ကမ္ဘာပေါ်တွင် မြွေဟောက် မျိုးစိတ် များစွာ ရှိသည့် အထဲမှ အဆိပ်ဖြင့် မှုတ်ပြီး တိုက်ခိုက်တတ်သည့် မြွေဟောက် အမျိုးအစား အများ အပြားရှိပါတယ်။
Natural History Museum Channel ၏ အဆိုအရ အာဖရိကတွင် အဆိပ်မှုတ်တတ်သည့် မြွေဟောက် ၇ မျိုးနှင့် အာရှတွင် ၇ မျိုး ရှိသည် ဟု သိရပါတယ်။
အဆိပ်ဖြင့် မှုတ်ခြင်းဟာ ၎င်းတို့၏ ပုံမှန် ကာကွယ်တတ်မှု ပုံစံ ဖြစ်သော်လည်း ကိုက်ခြင်းဖြင့်လည်း အဆိပ်ဖြင့် တိုက်ခိုက်နိုင်ကြပါတယ်။

မြန်မာနိုင်ငံတွင် Mandalay spitting cobra (Naja mandalayensis) ဟာ အဆိပ်မှုတ်နိုင်သည့် မြွေဟောက်အဖြစ် အထူး ထင်ရှားပါတယ်။
မန္တလေး အဆိပ်မှုတ် မြွေဟောက်များကို ခြောက်သွေ့သည့် အလယ်ပိုင်းဒေသများဖြစ်သော မန္တလေး၊ မကွေး နှင့် စစ်ကိုင်း တိုင်းတို့တွင် တွေ့ရှိရတတ်ပါတယ်။
Mandalay spitting cobra မြွေဟောက်ကို ၂၀၀၀ ခုနှစ်တွင် တွားသွားနှင့် ကုန်းနေရေနေ သတ္တဝါ ပညာရှင်များဖြစ်တဲ့ Wolfgang Wüster နှင့် Joseph Bruno Slowinski တို့က ပထမဆုံး ဖော်ထုတ်ခဲ့ကြောင်း Wikipedia တွင် ဖော်ပြထားပါတယ်။
၎င်းတို့ဟာ အလွန်တိကျစွာ အဆိပ်ဖြင့် တိုက်ခိုက်နိုင်ပြီး ၂ ပေအကွာမှ ပစ်မှတ်ကို ၁၀၀ ရာခိုင်နှုန်း မလွဲအောင် ထိတွေ့စေနိုင်ကြောင်း လေ့လာမှုများက ပြသနေပါတယ်။
တကယ်တော့ အဆိပ်မှုတ်တတ်တဲ့ မြွေဟောက်များဟာ အဆိပ်ကို လေမှုတ်သလို မှုတ်ထုတ်တာ မဟုတ်ပါဘူး။
သုတေသန တခုမှ အဆိပ်မှုတ်တတ်တဲ့ မြွေဟောက်တွေဟာ အဆိပ်တွေကို လေမှုတ်ထုတ်သလို မျိုး မှုတ်ထုတ်တာ မဟုတ်ကြောင်း သက် သေပြနိုင်ပြီး ဖြစ်ပါတယ်။
မန်ဆာချူးဆက် တက္ကသိုလ်မှ သုတေသီတယောက်ဖြစ်တဲ့ Burce Young ၏ အဆိုအရ မြွေဟောက်များဟာ ကြွက်သားများကို ဖျစ်ညှစ်ပြီး အဆိပ်ဂလင်းကို ညှစ်ထုတ်ကာ အစွယ်မှ အဆိပ်ရည်များကို ထွက်လာအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြွက်သားများဟာ အဆိပ်ကို ၆ ပေ (၂ မီတာ နီးပါး) အထိ ထုတ်လွှတ်ဖို့ လုံလောက်သည့် ဖိအားကို ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။
မှုတ်ထုတ်သည့် အရှိန်ဟာ အနီးကပ်ရှိနေသည့် လူတယောက်အတွက် ရှောင်တိမ်းဖို့ မလွယ်ကူတဲ့ အနေအထားမှာ ရှိပါတယ်။
အဆိပ်ကို ထိရောက်စေဖို့ အာရုံကြောကို ထိခိုက်စေသည့် neurotoxic အမျိုးအစား အဆိပ်နှင့် တစ်သျှူးများကို တိုက်ခိုက်သည့် အဆိပ်ဟာ တိုက်ခိုက်ခံရသူ၏ မျက်လုံးကို ဦးတည်လေ့ရှိပြီး ပြင်းထန်သည့် ခံစားရမှုနှင့် အမြင်အာရုံ ဆုံးရှုံးမှုများကို ဖြစ်စေပါတယ်။
၂၀၀၅ ခုနှစ် ဥရောပမှ လေ့လာမှု တခုအရ မြွေဟောက်များဟာ မျက်လုံးကို ရည်ရွယ်ပြီး မှုတ်ထုတ်သည့်အခါ စပရေး ဖြန်းလိုက် သလိုမျိုး ထွက်လာတာကို တွေ့ရပါတယ်။
Burce Young နှင့် သူ၏ အဖွဲ့ဟာ မြွေဟောက်တွေ ဘယ်လို အဆိပ်ကို စပရေး ဖြန်းသလို မှုတ်ထုတ်သလဲဆိုတာကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
၎င်းတို့ အဖွဲ့ဟာ မြွေဟောက်၏ ဦးခေါင်းနှင့် လည်ပင်း ကြွက်သားများ ကျုံ့ခြင်းကို သိရှိနိုင်ဖို့ မြန်နှုန်းမြှင့် ရိုက်ထားသည့် ဓာတ်ပုံ (shutter speed ကောင်းသည့် ကင်မရာသုံး) နှင့် electromyography (EMG) လျှပ်စစ်ဓာတ်မှန်ရိုက်ခြင်း များကို အသုံးပြုခဲ့ပါတယ်။
အဆိပ်မှုတ်တတ်တဲ့ မြွေဟောက်တွေဟာ မျက်လုံးကို အဓိကထား တိုက်ခိုက်တတ်တဲ့အတွက် အဲဒီလို မြွေဟောက်မျိုးနှင့် ကြုံတွေ့ပါက မျက်လုံးကို တခုခုဖြင့် ကာကွယ်ထားပြီး ၁၀ ပေအကွာ (၃ မီတာခန့်)မှာ နေသင့်တယ်လို့ National Geographic မှ အကြံပေးထားပါတယ်။
Reference: Natural History Museum, Wikipedia, Livescience,
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။