ကောင်းကင်ကြီး အပြာရောင် ဖြစ်ရခြင်းနှင့် နေဝင်ချိန် အရောင်များ အကြောင်း

Knowledge Nature

ကောင်းကင်ကြီး ဘာလို့ အပြာရောင် ရှိသလဲဆိုတာ ကျွန်တော်တို့ ကလေးကတည်းက သိချင်ခဲ့ကြတာ ဖြစ်ပါတယ်။ တော်တော်များများက သမုဒ္ဒရာ ရေပြင်ရဲ့ ရောင်ပြန်ဟပ်မှုကြောင့်လို့ ထင်ကြပေမယ့် ဒါ့ဟာ မှားယွင်းတဲ့ ဒဏ္ဍာရီကြီးပါ။

ဒါကို ဖြေဖို့ အဖြေဟာ တိုတောင်းမှာမဟုတ်ပေမယ့် ဘာ့ကြောင့် ကောင်းကင်ကြီး အပြာရောင်ရှိရတယ်ဆိုတာ လေ့လာကြည့်ကြတာပေါ့။

ကျွန်တော်တို့ဆီ ရောက်ရှိလာတဲ့ နေမှ အလင်းရောင်ဟာ အဖြူရောင်ရှိပြီး သက်တံမှာရှိတဲ့ အရောင်များအားလုံး ပေါင်းစည်းထားတာ ဖြစ်ပါတယ်။

နေရောင်ဟာ ကမ္ဘာကြီးပေါ် ကျရောက်လာတဲ့အခါမှာ လေထုထဲမှာရှိတဲ့ ဓာတ်ငွေ့တွေနဲ့ အမှုန်တွေကြောင့် အလင်းရောင်တွေဟာ ပျံ့နှံ့ကုန်ပါတယ်။

ဒါကို နယူတန်က ရှာဖွေတွေ့ရှိခဲ့ပြီး အလင်းယိုင်ကာ ရောင်စဉ်ဖြာထွက်မှုကို တြိဂံဖန်တုံး prism ကို အသုံးပြုပြီး သက်သေပြပြီး ဖြစ်ပါတယ်။

အဲဒီ့အရောင်တွေမှာ မတူညီတဲ့ လှိုင်းအလျားများရှိပြီး အနီရောင်ဟာ လှိုင်းအလျား အရှည်ဆုံးဖြစ်ပြီး ခရမ်းရောင်ဟာ လှိုင်းအလျားအတိုဆုံးပါ။

လှိုင်းအလျားတိုတဲ့ ရောင်စဉ်တွေဟာ ရှည်တဲ့ ရောင်စဉ်တွေထက် ပိုမို ပျံ့နှံ့နိုင်ပါတယ်။ ဒါဆို ကောင်းကင်က ခရမ်းရောင် ပေါ့။

ဟုတ်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မျက်လုံးတွေကြောင့်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မျက်လုံးတွေဟာ အရောင်ကိုခွဲခြားရာမှာ photo receptor ဆဲလ်တွေဖြစ်တဲ့ အမြင်လွှာထဲမှ cones လို့ခေါ်တဲ့ အမျှင်လေးများကို အသုံးပြုကာ ခွဲခြားပေးတာ ဖြစ်ပါတယ်။

အမြင်လွှာ retina တခုစီမှာ အရောင် တမျိုးစီကို ကိုယ်စားပြုတဲ့ အမျိုးအစား ၃ မျိုးရှိတဲ့ cone ပေါင်း ၅ သန်းလောက်ပါဝင်ပါတယ်။

အဲဒီ့ အရောင်သုံးမျိုးကတော့ အနီ၊ အပြာ နှင့် အစိမ်းရောင်တို့ဖြစ်ကြပြီး ကျွန်တော်တို့ မျက်လုံးတွေဟာ ဒီအရောင် ၃ ခု တုံ့ပြန်မှုမှာ အားအကောင်းဆုံး ဖြစ်ပါတယ်။

ခရမ်းရောင်ဟာ လှိုင်းအလျှားတိုပေမယ့် လေထုမှ စုပ်ယူမှုကြောင့် အလင်းရောင်ထဲမှာ ခရမ်းရောင် ပါဝင်မှု လျော့ကျသွားပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ မျက်လုံးများမှ ခရမ်းရောင်ကို မြင်နိုင်ဖို အားနည်းတဲ့အတွက် ကောင်းကင်ဟာ ဒုတိယ လှိုင်းအလျှားအတိုဆုံးဖြစ်တဲ့ အပြာရောင် ဖြစ်နေရတာပါ။

ထို့ကြောင့် တိမ်ကင်းစင်နေတဲ့ ကောင်းကင်ကို ကြည့်ပါက အပြာရောင်ကိုသာ မြင်ရမှာဖြစ်ပြီး အဲဒီ့အချိန်မှာ လေထဲမှ မော်လီကျူးများမှာ အပြာရောင် အလင်းကို ပိုမို ပျံ့နှံ့စေလို့ ဖြစ်ပါတယ်။

နေဝင်သွားရင်တော့ အားလုံးဟာ ပြောင်းလဲသွားပါပြီ။ နေဝင်ချိန်မှာ ကောင်းကင်ဟာ အနီရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်နှင့် ခရမ်းရောင်တို့နှင့် စိုပြေနေလေ့ရှိပါတယ်။

ဘာလို့လဲဆိုတော့ အပြာရောင်အလင်းဟာ နေရွေ့လျားနေတဲ့နေရာကို လိုက်ပြီး ပျံ့နှံ့နေတာဖြစ်လို့ ကျွန်တော်တို့ မြင်ကွင်းမှ ပျောက်ကွယ်သွားပါတယ်။

လေထုဟာ ရှင်းလင်းနေပါက နေဝင်ချိန်ဟာ အဝါရောင် ရှိပြီး လေထုညစ်ညမ်းတဲ့ ဒေသမှာတော့ အလင်းဟာ ပိုပြီးထူထဲတဲ့ လေထုကို ဖြတ်သန်းသွားရတဲ့အတွက် အနီရောင်ပိုပေါက် နေတတ်ပါတယ်။

ပင်လယ်ကမ်းခြေရဲ့ နေဝင်ချိန်မှာတော့ ကောင်းကင်ကြီးဟာ ပင်လယ်တွင်း လေထုရှိ ဆားမှုန်များကြောင့် လိမ္မော်ရောင် ဖြစ်နေတတ်ပါတယ်။

ကျွန်တော်တို့ မျက်လုံးဟာ နေကို တိုက်ရိုက် ကြာကြာကြည့်ပါက ကန်းသွားနိုင်သောကြောင့် မကြည့်သင့်ပေမယ့် နေကို တိုက်ရိုက် မြင်နိုင်ပါက အလင်းဟာ တည့်တည့် လာနေသည့်အတွက် လှိုင်းများအားလုံးကို မြင်နိုင်မှာ ဖြစ်ပါတယ်။

နေကို အဝေးမှကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ အလင်းကို တိုတောင်းတဲ့ လှိုင်းအလျားများမှ တွေ့မြင်ရသောကြောင့် အစွန်းပိုင်းမှာ အဖြူရောင်အဖြစ် ပေါ်စေတာပဲ ဖြစ်ပါတယ်။

ဒီ ကောင်းကင်အရောင်နှင့် ပတ်သက်တဲ့ သဘောတရားလေးတွေဟာ လူအနည်းငယ်လောက်သာ သိထားတာကြောင့် သိထားသင့်တဲ့ ဗဟုသုတတစ်ခုအနေဖြင့် Knowledgeworms မှ မျှဝေလိုက်ရပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.