မီးဖိုချောင်သုံး ရေမြှုပ်များနှင့် ဘတ်တီးရီးယား ပြဿနာ

Health Knowledge

ကမ္ဘာတစ်ဝှမ်းရှိ မီးဖိုချောင်တွေမှာ တွေ့ရပြီး နေ့စဉ်သုံး ပစ္စည်း​တွေထဲမှာ ပါဝင်တဲ့ ရေမြှုပ်တွေဟာ ဘက်တီးရီးယား ပိုးမွှားများအတွက် ပြီးပြည့်စုံတဲ့ မျိုးပွားရာနေရာဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

ရေမြှုပ်တွေက ဘက်တီးရီးယားများ အတွက် အသင့်တော်ဆုံးဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကြောင့် ကုဗစင်တီမီတာလောက် အတွင်းမှာ ဆိုရင် ဘက်တီးရီးယားပေါင်း ၅၄ သန်းခန့် အထိ ရှိနိုင်ကြောင်း သုတေသီများက ဆိုပါတယ်။

ဘက်တီးရီးယားတွေဟာ လူကဲ့သို့သော သက်ရှိသတ္တဝါများနှင့် ဆက်ဆံတဲ့နေရာမှာ မတူညီတဲ့ နည်းလမ်းများစွာ ရှိကြပါတယ်။

အချို့သော ဘက်တီးရီးယားတွေက သက်ရှိတွေနဲ့ နီးကပ်စွာနေကြပေမဲ့ တစ်ချို့ကတော့ သီးသန့်နေလိုကြပါတယ်။

Duke တက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့ကတော့ မတူညီတဲ့ ဘက်တီးရီးယား အမျိုးအစားများကို ခွဲထုတ်ပြီး သူတို့နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုကို လေ့လာခဲ့ပါတယ်။

ဘက်တီးရီးယား အမျိုးအစားအများစုဟာ ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို အကောင်းဆုံး ရွေးချယ်နေထိုင်လေ့ရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ရေမြှုပ်များကို အရွယ်အစား အမျိုးမျိုးဖြင့် ပြုလုပ်ထားတဲ့ အတွက်ကြောင့် သီးခြား ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်တဲ့ ဘက်တီးရီးယားများကို ကျေနပ်စေသည့်အပြင် အခြားသက်ရှိများအနီးတွင် ရှိနေလိုတဲ့ ဘက်တီးရီးယားများကိုပါ ကျေနပ်စေပါတယ်။

ဒါ့ကြောင့် ရေမြှုပ်တွေဟာ အဏုဇီဝ အသိုင်းအဝိုင်းများအတွက် အကောင်းဆုံး နေထိုင်ရာ အရပ်ဖြစ်တယ်ဟု ဆိုပါတယ်။

ရေမြှုပ်ရဲ့ ချွေးပေါက်ကဲ့သို့ သေးငယ်တဲ့ နေရာတွေမှာ ရှင်သန်နေတဲ့ ဘက်တီးရီးယားတွေဟာ အခြား သက်ရှိများကို အနှောက်အယှက် ဖြစ်စေမှာ မဟုတ်ကြောင်း သုတေသီများက တွေ့ရှိခဲ့ပြီး ရေမြှုပ်ရဲ့ အခြားနေရာတွေမှာ ကပ်ငြိနေတဲ့ အစာတွေက မှီခိုနေတဲ့ ရောဂါပိုးမွှားများကို ရှင်သန်နိုင်စေတယ်ဟု သုတေသီတွေက ဆိုပါတယ်။

၎င်းရေမြှုပ်ကို အစာ အကြွင်းအကျန်များနှင့် ပေါင်းစပ်ထားမယ် ဆိုရင် ဘက်တီးရီးယားများအတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်လာမှာ သေချာပါတယ်။

“ဘက်တီးရီးယားပိုးတွေဟာ ကပ်ရောဂါ ကူးစက်နေတဲ့ လူတွေလိုပဲ၊ ရှင်သန်နေချိန်မှာ အထီးကျန်စွာ နေရတာဟာ ခက်ခဲတယ်” ဟု လေ့လာမှုရဲ့စာရေးဆရာ Lingchong You က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။

မျိုးစိတ်တွေကြား အပြုသဘောနှင့် အပျက်သဘောဆောင်တဲ့ အပြန်အလှန် သက်ရောက်မှုများ ရှိသည့် ရှုပ်ထွေးတဲ့ အသိုင်းအဝိုင်းမှာ အတူယှဉ်တွဲနေထိုင်မှုကို အမြင့်ဆုံးဖြစ်စေမည့် အလယ်အလတ် အနေအထား ပေါင်းစပ်မှု ပမာဏရှိကြောင်း ပြသခဲ့တယ်ဟု Lingchong You ကဆိုပါတယ်။

ရေမြှုပ် နှင့် ဘက်တီးရီးယား

သုတေသီတွေက ဘက်တီးရီးယားပိုးမွှားများ တိုးပွားမှုကို ခြေရာခံဖို့ E. coli မျိုးကွဲအုပ်စုတစ်ခုကို ဘားကုဒ်လုပ်ထားပါတယ်။

သုတေသီတွေဟာ ဓာတ်ခွဲခန်းမှာရှိတဲ့ ကြီးထွားမှု အပြားတွေပေါ်ရှိ အရွယ်အစမျိုးစုံရှိတဲ့ တွင်းပေါင်း ၁၅၀၀ ကျော်ထဲမှာ ဘက်တီးရီးယားပိုးမွှားများကို ပေါင်းစပ်ထားပါတယ်။

တွင်းအကြီးတွေက ဘက်တီးရီးယားများကို လွတ်လပ်စွာ ရောနှောခွင့်ပြုထားသော်လည်း သေးငယ်တဲ့ တွင်းတွေကတော့ လွတ်လပ်စွာ ရောနှောခွင့်မပြုပါဘူး။

မျိုးစိတ်တစ်စုမှ စတင်ခဲ့တဲ့ တွင်းငယ်လေးတွေမှာရှိတဲ့ ဘတ်တီးရီးယားတွေဟာ မျိုးစိတ်တစ်ခု သို့မဟုတ် နှစ်ခုမျှသာ ကျန်ရှိတော့တဲ့ အသိုင်းအဝိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲလာပါတယ်။

အလားတူ၊ ဘက်တီးရီးယားအမြောက်အမြားဖြင့် စတင်ခဲ့တဲ့ ပိုကြီးသောတွင်းတွေကလည်း မျိုးစိတ်တစ်ခု သို့မဟုတ် နှစ်ခုမျှသာ အဆုံးသတ်သွားပါတယ်။

သုတေသီတွေက ရေမြှုပ်ဖြင့် အလားတူစမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ပြီး ပိုမိုကွဲပြားသော ဘက်တီးရီးယား ပတ်ဝန်းကျင်ကို တွေ့ရှိခဲ့ကြပါတယ်။

သုတေသီတွေက လူတွေကို သတိရှိဖို့နှင့် ၎င်းတို့အသုံးပြုနေတဲ့ ရေမြှုပ်တွေကို အချိန်အခါ အလိုက် ပြောင်းလဲဖို့ သို့မဟုတ် အနည်းဆုံး ၎င်းတို့ကို သန့်စင်ဖို့ နည်းလမ်းရှာသင့်တယ်ဟု အကြံပြုထားပါတယ်။

2017 ခုနှစ်မှ လေ့လာမှု တစ်ခုအရ အပတ်စဉ် ရေမြှုပ်တွေကို အစားထိုးဖို့ အကြံပြုထားပါတယ်။

ဒါမှမဟုတ် ၎င်းကို သန့်ရှင်းရေး လုပ်လိုပါက အခြောက်ခံစက်ဖြင့် မိုက်ခရိုဝေ့ဖ်ကို အပူပေးပြီးမှ ပန်းကန်ဆေးခြင်း တို့ကို အသုံးပြုဖို့ အကြံပြုထားပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.