အာကာသအတွင်း ပစ်လွှတ်တဲ့ ဒုံးပျံတွေ မအောင်မြင် ရတဲ့ အကြောင်း

Knowledge Science

ယနေ့ အချိန်အထိ အာကာသထဲကို ပစ်လွှတ်တဲ့ ဒုံးပျံတွေဟာ မအောင်မြင်ဖို့ အလားအလာ အမြဲတမ်း ရှိနေတတ်ပါတယ်။

အမှားအယွင်းလေး တခုမှ စပြီး ဒုံးပျံ အာကာသအတွင်း ရောက်ရှိတဲ့ အထိ ရှည်လျားလှတဲ့ မစ်ရှင်ကြီး တခုလုံးကို ရပ်တန့် သွားစေနိုင်ပါတယ်။

အခုဖော်ပြပေးမှာ ကတော့ အချို့ ဒုံးပျံပစ်လွှတ်မှာတွေဟာ ဘာကြောင့် ဆိုးဆိုး ဝါးဝါး မအောင်မြင်တဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ရတာလဲ ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Liftoff အဆင့်

ဒုံးပျံများ ပစ်လွှတ်မှု မအောင်မြင်ရခြင်းရဲ့ အကြောင်းအရာ အများစုကတော့ ရှုပ်ထွေးလှတဲ့ ဒုံးပျံ တည်ဆောက်မှုမှာ လူက ပြုလုပ်ခဲ့တဲ့ အမှားတွေကြောင့် ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ရဲ့ အများစုဟာ ဒုံးပျံပစ်လွှတ်သည့် ပထမ အဆင့်ဖြစ်သည့် Liftoff ဆိုသည့် အဆင့်တွင် ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။

ဒီအဆင့်မှာ လောင်စာနှင့် တွန်းကန်ပစ္စည်များရဲ့ ပထမ အသုတ်ဟာ ရော့ကတ်အင်ဂျင်အတွင်းတွင် စတင်လောင်ကျွမ်းပြီး အလွန်တရာ များပြားလှတဲ့ ဓာတ်ငွေ့တွေကို ဒုံးပျံ၏ အိတ်ဇောမှ တဆင့် အရှိန် ပြင်းထန်စွာနဲ့ ထွက်လာစေပါတယ်။

ဒီဓာတ်ငွေ့တွေဟာ ဒုံးပျံကို ကောင်းကင်သို့ တက်နိုင်စေဖို့ ပုံမှန်လမ်းကြောင်း အတိုင်း အဆက်မပြတ် ထွက်လာနေရတာ ဖြစ်ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ဒုံးပျံတစင်း အာကာသထဲကိုပဲ ရောက်ရှိဖို့တောင် စွမ်းအင် မည်မျှ လိုအပ်မယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။

ရော့ကတ်အင်ဂျင်တွေရဲ့ အမြင့်ဆုံး ထွက်ရှိနိုင်တဲ့ စွမ်းအင် ပမာဏဟာ Hoover ဆည်ကြီး ၁၃ ခုစာ လောက်တောင် ရှိပါတယ်။

ဒီလို စွမ်းအင် ထွက်လာဖို့အတွက်ကို များပြားလှတဲ့ လောင်စာ ပမာဏ လိုအပ်တာ ဖြစ်တဲ့အတွက် ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်တဲ့ အင်ဂျင်ပျက်စီးမှုတွေ ဖြစ်လာပါတော့တယ်။

SpaceX ၏ ဆဌမမြောက် စမ်းသပ်မှုဖြစ်တဲ့ ၎င်း၏ SN4 ရော့ကတ်ရှေ့ပြေးပုံစံ စမ်းသပ်မှုမှာ အသုံးပြုထားတဲ့ Raptor အင်ဂျင်မှ မီးလုံးများ ထွက်လာပြီး ပေါက်ကွဲခဲ့ပါတယ်။

ကံကောင်းတာက လူလိုက်ပါခြင်း မရှိတဲ့ စမ်းသပ်မှုတခု ဖြစ်တဲ့အတွက် ဒီ မတော်တဆ ဖြစ်စဉ်အတွင်းမှာ မည်သူ တဦး တယောက်မှ ထိခိုက်ခြင်း မရှိခဲ့ပါဘူး။

VLS-1 ဒုံးပျံ ပစ်လွှတ်အပြီး Image Courtesy of Wiki Commons (CC BY 3.0)

ဒါဟာ အမြဲတော့ ကံမကောင်းနိုင်ပါဘူး။ Liftoff အဆင့်မှာ မအောင်မြင်ခဲ့ပါက လိုက်ပါသူ နှင့် မြေပြင်ပေါ်ရှိသူ မည်သူမဆို သားကောင် ဖြစ်သွားနိုင်ပါတယ်။

၂၀၀၃ ခုနှစ်အတွင်းမှာ ဘရာဇီးနိုင်ငံရဲ့ VLS-1 ဒုံးပျံ ပစ်လွှတ်စဉ်မှာ အထက်ပါ အကြောင်းအရာလို ဝမ်းနည်းစရာ အဖြစ်အပျက်တွေ ဖြစ်ခဲ့ရပါတယ်။

အကြောင်းကတော့ ဒုံးပျံကို မပစ်လွှတ်ခင်မှာ ရော့ကတ်အင်ဂျင် အတွက် လောင်စာတွေဟာ အဆင်သင့် မဖြစ်သေးဘဲ လောင်ကျွမ်းမှု စတင်ခဲ့ပါတယ်။

အဲဒီ့နောက် ပစ်လွှတ်စင် နေရာမှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက်မှာ ပစ်လွှတ်စင် အနီးရှိ နည်းပညာရှင် ၂၁ ကို ဆုံးရှုံး ခဲ့ရပြီး VLS-1 ဂြိုဟ်တုကို လွှတ်တင်ဖို့ အစီအစဉ်လည်း ပျက်စီးခဲ့ရပါတယ်။

Liftoff အဆင့် အလွန်

Liftoff အဆင့်မှာ အောင်မြင်ခဲ့ပြီး ဒုံးပျံဟာ လေထဲသို့ ရောက်ရှိ သွားခဲ့ရင်တောင်မှ နောက်ထက် ပျက်စီးနိုင်တဲ့ အလားအလာတွေ ရှိနေပါသေးတယ်။

Challenger တွင် လိုက်ပါခဲ့သည့် အဖွဲ့သားများ Image: Courtesy of Wiki Commons

လွှတ်တင်ပြီး မကြာခင် မအောင်မြင်ခဲ့တဲ့ မတော်တဆ ဖြစ်စဉ်တခုကတော့ ၁၉၈၆ ခုနှစ်က Challenger ဒုံးပျံ ဖြစ်စဉ်ဖြစ်ပြီး ပစ်လွှတ်ပြီး ၇၃ စက္ကန့်အကြာမှာ လေထဲတွင် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး NASA မှ အဖွဲ့ဝင် ၇ ဦး ဆုံးရှုံးခဲ့ရပါတယ်။

အတ္တလန္တိတ် သမုဒ္ဒရာအတွင်းမှာ ကျရောက်ခဲ့တဲ့ အပျက်အစီးများကို ကောက်ယူစုဆောင်းပြီး ဖြစ်ခဲ့ရတဲ့ ပြသနာကို အဖြေရှာကြည့်ရာ လွှတ်တင်စဉ်မှာ လိုအပ်သည့် အပူချိန်ထက် နည်းနေတာကို တွေ့ရှိရပါတယ်။

အဲဒီ့နောက် Challenger ရဲ့ ညာဘက် လောင်စာခဲအကန့်တွေကို ပိတ်ပေးထားတဲ့ O-ring လို့ခေါ်တဲ့ seal ဟာ ပြုတ်သွားပြီး အခြားကပ်လျက်ရှိတဲ့ လောင်စာခန်းများကိုပါ သွားရောက် လောင်ကျွမ်းကာ လောင်စာကန်၏ တည်ဆောက်ပုံ ပျက်စီးသွားပြီးနောက် ဒုံးပျံတခုလုံး မီးဟုန်းဟုန်း တောက်သွားစေပါတော့တယ်။

ဒုံးပျံ လွှတ်တင်မှုတွေရဲ့ အောင်မြင်မှု မအောင်မြင်မှု အလားအလာ

၂၀၂၁ ခုနှစ်အတွင်းမှာ အာကာသအတွင်း ပစ်လွှတ်မှုပေါင်း ၁၃၁ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီ့အထဲမှ ၈ ခုဟာ မအောင်မြင်ခဲ့တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၆ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုနိုင်ပါတယ်။

NASA အနေဖြင့် အာကာတွင်း ပစ်လွှတ်မှုများနှင့် ၎င်း၏ အာကာသယာဉ်မှူးများ အန္တရာယ်ကင်း လုံခြုံစေဖို့အတွက် ရော့ကတ်အတွင်း ရှုပ်ထွေးတဲ့ ပစ္စည်းအသစ်တွေ အသုံးပြုကာ လွှတ်တင်ချိန်နှင့် ပျံသန်းချိန်အတွင်း ဖြစ်လာတဲ့ အားတွေနှင့် အရေးကြီးတဲ့ အခြေအနေကို ခံနိုင်မှုရှိအောင် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘေးကင်းလုံခြုံစေဖို့ အာမခံမှု မပေးနိုင်ခဲ့ဘဲ ယနေ့အထိ NASA, ESA, CSA, or JAXA မှ အသိအမှတ်ပြု အာကာသယာဉ်မှူး ၂၄ ယောက်နှင့် ရုရှား အာကာသ အေဂျင်စီ အသိအမှတ်ပြု အာကာသယာဉ်မှူး ၆ ယောက်အထိ ဆုံးရှုူံးခဲ့ပြီး ဖြစ်ပါတယ်။

SpaceX ၏ ဒုံးပျံ စမ်းသပ်ရာနေရာ တခု

ဒုံးပျံလွှတ်တင်ခြင်း၏ အောင်မြင်မှုနှင့် မအောင်မြင်မှုဟာ အလွန်ကို ပါးလျပြီး အခြေအနေဟာ အမြဲတမ်း ပြောင်းပြန်အနေအထားကို ချက်ချင်း ဖြစ်သွားနိုင်ချေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒုံးပျံ လွှတ်တင်တဲ့ မစ်ရှင်တခု အောင်မြင်လို့ ထခုန်ပြီး ပျော်ရွှင်ကြတာကို ယခင်က ခံစားလို့ မရရင် အခု အကြောင်းအရာများကို ဖတ်ရှူပြီး တမျိုးတဖုံး ပြောင်းလဲ လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.