ဟာသမဟုတ်တဲ့ အာကာသ တပ်ဖွဲ့အကြောင်း

Knowledge Military

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ အမေရိကန်၏ အာကာသ တပ်ဖွဲ့ရဲ့ သက်တမ်းဟာ ယခုဆိုရင် ၂ နှစ်တာ ကာလကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန် အာကာသ တပ်ဖွဲ့ဟာ ခေတ်သစ် ကမ္ဘာမှာ တကယ်ကို အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာပါ။

၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန် သမ္မတဟောင်းဖြစ်တဲ့ ဒေါ်နယ် ထရမ်ဟာ အာကာသတပ်ဖွဲ့၏ ဘက်တံဆိပ်ကို ပထမဆုံး ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီတပ်ဖွဲ့ဟာ အဓိကအားဖြင့် အာကာသအတွင်းရှိ အမေရိကန်တို့ ပိုင်ဆိုင်တဲ့ အရာများကို ကာကွယ်ဖို့ရာအတွက် စစ်သည်များကို လေ့ကျင့် တပ်ဆင်ပေးရတဲ့ စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။

အာကာသနှင့် ဆိုင်တဲ့ စစ်ရေး နှင့် စီးပွားရေးတွေဟာ ပိုမို အရေးပါလာတဲ့ အလျောက် USSF (U.S. Space Force) လို့ခေါ်တဲ့ အာကာသ တပ်ဖွဲ့၏ အရေးပါမှုဟာလည်း တိုးမြင့်လာဖွယ် ရှိနေပါတယ်။

ဒါပေမယ့် အင်တာနက်ပေါ်တွင် ရှာဖွေလိုက်ပါက လူအများစုအတွက် “အာကာသ တပ်ဖွဲ့’ ဆိုတာ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့တခုထက် ဟာသတွေက ပိုမို များနေတာကို တွေ့ရမှာပါ။

တချို့ သိပ္ပံ ဇာတ်ကားတွေကြောင့် အာကာသ တပ်ဖွဲ့ဆိုတာကို မထူးဆန်းသလို ဟာသဆန်ဆန် သဘောလို့ မြင်ကြပြီး ဒါကို အလေးအနက်ထားတဲ့လူ အနည်းငယ်သာ ရှိပါတယ်။

အာကာသ သိပ္ပံဇာတ်ကားတွေဖြစ်တဲ့ “Star Trek”၊ “Star Wars”၊ “Guardians of the Galaxy” နှင့် “Starship Troopers” လို ဇာတ်ကားတွေ ကြည့်ဖူးတဲ့ သူတွေအတွက် အာကာသ တပ်ဖွဲ့ဆိုတာ မြင်ဖူးတယ်လို့ ထင်ကြမှာပါ။

Advanced Extremely High-Frequency (AEHF) system Image: Courtesy of Airforce-technology

ဒါပေမယ့် သိပ္ပံ စိတ်ကူးယဉ် ဇာတ်ကားများဟာ တကယ် လက်တွေ့ ဘဝနှင့် ကွာခြားနေပြီး အခုမှ စတင်လာတဲ့ အာကာသ တပ်ဖွဲ့ရဲ့ သ ဘော သဘာဝ နှင့် မတူညီပါဘူး။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် လုံခြုံရေး တို့နှင့် သက်ဆိုင်သည့် ဂြိုဟ်တုများ နှင့် အာကာသ အမှိုက်သရိုက် အပိုင်းအစများကို စောင့်ကြည့်ခြင်းနှင့် ခြေရာကောက်ခြင်းကဲ့သို့ စစ်ဆင်ရေးများဟာ လူတွေအတွက် “Star Wars” လောက် စိတ်ဝင်စားစရာ မကောင်းလှပါဘူး။

လူတော်တော်များများဟာ အာကာသ တပ်ဖွဲ့ဆိုတာနဲ့ အာကာသထဲမှာ ယာဉ်ပျံများနှင့် အပြန်အလှန် တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ကြီးကိုပဲ ပြေးမြင်ကြမှာပါ။

ဒါတွေဟာ စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်းတွေရဲ့ လူတွေရဲ့ အမြင်အပေါ် နှစ်ကာလ ကြာရှည်စွာ ရိုက်သွင်းခဲ့တဲ့ အရိုးစွဲနေတဲ့ အယူအဆကြီး ဖြစ်နေလို့ပါ။

အာကာသ တပ်ဖွဲ့ လုပ်ဆောင်ပုံက ဘယ်လိုမျိုးလဲ

ဥပမာများ အနေဖြင့် ၂၀၂၀ မတ်လ ၂၆ ရက်နေ့မှာတော့ အာကာသ တပ်ဖွဲ့ဟာ ပထမဆုံး အမျိုးသား လုံခြုံရေး အာကာသ လွှတ်တင်မှု လို့ ခေါ်ဆို နိုင်မည့် Lockheed Martin မှ တည်ဆောက်ထားသည့် လှိုင်းများကို ဖိဖျက်တိုက်ခိုက်မှုမှ ခံနိုင်ရည်ရှိသည့် AEHF-6 ဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့ပါတယ်။

၂၀၂၀ မေလ ၁၇ ရက်နေ့မှာတော့ အာကာသတပ်ဖွဲ့ဟာ လျှို့ဝှက်ထားသည့် X-37B အာကာသသွား ယာဉ်ပျံကို ကမ္ဘာ့ပတ်လမ်းထဲသို့ လွှတ်တင်ခဲ့ပါတယ်။

X-37

၎င်းဟာ အစေ့များအပေါ် ဓာတ်ရောင်ခြည် သက်ရောက်မှုများ နှင့် နေရောင်ခြည်စွမ်းအင်ကို ရေဒီယိုလှိုင်းများဖြင့် ကမ္ဘာ့ မျက်နှာပြင်သို့ ထုတ်လွှင့်နိုင်ခြင်းရှိမရှိ စသည့် NASA နှင့် အမေရိကန် စစ်တပ်တို့အတွက် စမ်းသပ်မှုများကို ပြုလုပ်ဖို့ရာ ဖြစ်ပါတယ်။

အလားတူ အချိန်မှာပဲ SpaceX ဟာ ၂၀၂၀ အတွင်းမှာ စတင်လည်ပတ်နေပြီဖြစ်တဲ့ ပထမဆုံး GPS III မျိုးဆက် ဂြိုဟ်တုများကို လွှတ်တင်နိုင်ဖို့ အာကာသ တပ်ဖွဲ့ကို ကူညီပေးခဲ့ပါတယ်။

အထက်ပါ မစ်ရှင်များကဲ့သို့ ကိစ္စ မျိုးတွေကို အာကာသ တပ်ဖွဲ့ဟာ အဓိကလုပ်ဆောင်နေပြီး တရုတ်၊ ရုရှားတို့မှ အမေရိကန် ဂြိုဟ်တုများ အပေါ် တိုက်ခိုက်နိုင်သည့် အန္တရာယ်၊ ၎င်းနိုင်ငံများအပါအဝင် အခြား နိုင်ငံများ၏ ဂြိုဟ်တုဖျက် လက်နက် စမ်းသပ်မှုများမှ ထွက်ပေါ်လာသည့် အပိုင်းအစများကို စောင့်ကြည့် ရသည့် တာဝန်များကိုလည်း လုပ်ဆောင်နေပါတယ်။

X-37B ပတ်လမ်းထဲတွင် အလုပ်လုပ်နေပုံ

လက်ရှိမှာလည်း တရုတ်နှင့် ရုရှား တို့က အမေရိကန် ဂြိုဟ်တုများကို အမြဲလိုလို တိုက်ခိုက်နေကြောင်းကို “အမေရိကန် ဂြိုဟ်တုများကို တရုတ်နှင့် ရုရှားက အမြဲ လိုလို တိုက်ခိုက်နေတဲ့ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိ အာကာသ တပ်ဖွဲ့၏ လုပ်ငန်းများဟာ အာကာသအတွင်းရှိ ပိုင်ဆိုင်ထားတဲ့ ဂြိုဟ်တုများကို ကာကွယ်ဖို့ရာ အဓိက ဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံအတော်များများမှလည်း အလားတူ တပ်ဖွဲ့များ ဖွဲ့စည်း လာဖို့ရှိပါတယ်။

ကျွန်တော်တို့ ဇာတ်လမ်းတွေထဲမှာ မြင်ဖူး တွေ့ဖူးတဲ့ အာကာသ တပ်ဖွဲ့များလို အာကာသ အတွင်းမှာ တိုက်ပွဲတွေ ဆင်နွဲကြဖို့ ကတော့ ဖြစ်လာမှာ မဟုတ်လောက် သေးပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.