ကုန်း၊ ရေ၊ လေ ၃ မျိုးစလုံး မောင်းနှင်နိုင်မည့်ယာဉ် ဒီဇိုင်း Lazzarini Design Studio မှ ပြသ

Innovation Tech

အီတလီ ဒီဇိုင်နာတစ်ယောက်ဖြစ်သည့် Pierpaolo Lazzarini ဟာ ၎င်း၏ နောက်ဆုံး ဒီဇိုင်းသစ် ဖြစ်တဲ့ ကုန်ကြောင်း၊ ရေကြောင်း နှင့် လေကြောင်း ၃ မျိုးစလုံး သွားလာနိုင်တဲ့ Stratosfera Concept ယာဉ် ကိုယ်ထည် ပုံစံ ကို ပြသခဲ့ပါတယ်။

Stratosfera ဟာ အချင်း ၁.၆၅ မီတာ ခန့်ရှိပြီး အံ့ဩစရာကောင်းမယ့် ခရီးစဉ် မောင်းနှင် စီးနင်းဖို့ရာအတွက် ခရီးသည် ၂ ဦး လိုက်ပါနိုင်ပြီး အလွန် ပေါ့ပါးတဲ့ ကာဖွန်ဖိုက်ဘာ ဖြင့် တည်ဆောက်ထားမှာ ဖြစ်ပါတယ်။

Lazzarini Design Studio အောက်တွင် ဒီဇိုင်း ပြုလုပ်ထားသည့် ဇိမ်ခံယာဉ်သစ်တွင် ပျံသန်းနိုင်ရန်အတွက် လျှပ်စစ်မော်တာများနှင့် hydrofoil သို့မဟုတ် ပန်ကာများကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

ရေပေါ် မောင်းနှင်ခြင်း

Stratosfera Acquatica ၏ အောက်တွင် ဖြန့်နိုင်သည့် အပြားများကို တပ်ဆင်ထားပြီး ဘက်ထရီများကို အသုံးပြုကာ ဗဟိုဆွဲငင်အား အ လွန် နည်းသည့် အနေအထားဖြင့် ရေထဲတွင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

သွားမည့် နေရာသို့ ချောမွေ့စွာ စီးနင်းနိုင်ရန်အတွက် အလိုအလျှောက် ဟန်ချက်ထိန်းစနစ်ဖြင့် ယာဉ်ကို တည်ငြိမ်စေရန် gyroscope တခုကို အသုံးပြုပေးထားပါတယ်။

ဒီလို ဟန်ချက်ညီအောင် လုပ်ဆောင်ထားသည့် စနစ်ဟာ ခရီးသည်များအတွက် သက်တောင့် သက်သာ စီးနင်းနိုင်ပြီး မည်သည့် ရုတ်တရက်အနေအထားမှာ မဆို တိမ်းစောင်းမှု မဖြစ်စေအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒီ မျိုးစုံသွား ယာဉ်ကို မြင်းကောင်ရေ ၁၅၀ ထုတ်ပေးနိုင်သည့် ရေပေါ်သွား လျှပ်စစ် ဂျက်အင်ဂျင် တပ်ဆင်ထားပြီး တနာရီလျှင် ရေမိုင် ၃၀ လောက်အထိ ရေမျက်နှာပြင် အပေါ်မှာ တက်ရောက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အရှိန်လျော့ကျလာသည့် အခါမှာတော့ ဒီယာဉ်ဟာ ရေမျက်နှာပြင်ပေါ်သို့ ပြန်လည် ဆင်းသက်မှာ ဖြစ်ပါတယ်။

ယာဉ်ကို မောင်းနှင်သူမှ နည်းပညာမြင့် ထိန်းချုပ်မှုဖြင့် ထိန်းချုပ်နိုင်ပြီး အသုံးပြုဖို့လည်း လွယ်ကူတယ်လို့ သိရပါတယ်။ ဘေးမှ လိုက်ပါသူမှာလည်း မောင်းနှင်မှုများကို ရေပေါ်တွင်ဖြစ်စေ လေထဲတွင် ဖြစ်စေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

လေပေါ်တွင် မောင်းနှင်ခြင်း

ယခု ယာဉ်ဟာ အလားတူ တူညီတဲ့ ဒီဇိုင်းပုံစံနှင့် eVTOL စနစ် သုံး Stratosfera Volatile လို အခြား ပျံသန်းမှုစနစ်ပေါင်း မျိုးစုံဖြင့်လည်း ပျံသန်းနိုင်ပါတယ်။

ပန်ကာ ၈ ခု တပ်ဆင်ထားတဲ့ ဒီယာဉ်ဟာ လျှပ်စစ်စွမ်းအင်သုံး‌ ဒေါင်လိုက် အတက်အဆင်း စနစ်ဖြင့် တနာရီလျှင့် ၁၅၅ မိုင်နှုန်းအထိ လေထဲတွင် ပျံသန်းနိုင်သလို နေရောင်ခြည်သုံး ဆိုလာပြားများ ဖုံးအုပ်ထားတဲ့ လေပူဖောင်း အကူအညီဖြင့်လည်း ပျံသန်းနိုင်ပါတယ်။

ယာဉ်၏ ပျံသန်းနိုင်သည့် ခန့်မှန်း အကွာအဝေး နှင့် ပျံတက်နိုင်သည့် အမြင့်ကိုတော့ လက်ရှိတွင် မသိရှိရသေးပါဘူး။

လိုက်ပါ စီးနင်းမည့် သူများဟာ ယာဉ်အတွင်းသို့ ရှေ့ဘက် slide မှန်ကို ဖွင့်ပြီး သို့မဟုတ် အပေါ်ဘက် မှ တံခါးကို ဖွင့်ပြီး ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မြေပြင်တွင် မောင်းနှင်ခြင်း

Lazzarini Design Studio ဟာ Stratosfera ကို မြေပြင်မှာ မောင်းနှင်နိုင်မယ်လို့ ပြောထားပေမယ့် ဘယ်လိုမျိုး မောင်းနှင်နိုင်မယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ကုန်း၊ ရေ၊ လေ ၃ မျိုးစလုံး မောင်းနှင်နိုင်ခြင်းအပြင် ရေအောက်သွားကဲ့သို့ အခြားပုံစံများဖြင့် မောင်းနှင်နိုင်ဖို့ ကိုယ်ထည် ဒီဇိုင်းကို ရေငုပ် သင်္ဘော သို့မဟုတ် snowcat မျိုးကွဲများ အနေဖြင့် ဒီဇိုင်းဆွဲနေပါတယ်။

သတင်းကောင်းကတော့ jet capsule စီမံကိန်းကိုတော့ open-source စီမံကိန်းတခုအနေဖြင့် လုပ်ဆောင်ထားပြီး ရင်းနှီး မြှုပ်နှံသူများ နှင့် တိုက်ရိုက်ဝယ်ယူမည့်သူများဟာ စီမံကိန်း ဖွံ့ဖြိုးတိုးတက်ဖို့နှင့် အဆင့်မြှင့်တင်ရာမှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *