တောင်နှင့် မြောက်ကိုရီးယား ၂ နိုင်ငံအကြားရှိ ၂၅၀ ကီလိုမီတာလောက် အရှည်ရှိပြီး ၄ ကီလိုမီတာလောက် အကျယ်ရှိတဲ့ စစ်မဲ့ဇုံဟာ ကမ္ဘာပေါ်ရှိ မည်သည့်နေရာထက် မဆို စောင့်ကြည့်အခံရဆုံး နေရာတခုလို့ ပြောလို့ရပါတယ်။
ကိုရီးယားစစ်ပွဲပြီး နောက်ပိုင်း ၂ နိုင်ငံအကြားမှာ ကမ္ဘာပေါ်တွင် အခိုင်မာဆုံး လို့ ပြောနိုင်လောက်တဲ့ ကာကွယ်မှုများ တပ်ဆင်ထားကြပြီး အလွန်ကို တင်းကြပ်ထားတဲ့ နေရာတခုပါ။
ကိုရီးယား ၂ နိုင်ငံ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ၂၅ နှစ်ကြာပြီး နောက်ပိုင်း အတွင်း ထိုနေရာ တဝိုက်မှာ ကျူးကျော် ဝင်ရောက်မှု ပေါင်း အကြိမ် ၂၀၀ လောက်အထိ ဖြစ်ပွားခဲ့ပါတယ်.
မိုဘိုင်းဖုန်းများနှင့် အီလက်ထရောနစ် ထုတ်ကုန်များကြောင့် ကမ္ဘာကျော်တဲ့ Samsung ကုမ္ပဏီ ဟာ ဒီကဏ္ဍမှာ ဝင်ရောက် လာခဲ့ပါတယ်။
Samsung တွင် အာကာသဆိုင်ရာ ဌာနခွဲတခုရှိတဲ့အပြင် ချည်မျှင်များ၊ ဓာတု ပစ္စည်းများနှင့် လျှို့ဝှက်ကုတ်ကို မဖော်ပြနိုင်ပါက သုတ်သင်ပစ်နိုင်မယ့် အလိုအလျှောက် အစောင့် စက်အမြောက်တွေတောင် ရှိပါတယ်။

အဲဒါကတော့ Samsung SGR-A1 ပဲ ဖြစ်ပါတယ်။
ဒီ ကာကွယ်ရေး စနစ်ဟာ အလွန် အဆင့်မြင့်ပြီး ၎င်းမျိုးဆက်၏ ပထမဆုံးသော အမျိုးအစားဖြစ်ကာ စောင့်ကြည့်ခြင်း၊ ခြေရာခံခြင်း၊ ပစ်ခတ်ခြင်းနှင့် အသံဖြင့် အသိအမှတ်ပြုခြင်း စသည့် နည်းပညာများကို အသုံးပြုထားပါတယ်။
အခြား အစောင့် စက်ရုပ်လက်နက် စနစ်များ မည်သည့် နေရာတွင် ဖြန့်ကျက် တီထွင် ထားသည် ဖြစ်စေ ယခု လက်နက် ကတော့ လုံးဝ ကြီးကျယ်သည့် အဆင့် တခု ဖြစ်ပါတယ်။
ကိုရီးယား ကျွန်းဆွယ်နိုင်ငံများမှာ လက်နက်စမ်းသပ်မှုတွေကို အမြဲတမ်း ပြုလုပ်နေပြီး ၎င်းတို့ဟာ မကြာခင်ဖြစ်စေ၊ နောင်တချိန်တွင်ဖြစ်စေ အသုံးပြုနိုင်ဖို့ အမြဲ အဆင်သင့် ဖြစ်နေရမည် ဖြစ်သဖြင့် အမှားအယွင်းဆိုတာ လုံးဝ ရှိလို့မရပါဘူး။
ဒါ့ကြောင့် အစောင့် စက်ရုပ် လက်နက် စနစ်တိုင်းတွင် လေဆာ အကွာအဝေး ရှာဖွေ စနစ်၊ အပူ ပုံရိပ်ဖော် ကင်မရာ၊ အနီ အောက်ရောင်ခြည် အလင်းပြကိရိယာ၊ ကျည် ၁ ထောင်ပါ K3 LMG စက်ကလေးတလက် နှင့် Mikor MGL ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာတို့ကို တပ်ဆင်ထားပါတယ်။

စစ်မဲ့ဇုံ တဝိုက်မှာ ဒီလိုလက်နက်မျိုးကို ယခုအခါ ချထားပြီး လက်နက်စနစ် အလုပ်လုပ်နိုင်ဖို့ လူတယောက် တကယ်ပဲ လိုသလား မလိုဘူးလားဆိုတာကတော့ အငြင်းပွားဖွယ်တော့ ရှိနေပါတယ်။
ဒီ စနစ်ဟာ အဲဒီ့ ဧရိယာအတွင်း အခွင့် မရှိဘဲ ဝင်လာသူ တယောက်ကို အလိုအလျှောက်အနေဖြင့် ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
သင်ဟာ စစ်မဲ့ဇုံ အတွင်းမှာ မည်သည့် အကြောင်းပြချက်နှင့် မဆို ဖြတ်သန်း သွားလာပါက စက်ရုပ်ကတော့ ရန်သူလို့ သတ် မှတ်မှာ ဖြစ်ပြီး သင့်အနေဖြင့် သွားလာမှုကို ရပ်ကို ရပ်ရမှာ ဖြစ်ပါတယ်။
“လူသား စစ်သည်များဟာ အချိန်ကြာလာသည်နှင့် အမျှ အာရုံစူးစိုက်မှု လျော့ကျတတ်တာ သို့မဟုတ် အိပ်ပျော်သွားတာမျိုး အလွယ်တကူ ဖြစ်နိုင်ပါတယ်” လို့ Samsung Techwin ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Huh Kwang-hak က Stars and Stripes မီဒီယာသို့ ပြောပြခဲ့ပါတယ်။

အခန်းထဲက မထွက်ဘဲ ပျင်းရိနေတဲ့ လူတွေလို မဟုတ်ဘဲ စစ်ရုပ်များကတော့ အလိုအလျှောက် စောင့်ကြည့်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းတို့ အနေဖြင့် ရှေ့တန်းမှာ လူသားတွေလို ကြောက်ရွံ့မှုလည်း ရှိမှာ မဟုတ်ပါဘူး။
SGR-A1 စနစ်ကို Samsung ဟာ ၂၀၀၃ ခုနှစ်မှာ တောင်ကိုရီးယား အစိုးရ၏ အစောပိုင်း ရင်းနှီးမြှုပ်နှံ မှုနှင့်အတူ စီမံကိန်းကို စတင်ခဲ့ပြီး ကိုရီးယား တက္ကသိုလ်၊ Hanwha Techwin တို့အပါအဝင် အဖွဲ့အစည်း ၄ ခုက ဦးဆောင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ရှေ့ပြေးပုံစံကို ၂၀၀၆ ခုနှစ်မှာ စတင် ထုတ်လုပ်နိုင်ခဲ့ပြီး စစ်မဲ့ဇုံအတွင်းတွင် စစ်သည်များအစား “ပြီးပြည့်စုံတဲ့ စောင့်ရှောက်မှု စစ်ဆင်ရေး” များတွင် အသုံးပြုနိုင်ရန်အတွက် ဒီဇိုင်းဆွဲခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။