နည်းပညာများ တိုးတက် လာသည့် အလျှောက် အာကာသအတွင်း လူသားများ ခြေဆန့် နိုင်ဖို့ဟာ တဖြည်းဖြည်း နှင့် ယခင်ကထက် ပိုမို လွယ်ကူလာပါတယ်။
ဒီလို လွယ်ကူလာဖို့ အတွက်ကို သုတေသနများ၊ မအောင်မြင်ခဲ့တဲ့ စီမံကိန်းများ နှင့် ရင်းနှီးမြှုပ်နှံမှုများစွာ ပေးဆပ်ခဲ့ရပါတယ်။
ယနေ့ခေတ်မှာ နည်းပညာနှင့် ပတ်သက်လို့ အယူအဆ ဒီဇိုင်းများကို စဉ်းစားပါက ယခင်က စမ်းသပ်ခဲ့တဲ့ သုတေသနနှင့် ရှေ့ပြေးပုံစံများစွာကို ပြန်လည် စဉ်းစား မွမ်းမံ အသုံးပြုဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။
တကယ်လို့ ကမ္ဘာမြေကနေ ထွက်ပြီး အာကာသထဲကို ရောက်ဖို့အတွက် ဒုံးပျံစနစ်တွေထဲမှာ ပိုမို ကောင်းမွန်တဲ့ နည်းလမ်း တခု ရှိနေ နိုင်သေးရင် ဘာကိုစဉ်းစားမလဲ။

အဲဒါကတော့ ၁၉၉၆ ခုနှစ်မှာ အမေရိကန်လေတပ်နှင့် Lockheed Martin ကုမ္ပဏီတို့ ပူးပေါင်း မိတ်ဆက်ပေးခဲ့တဲ့ Star Clipper အယူအဆ ဒီဇိုင်းပဲ ဖြစ်ပါတယ်။
အဲဒီ့ အချိန်တုန်းက ကြီးမားပြီး ဖြုတ်ချလို့ ရတဲ့ လောင်စာဆီကန်ကြီးကို ပတ်ပတ်လည်မှာ ပတ်ထားပြီး ကမ္ဘာ့ ပတ်လမ်းအတွင်းကို သွားရောက်နိုင်မယ့် အာကာသယာဉ်ပျံ ဒီဇိုင်း တခုကို ဖန်တီးခဲ့တာပါ။
ကံမကောင်းစွာနဲ့ အဆိုပါ ဒီဇိုင်းဟာ ဆက်လက် တိုးတက်အောင် မလုပ်ဆောင်ဖြစ်တော့ပေမယ့် ၎င်းဟာ ထိုကာလက ပေါ်ပေါက်ခဲ့သည့် အာကာသ လွန်းပျံယာဉ် Space Shuttle များ၏ ဒီဇိုင်းကို လွှမ်းမိုး နိုင်ခဲ့ပါတယ်။

ဒါဟာ ဘာအတွက်လဲ
၁၉၆၆ ခုနှစ် နောက်ပိုင်းမှာ NASA ဟာ အမြဲတမ်း လူနေထိုင်နိုင်တဲ့ အာကာသစခန်း၊ လပေါ်တွင် အခြေစိုက်စခန်းငယ် တခု နှင့် အင်္ဂါဂြိုဟ်သို့ လူစေလွှတ်မည့် အစီအစဉ်များ ပါရှိသည့် အာကာသ စီမံကိန်းတခုကို စတင်ခဲ့ပါတယ်။
အဲဒီ့ စီမံကိန်းကြောင့် အာကာသ စခန်းများ၏ လုပ်ငန်းများကို ကုန်ကျစရိတ်သက်သာစွာ ဆောင်ရွက်နိုင်ရန် ကမ္ဘာမြေမှ ပစ္စည်းများ နှင့် လူများကို အသွားအပြန် သယ်ယူပို့ဆောင်နိုင်တဲ့ “logistics vehicle” လို့ခေါ်တဲ့ အာကာသယာဉ် အယူအဆ ထွက်ပေါ်လာပါတယ်။
ဒီယာဉ်၏ အခန်းကဏ္ဍကတော့ အဓိကအားဖြင့် အပတ်စဉ်အလိုက် အာကာသ စခန်းရှိ အမှုထမ်းများကို အပြောင်းအလဲ ပြုလုပ်ရာတွင် အသုံးပြုဖို့ ဖြစ်ပါတယ်။
၁၉၆၇ ခုနှစ်မှာတော့ အဆိုပါ သယ်ယူပို့ဆောင်ရေး အာကာသယာဉ် အယူအဆကို အကဲဖြတ်နိုင်ဖို့အတွက် တရက်လုံးလုံး ကြာမြင့်တဲ့ အစည်းအဝေး တခု ပြုလုပ်ခဲ့ပါတယ်။

အမေရိကန် လေတပ်နှင့် NASA တို့ဟာ “ပေါင်းစပ် ပစ်လွှတ်ပြီး ကမ္ဘာမြေပေါ် ပြန်လည် ဆင်းသက်နိုင်တဲ့ အာကာသယာဉ်” သို့မဟုတ် Integrated Launch and Re-entry Vehicle (ILRV) အတွက် ရှိပြီးသား နည်းပညာများကို လေ့လာရန် ပူးပေါင်းပြီးဖြစ်ပါတယ်။
အထက်ပါ အစည်းအဝေးဟာ မတူညီသည့် အမျိုးမျိုးသော ထောက်ပံ့ပို့ဆောင်ရေး အာကာသယာဉ် အယူအဆများကို တင်ပြဖို့ တူညီတဲ့ စက်မှုလုပ်ငန်း မိတ်ဖက်များကို ခေါ်ယူပြီး ILRV သုတေသနကို ပြန်လည် သုံးသပ်မှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ့အချိန်မှာပဲ Lockheed ဟာ ၎င်း၏ အာကာသယာဉ် Star Clipper ဒီဇိုင်းကို တင်ပြခဲ့ပြီး General Dynamics ကတော့ ၎င်းတို့၏ Triamese နှင့် Chrysler SERV တို့ကို ပြသခဲ့ပါတယ်။
မကြာခင်မှာပဲ NASA ၏ ကိုယ်ပိုင် အဖွဲ့များဟာလည်း အဆိုပါ ဂန္တဝင် ဒီဇိုင်းများကို ပံ့ပိုးသည့် နေရာတွင် ပါဝင်လာကြပါတယ်။

ဒါပေမယ့် ၁၉၇၁ ခုနှစ်မှာတော့ Star Clipper ကို ရှေ့တန်းတင်ထားသည့် နေရာမှာ အရာရာဟာ ပြောင်းလဲ သွားခဲ့ပါတယ်။
အဲဒါကတော့ အာကာသယာဉ်အတွက် အမြင့်ဆုံး ဖွံ့ဖြိုးတိုးတက်ရေး ဘတ်ဂျက်ကို စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ဆိုင်ရာ ရုံးမှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည့်အတွက် နဂို ၁၀ ဘီလီယံ လောက်ရှိသည့် ဘတ်ဂျက်မှ ၅ ဘီလီယံ အထိ လျော့ကျသွားပါတယ်။
ယနေ့ခေတ်မှာ Star Clipper ဟာ NASA အတွက်တော့ ပြန်လည် အသုံးပြုနိုင်တဲ့ အာကာသ လွန်းပျံယာဉ် ဒီဇိုင်း အဖြစ် အသုံးဝင် လာနိုင်ပါသေးတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။