အဆိုပါ အံ့သြဖွယ် လှိုဏ်ဂူကြီးထဲမှာ ဆိုရင် စိတ်ဝင်စားစရာ ကောင်းတဲ့ ဂေဟစနစ် တစ်ခု ရှိနေတာကို တွေ့ရပါတယ်။
ဗီယက်နမ်ရှိ Son Doong လှိုဏ်ဂူကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး လှိုဏ်ဂူ တစ်ခု ဖြစ်ပါတယ်။
အဆိုပါ ကြီးမားပြီး အနုစိတ်တဲ့ လှိုဏ်ဂူစနစ်ဟာ အထက်မိုးသစ်တောမှ ဆင်းသက်လာသော ရေများ တိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာပြီး အလွန်အံ့ဩဖွယ် ကောင်းလောက်အောင် လှပပါတယ်။
လှိုဏ်ဂူအတွင်း မြေပြင်အောက် မီတာ ၂၀၀ အကွာမှာ ပေါက်ရောက်နေတဲ့ တောအုပ်တစ်ခု တည်ရှိပြီး ဂူခေါင်မိုး ပြိုကျထားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

အန္တရာယ်များတဲ့ လမ်းကြောင်းများစွာ ရှိပြီး စွဲမက်ဖွယ်ကောင်းတဲ့ လှိုင်ဂူကြီး အတွင်းပိုင်းဟာ ပေါက်ရောက်နေတဲ့ မိုးသစ်တောအတွက် နေရာတစ်နေရာလို ဖြစ်နေပါတယ်။
ယနေ့အထိ စူးစမ်းလေ့လာသူများနှင့် စွန့်စား ခရီးသွား ဧည့်သည်တွေကတော့ အဆိုပါ လှိုင်ဂူကြီးကို မျက်စိကျနေကြပါတယ်။
မတော်တဆတွေ့ရှိမှု
ဗီယက်နမ်နိုင်ငံမှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Phong Nha-Ke Bang အမျိုးသားဥယျာဥ်အတွင်း တည်ရှိတဲ့ အဆိုပါ လှိုင်ဂူကြီးကို လွန်ခဲ့တဲ့ဆယ်စုနှစ် ၃ ခုလောက်က ဒေသခံလယ်သမားတစ်ဦးမှ မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်တုန်းက Ho Khanh ဆိုတဲ့ ဒေသခံ လယ်သမားတစ်ဦးဟာ တောတွင်း မုန်တိုင်းဒဏ်မှ ခိုလှုံရန် ရှာဖွေရင်း နှစ်သန်းပေါင်း ၃ သန်းသက်တမ်းရှိ သဘာဝ အံ့သြဖွယ်လှိုင်ဂူကြီးကို တွေ့ရှိခဲ့ကြီး ဗြိတိသျှသုတေသနအဖွဲ့သို့ သတင်းပို့ခဲ့ပါတယ်။

သို့သော်လည်း ကံမကောင်းစွာနဲ့ Khanh ဟာ ဂူရဲ့ တည်နေရာ အတိအကျ လမ်းကြောင်းကို ပျောက်ဆုံးသွားခဲ့ပြီး Son Doong လှိုဏ်ဂူကြီးကို ပြန်လည် ရှာဖွေတွေ့ရှိဖို့ နောက်ထပ် ဆယ်စုနှစ် ၂ ခုနီးပါး ပြန်လည်အချိန်ယူခဲ့ရပါတယ်။
ကံကောင်းစွာနဲ့ပဲ၂၀၀၈ ခုနှစ်မှာ Khanhဟာ အဆိုပါ လှိုဏ်ဂူကြီးကို နောက်တစ်ကြိမ် ထပ်မံတွေ့ရှိခဲ့ပါတယ်။
ကျွမ်းကျင်သူတွေက နောက်ဆုံးမှာ စူးစမ်း လေ့လာခဲ့ကြပြီး Son Doong ကို ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
မိုးသစ်တောပေါက်ရောက်နေတဲ့ လှိုင်ဂူကြီးရဲ့ အတွင်းပိုင်း
Son Doong လှိုင်ဂူကြီးရဲ့ ကြီးမားမှုကြောင့် အတွင်းပိုင်းမှာဆိုရင် စွဲမက်ဖွယ် ကောင်းတဲ့ ဂေဟစနစ် တစ်ခုကို တည်ဆောက်ထားပါတယ်။

ဂူကြီးရဲ့အတွင်းပိုင်းမှာဆိုရင် ဒေသန္တရ မိုးလေဝသစနစ် ပါရှိရုံသာမက၊ “ခွေးလက်များ” ဟု နာမည်ပြောင်ပေးထားသည့် ကြီးမားတဲ့ ကျောက်စက်ပန်းဆွဲတွေ၊ ကျောက်စက်မိုးမျှော်တွေကိုပါ တွေ့ရှိရပြီး ရှားပါးထုံးကျောက်များဖြင့် သဘာဝအလျှောက် ထုဆစ်ထားတဲ့ လှိုင်ဂူကြီးလည်းဖြစ်ပါတယ်။
ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက လှိုဏ်ဂူစနစ်မှာဆိုရင် Edam garden လို့ အမည်ပေးထားတဲ့ ကိုယ်ပိုင် မိုးသစ်တောရှိပါတယ်။
အချိန်ကြာလာတာနှင့်အမျှ၊ ပြိုကျနေတဲ့ မျက်နှာကျက်တွေဟာ အခေါင်းပေါက်တွေ ဖြစ်ပေါ်လာကာ အတွင်းပိုင်းမှာ စိမ်းလန်းစိုပြေတဲ့ သစ်ပင်များကို ပေါက်ရောက်စေပြီး သွားလာရ ခက်ခဲတဲ့ တောအုပ်တစ်ခုကို ဖန်တီးဖြစ်ပေါ်လာစေပါတယ်။
Son Doong ရဲ့ မိုးသစ်တောမှာဆိုရင် ရှားပါး သစ်ပင်တွေ ပေါက်ရောက် နေတာကို တွေ့ရပါတယ်။

သာယာတဲ့ နေ့ရက်တွေမှာဆိုရင် နေရောင်ခြည်ဟာ အခေါင်းပေါက်တွေ ကနေ တစ်ဆင့် ဂူအတွင်းကို ကျရောက်နေပြီး “ဒိုင်နိုဆောများကို သတိထားပါ” ဟုအမည်ပေးထားတဲ့ ဂူရဲ့ အောက်ခြေရှိ ရေညှိတွေတက်နေပြီး စိမ်းညှို့နေတဲ့ မျက်နှာပြင်ကို လင်းထိန်နေစေပါတယ်။
၂၀၁၂ ခုနှစ်မှစတင်ပြီး Oxalis ဟုခေါ်တဲ့ ခရီးသွားကုမ္ပဏီတစ်ခုဟာ Son Doong သို့ ငါးရက်တာ ခရီးအတွက် တစ်နှစ်ကို ခရီးသွား အရေအတွက် တင်းကျပ်စွာဖြင့် လက်ခံလာခဲ့တာကို တွေ့ရပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။