ဆွီဒင် တိုက်လေယာဉ်၏ ဒုံးကျည်စာ မိလုနီးနီး ဖြစ်ခဲ့ဖူးသည့် SR-71 အကြောင်း

Knowledge Military

SR-71 ဟာ ရန်သူ၏ တိုက်ခိုက်ခြင်း များစွာကို ရှောင်ရှားနိုင်ခဲ့ပြီး ကင်းထောက် စစ်ဆင်ရေး တာဝန်များကို အောင်မြင်စွာ စွမ်းဆောင်နိုင်တဲ့ ကမ္ဘာ့ အမြန်ဆုံး လေယာဉ် တစင်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဆွီဒင်ရဲ့ Saab Viggen တိုက်လေယာဉ်မှ မြင်ကွင်းအတွင်းတွင် ပစ်မှတ်အဖြစ် lock လုပ်ကား ဒုံးကျည်ဖြင့် ပစ်ချခံရလု နီးပါး ဖြစ်ဖူးပါတယ်။

SR-71 Blackbird လေယာဉ်များဟာ ကမ္ဘာကျော်သည့် ဂန္တဝင်လေယာဉ်များ ဖြစ်ပြီး ၁၉၆၀ ခုနှစ်များမှာ စတင် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၉၈ ခုနှစ်တွင် အနားပေးခဲ့ပါတယ်။

Blackbird များဟာ ဘယ်သောအခါမှ ရန်သူ့ ဒုံးကျည်ဖြင့် ပစ်ချခြင်း မခံရဖူးခဲ့ဘဲ ၁၉၈၀ ခုနှစ်များအတွင် မြောက်ကိုရီးယား ကောင်းကင်ယံမှာလည်း သီသီလေး လွတ်မြောက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် Hotcars ဝက်ဘ်ဆိုက်တွင် ၂၀၂၀ နှစ်ကုန်လောက်က ဖော်ပြဖူးသည့် အကြောင်းအရာများအရ Blackbird ဟာ ဆွီဒင်လေယာဉ်၏ lock လုပ်ခြင်းကို ခံခဲ့ရဖူးတာကို သိရှိခဲ့ရပါတယ်။

Saab Viggen

ဒီဖြစ်စဉ်ဟာ ၁၉၈၀ ခုနှစ်များက ဆွီဒင် တဝိုက်မှာ ဖြစ်ပွားခဲ့တာပါ။

ဆွီဒင်ဟာ စစ်အေး ကာလအတွင်းမှာ ကြားနေနိုင်ငံ အဖြစ် တည်ရှိခဲ့ပြီး အခြားနိုင်ငံမှ လေယာဉ်များ ၎င်းတို့၏ လေပိုင်နက် အတွင်းသို့ အခြားနိုင်ငံမှ ကျူးကျော် ဝင်ရောက်ခြင်းကို ခွင့်မပြုပါဘူး။

Blackbird များဟာ “The Baltic Express” လို့ သိကြတဲ့ လေယာဉ် ပျံသန်းသည့် လမ်းကြောင်းအတိုင်း ဖြတ်သန်းကာ ဆိုဗီ ယက် ပြည်ထောင်စု အား ကင်းထောက်ရန် ပျံသန်းလေ့ ရှိပါတယ်။

အဆိုပါနေရာဟာ ဆွီဒင်၏ လေပိုင်နက် အနီးရှိ သေးငယ်သည့် နိုင်ငံတကာ လေပိုင်နက် တခုဖြစ်တဲ့အတွက် ဆွီဒင်၏ လေ ကြောင်းရန် ကာကွယ်ရေး ရေဒါတွင် တခါတရံမှာ ဖမ်းမိနိုင်ပါတယ်။

SR-71 Blackbird

လေယာဉ်များဟာ အဆိုပါ လမ်းကြောင်းအတိုင်း နှစ်ပေါင်းများစွာ ပျံသန်းနေခဲ့ပေမယ့် ၁၉၈၀ ခုနှစ်များမှာ ရေဒါစနစ်များဟာ ပိုမို ကောင်းမွန်လာပါတယ်။

ဆွီဒင်၏ လေတပ်၏ SR-71 Blackbird ကို အဆိုပါ ကာလအတွင်းမှာ ရေဒါတွင် ဖမ်းယူနိုင်ခဲ့ကာ နည်းဗျူဟာ တခုကို အ သုံးပြုကာ ကြားဖြတ်ခဲ့ပါတယ်။

အခြေစိုက်စခန်းကို တပ်လှန့်ပြီးနောက် Viggen တိုက်လေယာဉ်တွေဟာ SR-71 ၏ အမြင့်သို့ရောက်အောင် အသံထက် ၂ ဆ နှုန်းဖြင့် မတ်စောက်စွာ ပျံတက်ကြပါတယ်။

အဲဒီ့နောက်မှာတော့ Viggen တိုက်လေယာဉ်များဟာ ထို့ထက် ပိုမြင့်အောင် ပျံတက်ပြီး SR-71 လေယာဉ်၏ ရှေ့တည့်တည့် မျက်နှာချင်းဆိုင်မှ ထိပ်တိုက်တွေ့ဆုံရန် ပျံသန်းခဲ့ကြပါတယ်။

ပုံမှန်အားဖြင့် ကြားဖြတ်ဟန့်တားမှုကို အနောက်မှသာ လုပ်လေ့ရှိပြီး ဒုံးကျည်ဖြင့် ပစ်မှတ်ကို lock လုပ်ရန် ပိုမိုလွယ်ကူစေပါတယ်။

Saab Viggen

သို့ပေမဲ့ SR-71 ဟာ အလွန် လျှင်မြန်တဲ့ အတွက် နောက်မှလိုက်ပြီး lock လုပ်ရန်မှာ မဖြစ်နိုင်တဲ့အတွက် မျက်နှာချင်းဆိုင် ရှေ့မှ ချဉ်းကပ်လိုက်ရတာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်မှုကြောင့် ၁၉၈၆ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ဆွီဒင်လေယာဉ်မှူး Per-Olof Eldh ဟာ Viggen တိုက်လေ ယာဉ် ဖြင့် Blackbird ကို ဒုံးကျည်ဖြင့် lock တောင် လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လေယာဉ်မှူးဟာ ပစ်ခတ်ခဲ့ခြင်း မရှိဘဲ ဖြတ်ပျံရုံ အဆင့်မျှနှင့် ပြီးဆုံးသွားခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း အဆိုပါလေယာဉ်မှူးဟာ တူညီတဲ့ နည်းဗျူဟာကိုပဲ ထပ်ခါထပ်ခါ အသုံးပြုပြီး ၅ ကြိမ်အထိ ကြားဖြတ်နိုင်ခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာတော့ SR-71 တစင်းဟာ ဆွီဒင် လေပိုင်နက်အတွင်းသို့ သိသိသာသာ ဆင်းလာခဲ့တဲ့အတွက် ဆွီဒင် တိုက်လေ ယာဉ်များ ပျံတက် ကြားဖြတ်ရပါတယ်။

Image: Courtesy of Historical Brain

ဒါပေမယ့် ယှဉ်လျှက် ပျံသန်းတဲ့အခါမှာ SR-71 ၏ ဂျက်အင်ဂျင် တလုံးဟာ ပျက်စီးနေတာကို တွေ့သည့်အတွက် Viggen တိုက်လေယာဉ်များဟာ Blackbird ကို ဆွီဒင် လေပိုင်နက် အလွန်အထိ လိုက်ပါစောင့်ရှောက်ပေးခဲ့ပါတယ်။

ဒီစစ်ဆင်ရေးနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ်မှာ လျှို့ဝှက်အဆင့်မှ လျှော့ချကာ ဖော်ပြခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ဆွီဒင် တိုက် လေယာဉ်မှူးများကို ၎င်းတို့၏ ရဲရင့်မှူအတွက် အမေရိကန်မှ ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.