လေယာဉ်မှူးတယောက်က ပြောပြခဲ့တဲ့ SR-71 အကြောင်း တစေ့တစောင်း

Knowledge Military

Lockheed Martin မှထုတ်လုပ်ခဲ့တဲ့ ကမ္ဘာကျော် SR-71 Blackbird ဟာ အမေရိကန်လေတပ်အတွက်ရော NASA အတွက်ပါ တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံး ဗျူဟာမြောက် ထောက်လှမ်းရေး ဂျက်လေယာဉ် ဖြစ်ခဲ့ပါတယ်။

အမြင့်ပေ ၈ သောင်းခွဲလောက်မှာ အမြန်နှုန်း အသံထက် ၃.၂ ဆလောက်နှင့် ရန်သူ့လေကြောင်းရန် ကာကွယ်ရေးမှန်သမျှကို ရှောင်ရှားနိုင်စွမ်းရှိခဲ့ပြီး အဲဒီ့တုန်းက ဆိုဗီယက်တွေရဲ့ အမြန်ဆုံး ကြားဖျက်တိုက်လေယာဉ် MiG-25 ထက်တောင်မြန်ပါတယ်။

လေယာဉ်မှူး တစ်ယောက်ရဲ့ အဆိုအရ ၁၉၈၆ လစ်ဗျားတွင် ပျံသန်းနေတဲ့ စစ်ဆင်‌ရေး တစ်ခုမှာ ရန်သူ့လေကြောင်း ကာကွယ်ရေးက ပစ် ခတ် လိုက်တာကို ရှောင်ရှားဖို့ အသံထက် ၃.၅ ဆ အထိ တောင် မောင်းနှင် ဖူးတယ်လို့ သိရပါတယ်။

လေတပ်တွင် ၁၉၆၀ နှစ်များမှစပြီး အနားယူသွားတဲ့ ၁၉၉၈ ကာလအထိ (NASA တွင် ၁၉၉၉) တာဝန် ထမ်းဆောင်နေချိန် တလျှောက်လုံး တစ်ခါမှ ပစ်ချမခံခဲ့ရပါဘူး။

မြောက်ကိုရီးယား၊ တရုတ်၊ လာအို၊ ဗီယက်နမ် အပါအဝင် ကမ္ဘာအနှံ့တွင် စစ်ဆင်ရေးပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့ပြီး ရန်သူ့နယ်မြေရှိ လေကြောင်း ကာကွယ်ရေး စနစ်များနှင့် ကြားဖြတ် တိုက်လေယာဉ်များကို မထီမဲ့မြင်ပြုလုပ် နိုင်ခဲ့တဲ့ အံ့မခန်း လေယာဉ် တစင်း ဖြစ်ပါတယ်။

အမေရိကန် လေတပ်၏ လေယာဉ်မှူးဟောင်း တယောက်ဖြစ်ပြီး လက်ရှိတွင် ဝါရှင်တန် ဒီစီရှိ အမျိုးသား လေကြောင်းနှင့် အာကာသ ပြ တိုက်တွင် တာဝန် ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်ဟာ SR-71 Blackbird ပျံသန်းပုံ အကြောင်း အချို့ကို ပြောပြခဲ့ပါတယ်။

Adelbert “Buzz” Carpenter

အဆိုပါ ပုဂ္ဂိုလ်ဟာ Adelbert “Buzz” Carpenter လို့ အမည်ရပြီး T-38 အမောင်းသင်လေယာဉ်မှသည် C-141 Starlifter လေယာဉ်ကြီးများ အထိ နာရီပေါင်း ၄,၄၀၀ ကျော် ၎င်း၏ စစ်ဘက်အမှုထမ်း သက်တမ်းအတွင်းမှာ ပျံသန်းမောင်းနှင်ခဲ့ပါတယ်။

၎င်းဟာ U-2 နှင့် SR-71 အပါအဝင် မဟာဗျူဟာမြောက် ကင်းထောက်လေယာဉ်များကို နာရီပေါင်း ၃၀၀ ကျော်လောက် မောင်းနှင် ခဲ့ပြီး ကယ်လီဖိုးနီးယား ပြည်နယ် Baele လေတပ် အခြေစိုက်စခန်း၊ ဂျပန်ရှိ Kadena လေတပ်စခန်းနှင့် ဗြိတိန်ရှိ Mildenhall လေတပ်စခန်းတွင် စစ်ဆင်ရေးများ ပျံသန်းဖူးပါတယ်။

SR-71 အတွက် လေယာဉ်မှူး ဝတ်စုံ

အငြိမ်းစား ယူပြီးတဲ့နောက်မှာတော့ သူဟာ လေကြောင်းနှင့် အာကာသ ပြတိုက်တွင် စေတနာ့ ဝန်ထမ်းအဖြစ် တည်ဆောက်ခဲ့ဖူးသမျှမှာ အမြန်ဆုံးဖြစ်ခဲ့သည့် SR-71 ဂျက်လေယာဉ် အကြောင်းကို ကလေးငယ်များအား ရှင်းပြလျက် ရှိပါတယ်။

လေယာဉ်အမှတ် 61-7972 ဟာ SR-71 လေယာဉ်များထဲမှာ နောက်ဆုံး ပျံသန်းခဲ့သည့် လေယာဉ်ဖြစ်ပြီး ၁၉၉၀ ခုနှစ် မတ်လ ၆ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် Palmdale မှ ဝါရှင်တန်ဒီစီ အထိ အကွာအဝေးကို တနာရီလျှင် ၂,၂၄၂ မိုင် အမြန်နှုန်းဖြင့် အချိန် ၆၄ မိနစ် ၂၀ စက္ကန့်လောက်မျှနှင့် ပျံသန်းရောက်ရှိခဲ့ပါတယ်။

ဗဟုသုတ အချက် အချို့

SR-71 ၏ Carpenter မှ ရှင်းပြတဲ့ အပိုင်းကတော့ လေယာဉ် ပျံသန်းချိန်မှာ အပူချိန် ဘယ်လောက်အထိ ရှိသလဲ ဆိုတာပါ။

ကမ္ဘာ့ အမြန်ဆုံး လူမောင်းနှင်တဲ့‌ လေယာဉ်ဖြစ်တဲ့ SR-71 ဟာ အသံထက် ၃ ဆကျော် မြန်အောင် ပျံသန်းနိုင်ပြီး အဲဒီ့အချိန်မှာ ၎င်း ကိုယ် ထည်၏ အပူချိန်ဟာ ၆၀၀ ဖာရင်ဟိုက် အထက် အထိ ဖြစ်လာပါတယ်။

ဒီလို အပူချိန်ကို ခံနိုင်ဖို့အတွက် လေယာဉ်ဟာ အပူဒဏ်ကို ကောင်းစွာ ခံနိုင်ဖို့အတွက် ပုံမှန် သုံးနေကျ အလူမီနီယမ် အစား တိုက်တေနီယမ် ၉၃ ရာခိုင်နှုန်းလောက်အထိ အသုံးပြုထားပါတယ်။

Carpenter ၏ အဆိုအရတော့ လေယာဉ်မှူးခန်း၏ လေကာမှန်ဟာ အပူချိန် ၆၂၀ ဒီဂရီလောက်အထိ ပုံမှန် ရောက်ရှိတတ်ပေမယ့် ၁ လက် မ ခွဲလောက် အထူရှိတဲ့ မိုက်ခရိုဝေ့မီးဖိုမှာ အသုံးပြုတဲ့ မှန်အမျိုးအစားကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

တိုက်တေနီယမ်ဟာ အပူချိန်များလာပါက ပြန့်ကားလာတတ်တဲ့အတွက် SR-71 တွင် ပူလာတဲ့အခါ ကိုယ်ထည် ပြန့်ကားလာသည့် ပြဿနာတခုရှိပါတယ်။

SR-71 အင်ဂျင်များ

လေယာဉ် ပျံသန်းချိန် အတွင်း ကိုယ်ထည်ဟာ ၄ လက်မလောက် အထိ ပြန့်ကားတတ်တဲ့ အတွက် ဒီပြဿနာကို ဖြေရှင်းဖို့ရာ အတွက် လေ ယာဉ်ကို ဆက်ကြောင်းများနှင့် တည်ဆောက်ထားပါတယ်။

၂၀၁၃ ခုနှစ်မှာ Lockheed Martin မှ SR-71 ၏ နောက်မျိုးဆက် လေယာဉ် တည်ဆောက်ဖို့ စတင် နေပြီလို့ကြေငြာခဲ့ပါတယ်။

ဒီ လေယာဉ်သစ် ဟာ တစ်နာရီကို မိုင် ၂၂၀၀ လောက် ပျံသန်းနိုင်တဲ့ SR-71 ထက်ပိုပြီး တစ်နာရီကို မိုင် ၄၅၀၀ ကျော် (အသံထက် ၆ ဆ) လောက် အထိ ပျံသန်း နိုင်မယ်လို့သိရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.