မြင်ကွင်းကို မပိတ်ဆို့စေဘဲ နေရောင်ခြည်ကိုသာ ပိတ်ဆို့နိုင်တဲ့ စမတ် ပြတင်းပေါက် ကို တီထွင်လိုက်တဲ့အကြောင်း

Innovation Tech

NTU Singapore မှ သုတေသီတွေဟာ မြင်ကွင်းတွေကို ပိတ်ဆို့မှုမရှိ​စေဘဲ အပူထုတ်လွှင့်မှုကို ထိန်းချုပ်နိုင်တဲ့ ‘စမတ်’ ပြတင်းပေါက်ကို တီထွင်လိုက်ပြီပဲ ဖြစ်ပါတယ်။

ပြတင်းပေါက်တွေဟာ အဆောက်အဦးတွေရဲ့ စွမ်းအင်လိုအပ်ချက်တွေဖြစ်တဲ့ အပူပေးခြင်း နှင့် အအေးပေးခြင်းဆိုင်ရာ လိုအပ်ချက်တွေအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုရှိပါတယ်။

အဆိုပါ စမတ်ပြတင်းပေါက်တွေဟာ နေရောင်ခြည်အပူဒဏ်ကို တားဆီးနိုင်ပြီး ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါဟာ နေရဲ့ အပူဒဏ်ကို ပိတ်ပင်တာဖြစ်ပြီး ပြင်ပမြင်ကွင်းတွေကိုတော့ ပိတ်ပင်တာ မဟုတ်ပါဘူး။

ယခုအခါမှာတော့ စင်ကာပူနိုင်ငံ Nanyang Technological University (NTU Singapore) မှ သုတေသီအဖွဲ့တစ်ဖွဲ့ဟာ ဓာတ်ရောင်ခြည်များကို ပိတ်ဆို့ကာ မြင်ကွင်းများကို ပိတ်ဆို့ခြင်းမရှိသည့်အပြင် အပူထုတ်လွှင့်ခြင်းကိုပါ ထိန်းချုပ်နိုင်တဲ့ “စမတ်” ပြတင်းပေါက်ကို တီထွင်ခဲ့ပါတယ်။
အဆိုပါ ပစ္စည်းအသစ်ဟာ အဆောက်အဦးများကို အေးစေသည့်အပြင် အပူပေးရန်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ဖြတ်တောက်နိုင်ဖို့လည်း ကူညီပေးနိုင်ပါတယ်။

ခလုတ်ကိုနှိပ်လိုက်တာနဲ့ အထူးပြုလုပ်ထားတဲ့ electrochromic ပြတင်းပေါက်များအတွက် စွမ်းအင်ချွေတာတဲ့ပစ္စည်းအသစ်ဟာ အပူ ထုတ်လွှတ်တဲ့ နေရောင်ခြည်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ အနီအောက်ရောင်ခြည်ဖြာထွက်မှုကို တားဆီးနိုင်ဖို့ ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါတယ်။

Photo Courtesy of NTU Singapore

အဆိုပါ ပစ္စည်းမှာဆိုရင် တိုက်တေနီယမ်ဒိုင်အောက်ဆိုဒ် (TiO2)၊ တန်စတင်ထရိုင်အောက်ဆိုဒ် (WO3)၊ နီအိုဒီယမ်-နီအိုဘီယမ် (Nd-Nb) နှင့် သံဖြူ (IV) အောက်ဆိုဒ် (SnO2) ကဲ့သို့သော အဆင့်မြင့် ပစ္စည်းတွေရဲ့ အရောအနှောတွေ ပါဝင်ပါတယ်။ ​​

ပေါင်းစပ်ပစ္စည်းကို ပြတင်းပေါက်အကန့်များပေါ်တွင် ဖုံးအုပ်ထားပြီး လျှပ်စစ်ဓာတ်အားဖြင့် အသက်သွင်းလိုက်တဲ့အခါ အသုံးပြုသူများအနေနဲ့ ပြတင်းပေါက်မှတစ်ဆင့် ထုတ်လွှင့်တဲ့ အနီအောက်ရောင်ခြည်ကို ကာကွယ်ဖို့ ‘အဖွင့်အပိတ်’ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

အဆိုပါ တီထွင်မှုဟာ ပြတင်းပေါက်မှ မြင်ကွင်းများကို မဖုံးကွယ်စေဘဲအနီအောက်ရောင်ခြည်ရဲ့ 70% အထိ ပိတ်ဆို့နိုင်ကာ မြင်နိုင်တဲ့အလင်းရောင်ရဲ့ 90% အထိ ဖြတ်သွားနိုင်ပါတယ်။

၎င်းဟာ စီးပွားဖြစ်ရရှိနိုင်တဲ့ တခြားသော electrochromic ပြတင်းပေါက်များထက် အပူထိန်းညှိရာတွင် 30% ခန့် ပိုမိုထိရောက်ပြီးတာရှည်ခံမှုအပြင် ပြုလုပ်ဖို့ကလည်း စျေးသက်သာပါတယ်။

ရှိနှင့်ပြီးသား electrochromic အစိတ်အပိုင်းများရဲ့ စွမ်းဆောင်ရည်ဟာ သုံးနှစ်မှ ငါးနှစ်အတွင်း ကျဆင်းသွားတတ်ပါတယ်။ ဓာတ်ခွဲခန်းစမ်းသပ်မှုများအတွင်းမှာ NTU ရဲ့ electrochromicနည်းပညာဟာ ကြာရှည်စွာ အသုံးပြုနိုင်ဖို့ ပြင်းထန်တဲ့ အဖွင့်အပိတ်များပြုလုပ် စမ်းသပ်ခဲ့ပြီး ရလဒ်ကတော့ ပြတင်းပေါက်ရဲ့ ဂုဏ်သတ္တိ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်တာကို တွေ့ရပါတယ်။

ဒါ့အပြင် ၎င်းဟာ အနီအောက်ရောင်ခြည်ရဲ့ 65% ကျော်ကို ပိတ်ဆို့ထားနိုင်ပါတယ်။ ဒါဟာ သာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ဖြစ်နိုင်ချေကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ရေရှည်တည်တံ့တဲ့ အဆောက်အဦများအတွက် ရေရှည်အသုံးပြုနိုင်မည့် အလားအလာကောင်းဖြစ်ပြီး ကုန်ကျစရိတ်လည်း သက် သာစေမှာ ဖြစ်ပါတယ်။

Photo Courtesy of NTU Singapore

သုတေသန အဖွဲ့ရဲ့အဆိုအရ electrochromic နည်းပညာအသစ်ဟာ အဆောက်အဦးများရဲ့ အပူပေးခြင်းနှင့် အအေးပေးခြင်း အတွက် အသုံးပြုမည့် စွမ်းအင်ကို သက်သာစေပြီး ရေရှည်တည်တံ့တဲ့ အဆောက်အအုံများရဲ့ အနာဂတ်ဒီဇိုင်းအတွက် အထောက်အကူဖြစ်စေနိုင်တယ် ဟု ဆိုပါတယ်။

NTU အဖွဲ့ဟာ ၎င်းတို့ရဲ့ စမတ်ပြတင်းပေါက်နည်းပညာရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် ခလုတ်စနစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ခလုတ်မှာဆိုရင် ကာဗွန်အခြေခံ သံလိုက် အမှုန်များနှင့် အပူလျှပ်ကူးနိုင်အောင် ကောင်းမွန် ပါးလွှာတဲ့ ဖလင်များ ပါဝင်ပါတယ်။

ခလုတ်ကို ပိတ်ထားတဲ့အခါ အပူဟာ ပြတင်းပေါက်မှတဆင့် မလွှဲပြောင်းနိုင်ဘဲ၊ ဖွင့်ထားသည့်အခါမှသာ အပူဟာ မှန် ပြတင်းပေါက်မှ တဆင့် ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

“ကျွန်ုပ်တို့တီထွင်ခဲ့တဲ့ electrochromic ပစ္စည်းအသစ်နှင့် ပြတင်းပေါက်တွေကို ထိန်းချုပ်နိုင်တဲ့ ခလုတ် နှစ်မျိုးလုံးကို ပေါင်းစပ်ပြီး ထူးထူးခြားခြား ​စွမ်းရည်တွေရှိတဲ့ စမတ်ပြတင်းပေါက်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်” ဟု လေ့လာမှုရဲ့ဦးဆောင်စာရေးသူ Dr. Ronn Goei က ဆိုပါတယ်။

​နေမှ အနီအောက်ရောင်ခြည် ဖြာထွက်တဲ့ အပူဒဏ်ကို ထိန်းချုပ်နိုင်ပြီး ပြတင်းပေါက်မှ ဖြတ်သွားတဲ့ အပူများကို ထိန်းညှိပေးနိုင်တဲ့ အဆိုပါ စွမ်းရည်နဲ့နည်းပညာဟာ သမပိုင်းရာသီဥတုတွင် အထူးအသုံးဝင်မည်ဟု မျှော်လင့် ထားတယ်ဟု သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.