တကမ္ဘာလုံးဟာ ရုပ်ကြွင်းလောင်စာတွေကို အကြီးအကျယ် မှီခိုနေရတယ်ဆိုတာ ယူကရိန်း-ရုရှား အရေးတွင် နိုင်ငံတိုင်းလောက် သိသိသာသာ ခံစားရပြီး ဖြစ်ပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရုပ်ကြွင်းလောင်စာ ကဏ္ဍကို လျှော့ချနိုင်ဖို့ဟာ နိုင်ငံကြီးများ၏ မဟာဗျူဟာ အရ အရေးပါသလို ကမ္ဘာကြီးအတွက်လည်း အများကြီး အထောက်အကူပြုမှာပါ။
လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ ပေါများတဲ့ နိုင်ငံများရဲ့ လွှမ်းမိုးနိုင်မှု ပါဝါဟာ ဘတ္ထရီတွေ၊ လျှပ်စစ်ကားတွေ၊ ဆိုလာပြားတွေ၊ လေအားလျှပ်စစ်တာဘိုင်တွေ ထုတ်လုပ်နိုင်တဲ့ နိုင်ငံများဆီသို့ လွှဲပြောင်းပေးရတော့မှာကို အနာဂါတ်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။
အမေရိကန် NASA နှင့် ဂျပန်နိုင်ငံ၏ နာမည်ကြီး ကားကုမ္ပဏီ Nissan တို့ဟာ မကြာသေးမီကမှ ပူးပေါင်း ကြေငြာချက်တခု ထုတ်ပြန်ထားပါတယ်။
အဲဒါကတော့ solid-state ဘတ္ထရီများကို အဖွဲ့အစည်း နှစ်ခုက ပူးပေါင်း ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။

ယနေ့ အသုံးပြုနေသည့် ဘတ္ထရီများဟာ lithium-ion ဘတ္ထရီ အမျိုးအစားများ ဖြစ်ပြီး စမတ်ဖုန်းများမှသည် လျှပ်စစ် စွမ်း အင်သုံးကားများအထိ အသုံးပြုနေကြပါတယ်။
Solid-state ဘတ္ထရီများကတော့ ပိုမိုစွမ်းဆောင်ရည် ကောင်းမွန်စေပြီး အရင်းအမြစ် လိုအပ်ချက်များကို များစွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ဒါဟာ ဘတ္ထရီ နည်းပညာလောကကို တခေတ်ပြောင်းစေမှာ ဖြစ်ပြီး အနာဂါတ်မှာ ပိုမို အားကောင်းတဲ့ ဘတ္ထရီတွေကို မြင်လာရတော့မှာပါ။
Nissan နှင့် NASA တို့ ပူးပေါင်း ဆောင်ရွက်မှုဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကမ္ဘာကျော် ကွန်ပျူတာ ကုမ္ပဏီ IBM နှင့် Mercedes-Benz တို့ ပူးပေါင်း ခဲ့တာနဲ့ ခပ်ဆင်ဆင်ပါပဲ။
IBM ဟာ Mercedes ကုမ္ပဏီနှင့် ပူးပေါင်းပြီး ၎င်း၏ ကွန်ပျူတာ နည်းပညာမှ သမာရိုးကျနှင့် ကွမ်တမ် တွက်ချက်မှု စနစ်များကို အသုံးပြုပြီး solid-state ဘတ္ထရီများကို ဒီဇိုင်းဆွဲဖို့ လုပ်ဆောင်နေတာပါ။

ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များတွင် lithium-sulfur ဘတ္ထရီအမျိုးအစားများအတွက် မော်လီကျူ ဂုဏ်သတ္တိများကို သု တေသနပြုလုပ်လျှက် ရှိပါတယ်။
၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာတော့ IBM ဟာ ပင်လယ်ရေထဲမှ ရရှိသည့် ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် “Heavy-metal-free” ဘတ္ထရီ အမျိုးအစားကို ပြသခဲ့ပါတယ်။
Nissan နှင့် NASA ဟာလည်း အလားတူပင် ရှားပါး သတ္တုများဖြစ်သည့် ကိုဘော့၊ နီကယ် သို့မဟုတ် မဂ္ဂနိစ် များကို မမှီခိုသည့် ဘတ္ထရီများကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာပါ။
တကမ္ဘာလုံးအတွက် လိုအပ်သည့် ကိုဘော့ သတ္ထု၏ ထက်ဝက်ကျော်ကို ကွန်ဂို နိုင်ငံက တင်ပို့နေတာ ဖြစ်တယ်လို့ New York Times Daily ၏ podcast အစီအစဉ်တွင် ဖော်ပြဖူးပါတယ်။
ဒီလို သတ္ထုတွေကို အသုံးမပြုဘဲ တူညီသည့် စွမ်းဆောင်ရည် ရှိသည့် အစားထိုး သတ္ထုများကို ရှာဖွေဖို့ဟာ ရိုးရှင်းတဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။

၎င်းတို့အနေဖြင့် မူလ အသုံးပြုနေသည့် သတ္ထုများကို နမူနာယူကာ အခြား သတ္ထုများ ဘယ်လို တုန့်ပြန်မှုတွေ ရှိသလဲဆိုတာကို စူပါကွန်ပျူတာများကို အသုံးပြုပြီး ပုံဖော်ကြရပါတယ်။
Nissan ကတော့ ၎င်း၏ ပထမဆုံး solid-state ဘတ္ထရီများကို ၂၀၂၈ ခုနှစ်မှာ စတင် ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
၂၀၂၄ ခုနှစ် မှာတော့ ရှေ့ပြေး စမ်းသပ် စက်ရုံကို ဂျပန်နိုင်ငံအတွင်းမှာ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
Toyota ကားကုမ္ပဏီကတော့ Nissan ထက်ပင် ပိုပြီးစောကာ solid-state ဘတ္ထရီများကို ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပြီး ၂၀၂၅ ခုနှစ်တွင် ဈေးကွက်ထဲကို ရောက်ဖို့ လုပ်ဆောင်နေပါတယ်။
ကျွန်တော်တို့အနေဖြင့် solid-state ဘတ္ထရီတွေဟာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ အတိအကျ မသိရသေးပေမယ့် ဘတ္ထရီတွေရဲ့ စွမ်းဆောင်ရည်ကိုတော့ တခေတ်ပြောင်းပေးနိုင်ဖွယ် ရှိနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။