Rheinmetall ၏ Skyranger 30 HEL လေဆာ လက်နက်သစ် အကြောင်း

Military Tech

ကာကွယ်ရေး ကုမ္ပဏီ တခုဖြစ်တဲ့ Rheinmetall ဟာ ၎င်း၏ Skyranger 30 HEL လေကြောင်း ကာကွယ်ရေးစနစ်ကို ပြသလိုက်ပါတယ်။

အဆိုပါစနစ်ဟာ ၃၀ မီလီမီတာ အတွဲလိုက်ပစ်နိုင်သည့် စက်အမြောက် တလက်၊ တာတို Short Range Air Defense (SHORAD) ဒုံးကျည်စနစ်များနှင့် စွမ်းအားမြင့် လေဆာစနစ်တို့ ပါဝင်ပါတယ်။

စစ်အေးကာလ ပြီးဆုံးပြီးနောက်မှာ အနောက်နိုင်ငံများဟာ ၎င်းတို့၏ လေကြောင်းကာကွယ်ရေး စနစ် တော်တော်များများကို မလိုအပ်တော့သဖြင့် ဖျက်သိမ်းခဲ့ပါတယ်။

ဒါ့ပေမယ့် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်းမှာတော့ ပထဝီနိုင်ငံရေး အနေအထားဟာ ပြောင်းလဲလာကာ ရှုပ်ထွေးသည့် ဒရုန်းစနစ်များ၊ အလိုအလျှောက် ပျံသန်းနိုင်သည့် စနစ်များနှင့် စမတ် လက်နက်များ ပေါ်ထွက်လာပါတယ်။

ဒါ့ကြောင့် အဆိုပါ နည်းပညာ အသစ်အဆန်းနှင့် ဒရုန်းများ အပါအဝင် လက်နက်ဆန်းများကို ကာကွယ်နိုင်ဖို့အတွက် မျိုး ဆက်သစ် ကာကွယ်ရေး စနစ်သစ်များ လိုအပ်လာပြန်ပါတယ်။

Image: Courtesy of Reheinmetall

နည်းပညာများ တိုးတက်လာသည်နှင့် အညီ ခေတ်မှီ လက်နက်များရန်မှ ကာကွယ်နိုင်ရန်အတွက် တခုထဲသော နည်းဖြင့် ကာကွယ်ဖို့ရာတော့ မလုံလောက်တော့ပါဘူး။

ထို့အတွက်ကြောင့် ကာကွယ်ရေး စနစ်များတွင် အပြည့်အဝ ကာကွယ်နိုင်ဖို့အတွက် စနစ်များအား ပေါင်းစပ်ရန် လိုအပ်လာခဲ့တာပါ။

ဒါဟာ လေယာဉ်တင် သင်္ဘောတစင်းနှင့် ခပ်ဆင်ဆင် တူနေပါတယ်။

အကြောင်းကတော့ လေယာဉ်တင် သင်္ဘောများဟာ မိမိကိုယ် မိမိ ကာကွယ်နိုင်သည့် စနစ်များ အပြည့်အစုံ မပါဝင်နိုင်သည့် အတွက် အခြား စနစ်များ တပ်ဆင်ထားသည့် အရာများကို အားကိုးရပါတယ်။

အခြားစနစ်များတွင် ခရူဇာ စစ်သင်္ဘောများ၊ ဖျက်သင်္ဘောများ၊ လေယာဉ်များ၊ ဒုံးကျည်များ၊ ရေငုပ်သင်္ဘောများ နှင့် ဂြိုဟ် တုများ ပါဝင်ပြီး အဆိုပါ ပေါင်းစပ် စနစ်ကြောင့် လေယာဉ်တင်သင်္ဘောကို ထိုးဖောက်ဖို့ဆိုတာ အတော်ကို မလွယ်ကူတော့ပါဘူး။

Skyranger 30 HEL

ဒီစနစ်ဟာလည်း အကောင်သေးပြီး ပစ်ခတ်နိုင်သည့် အကွာအဝေး နည်းပေမယ့် အထက်ပါ အယူအဆမျိုးဖြင့် အလုပ်လုပ်တာ ဖြစ်ပါတယ်။

Image: Courtesy of Reheinmetall

၂၀၂၁ ခုနှစ်အတွင်း ဆွစ်ဇာလန်နိုင်ငံ Bure တွင် ပြသခဲ့သည့် Skyranger 30 ပေါ်တွင် အခြေခံထားသည့် ဒီ High Energy Laser (HEL) စနစ်ဟာ Oerlikon KCA 30 × 173 mm စက်အမြောက်ဘေးတွင် အတူတကွ တပ်ဆင်ထားပါတယ်။

အဆိုပါ ဆုံလည်နှင့် စက်အမြောက်ကို Saab 37 Viggen တိုက်လေယာဉ်အတွက် ဒီဇိုင်းဆွဲထားတာဖြစ်ပြီး 30 mm x 173 KCE အဖြစ် အဆင့်မြှင့်တင်ထားပါတယ်။

ရလဒ်အနေဖြင့် တမိနစ်လျှင် အတောင့် ၁,၂၀၀ လောက်အထိ ပစ်ခတ်နိုင်ပြီး ကွန်ပျူတာ ပရိုဂရမ်ဖြင့် ထိန်းချုပ်နိုင်ပါတယ်။

ဒီစနစ်ဟာ အလေးချိန် ၂.၅ တန်လောက်သာ ရှိတဲ့အတွက် 6×6 နှင့် ပိုမို ကြီးမားသည့် သံချပ်ကာယာဉ်ကြီးများတွင် တပ်ဆင်ကာ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒရုန်းများကို တားဆီးပေးနိုင်ပါတယ်။

လေဆာစနစ်ဟာ လုံလောက်မှု မရှိပါက အနိမ့်မှ ပျံသန်းလာသည့် ပစ်မှတ်များကို တာတိုပစ်ခွင်းနိုင်သည့် SHORAD ဒုံး ကျည်များ တပ်ဆင်ထားပါသေးတယ်။

စနစ်ဟာ ၂၀ ကီလိုမီတာ အတွင်း ၃၆၀ ဒီဂရီ လှည့်ပတ်ကာ ရေဒါ၊ ဗီဒီယိုကင်မရာများ၊ လေဆာအကွာအဝေးရှာ စနစ်များ၊ အနီအောက်ရောင်ခြည်သုံး ပစ်မှတ်ရှာ စနစ်များဖြင့် ရန်သူကို ရှာဖွေ တိုက်ခိုက်နိုင်ပါတယ်။

Image: Courtesy of Reheinmetall

လေဆာဟာ ၂၀ ကီလိုဝပ်ရှိသည့် အားဖြင့် ပစ်မှတ်အား အလိုအလျှောက် lock လုပ်ကာ အဆုံးသတ် ပေးနိုင်ပါတယ်။

Rheinmetall ဟာ HEL ၏ စွမ်းအင်ကို 50KW အထိ တိုးမြှင့်ဖို့ လုပ်ဆောင်ထားပြီး မကြာတော့တဲ့ အနာဂါတ် မှာတော့ 100KW အထိ ရှိလာမယ်လို့ ဆိုပါတယ်။

100KW အထိသာ အောင်မြင်ပါက Skyranger 30 HEL ဟာ ဝေးကွာတဲ့ ပစ်မှတ်တွေအထိ တိုက်ခိုက်နိုင်မှာ ဖြစ်ပြီး စွမ်း အင်ရှိနေသရွေ့ တချက်ပစ်လျှင် တဒေါ်လာ လောက်သာ ကုန်ကျမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.