယ့် ဒီနည်းပညာဟာ လက်ရှိမှာ ဖွံ့ဖြိုးတိုးတက်နေဆဲ ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ မတော်တဆ ဖြစ်စဉ်တွေ လျှော့နည်းလာနိုင်ချေတော့ရှိပါတယ်။

ထို့ကြောင့် နည်းပညာ ချွတ်ယွင်းမှု နှင့်ဆိုင်သည့် အမှားများ ဖြစ်နိုင်ချေရှိပေမယ့် ၎င်းတို့ဟာ လူတွေထက်တော့ အမှားနည်းမှာ အသေ အ ချာပါပဲ။
နိဂုံး
အလိုအလျောက် မောင်းနှင်နိုင်သည့် ကားများဟာ အကျိုးကျေးဇူး များစွာ ရှိနေပေမယ့် အထက်က ဖော်ပြထားသည့်အတိုင်း သယ်ယူပို့ဆောင်ရေး ပုံစံသစ်နှင့် ဆက်စပ်နေသည့် ပြသနာ အချို့တော့ ရှိနေဦးမှာပါ။
လက်ရှိမှာ တစိတ်တပိုင်း အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေ ဈေးကွက်ထဲမှာ ရှိနေပြီ ဖြစ်ပေမယ့် အခုအချိန်ထိတော့ မည်သည့်ကားကမှ ၁၀၀ ရာခိုင်နှုန်း အလိုအလျှောက် မောင်းနှင်မှု မပြုလုပ်နိုင်သေးပါဘူး။
အားနည်းချက်တွေ၊ အားသာချက်တွေ ဘယ်လိုပဲ ရှိနေပါစေ များမကြာမီ ကာလတခုအတွင်းမှာတော့ အလိုအလျောက် မောင်းနှင်နိုင်သည့်ကားများကတော့ ကျွန်တော်တို့ နေ့စဉ်ဘဝဆီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။