ရုရှားအား ကမ္ဘာ့ ငွေလွှဲစနစ် SWIFT မှ ပိတ်ဆို့မှု အလုပ်ဖြစ်နိုင် မဖြစ်နိုင်နှင့် SWIFT အကြောင်း

Knowledge World

ယူကရိန်းအား ရုရှား၏ ကျူးကျော်စစ်ကြောင့် ကမ္ဘာအနှံ့မှာရှိတဲ့ နိုင်ငံများဟာ ဆုံးရှုံးမှုတွေ ကြုံတွေ့လာရတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများကို ရုရှားအနေဖြင့် အွန်လိုင်းငွေကြေးဖြစ်သည့် cryptocurrency အား အသုံးပြုပြီး ရှောင်ရှားနိုင်ပြီး ဖြစ်ပါတယ်။

ဒါဆိုရင် အနာဂါတ်မှာ ထိထိရောက်ရောက် ပိတ်ဆို့မှုအတွက် ဘာတွေဆောင်ရွက်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

Time မီဒီယာ၏ ဖော်ပြချက်အရ ဥရောပ သမ္မဂ European Union၊ ဗြိတိန်၊ ကနေဒါ နှင့် အမေရိကန်တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ တွင် ရုရှားဘဏ်များအား SWIFT မှ ဖယ်ရှားမယ်လို့ ပြောလာပါတယ်။

SWIFT ဆိုတာ ဘာလဲ

SWIFT ဆိုသည်မှာ Society for Worldwide Interbank Financial Telecommunication ၏ အတိုကောက်ဖြစ်ပြီး ကမ္ဘာ့တဝှမ်း ဘဏ်အချင်းချင်း ဘဏ္ဍာရေး လွှဲပြောင်းမှုများနှင့် ပတ်သက်သည့် အချက်အလက်များအား ပေးပို့သည့် ဆက်သွယ်ရေး စနစ်ဖြစ်ပါတယ်။

တနည်းအားဖြင့် တကမ္ဘာလုံးရှိ ဘဏ်များအား ဘဏ္ဍာရေး မက်ဆေ့ချ် ပေးပို့သည့် စနစ်တခုပါ။

ဒီစနစ်ဟာ ကမ္ဘာပေါ်ရှိ ဘဏ်အချင်းချင်း ငွေလွှဲပြောင်းမှုများကို လုံခြုံစိတ်ချရသည့် နည်းလမ်းဖြင့် လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။

အကောင့် တခုမှ တခုသို့‌ ငွေလွှဲပြောင်းသည့်အခါ အဆိုပါ လွှဲပြောင်းသည့် နေရာသို့ မရောက်ခင် ဘဏ်များစွာကို ဖြတ်သန်းသွားရပါတယ်။

SWIFT ဟာ ဘဏ်များအား ငွေလွှဲမှု၏ နောက်ဆုံးရောက်မည့် နေရာကို သိရှိစေနိုင်ပြီး မှားယွင်းပေးပို့မှုများ မဖြစ်နိုင်စေရန် သေချာအောင် လုပ်ဆောင်ပေးပါတယ်။

ဒီစနစ်ဟာ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၀ ကျော်နှင့် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းပေါင်း ၁၁,၀၀၀ ကျော်နှင့် အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

ရုရှားအား ပိတ်ဆို့ဒဏ်ခတ်ခြင်း

အမေရိကန်နှင့် ဥရောပ နိုင်ငံများဟာ ရုရှားဘဏ်များကို SWIFT မှ ဖယ်ရှားခြင်းဖြင့် မဟာဗျူဟာမြောက် အရှုံးကို ဖြစ်ပေါ်အောင် လုပ်ဆောင်မယ်လို့ ပူးတွဲကြေငြာခဲ့ပါတယ်။

SWIFT ဟာ ကမ္ဘာတဝှမ်းရှိ ဘဏ်များအတွက် အရေးကြီးပေမယ့် အနောက်နိုင်ငံများမှ မျှော်လင့်ထားသည့်အတိုင်း ရုရှားကို ထိုးနှက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာတွေရှိပါတယ်။

စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ အကြီးတန်း အရာရှိတဦး ဖြစ်ခဲ့တဲ့ Richard Nephew မှ “ဒါဟာ ရုရှားတို့ကို ခေါင်းကိုက်စေနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ၎င်းနဲ့ ပတ်သက်တဲ့ တန်ဖိုးကတော့ သိသိသာသာ ပုံကြီးချဲ့ပြောတာ ဖြစ်တယ်” လို့ Wall Street ဂျာနယ်ကို ပြောပါတယ်။

အကြောင်းကတော့ ရုရှားဟာ နိုင်ငံခြားဘဏ် ၂၃ ခုနှင့် ချိတ်ဆက်ထားပြီး အခြား ငွေလွှဲ စနစ်ဖြစ်တဲ့ telex ကဲ့သို့ စနစ်များကိုလည်း အသုံးပြုနိုင်ပါတယ်။

ထိုစနစ်များဟာ SWIFT ထက်စာရင် ကုန်ကျစရိတ် ပိုမိုကြီးမားပေမယ့် ဒါဟာ အလုပ်ဖြစ်နေဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် SWIFT တွင် ပိတ်ဆို့ခြင်းဟာ သက်ရောက်မှုတော့ ထင်သလောက် အကြီးအကျယ်ကြီးတော့ မဟုတ်ပါဘူး။

ဒါပေမယ့် လက်ရှိမှာ အခြား ဘက်ပေါင်းစုံမှ ပိတ်ဆို့မှု များစွာလည်း ရှိနေသည့်အတွက် ရုရှားကို သိသိသာသာတော့ စီးပွား ရေးအရ ထိုးနှက်နိုင်မှာပါ။

အီရန် နှင့် SWIFT

၂၀၁၂ ခုနှစ်အတွင်းက EU ၏ ဆုံးဖြတ်မှုကြောင့် အီရန်၏ ဘဏ်လုပ်ငန်းစနစ်များဟာ SWIFT တွင် ပါဝင်မှုမှ ရုတ်သိမ်းခံရဖူးပါတယ်။

၂၀၁၆ ခုနှစ်မှာ Joint Comprehensive Plan of Action (JCPOA) အရ ပိတ်ဆို့မှုကို ရုတ်သိမ်းပြီး SWIFT ကို အသုံးပြုခွင့် ပြန်လည်ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တွင် အမေရိကန် သမ္မတဟောင်း ထရမ့်မှ ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ချမှတ်ပြီးနောက် အီရန်ဘဏ်တချို့ကို SWIFT အသုံးပြုခွင့် ထပ်မံ ရပ်ဆိုင်းခံခဲ့ရပြန်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *