ဂျပန်၏ စက်ရုပ် လက်ချောင်းများတွင် လူ့အရေပြားကဲ့သို့ အရေပြားတုကို တပ်ဆင်ရန် ကြိုးပမ်းမှု

Innovation Tech

ကျွန်တော်တို့ အနေဖြင့် စက်ရုပ်လက်များအတွက် လူများနှင့် တူနိုင်သမျှတူရန် တီထွင် ဖန်တီးထားသည့် အရေပြားတု များအကြောင်းကို ကြားဖူးနေကြတာ ကြာပါပြီ။

ဒါပေမယ့် လှုပ်ရှားမှု နှင့် နူးညံ့ သိမ်မွေ့မှုပိုင်း၊ ပျက်စီးလွယ်မှုပိုင်း စသည် တို့တွင် ပြဿနာများ ရှိခဲ့ပြီး စိန်ခေါ်မှုတွေလည်း အများကြီး ကြုံ တွေ့ခဲ့ရပါတယ်။

ယခု ဂျပန်က တီထွင်ဖန်တီးလိုက်တဲ့ စက်ရုပ်အတွက် အရေပြားကတော့ ယခင်က ဖန်တီးခဲ့သည့် အရာများနှင့် လုံးဝကွဲပြားပြီး ထူးခြားမှု ရှိပါတယ်။

၎င်းဟာ ကျွန်တော်တို့ တော်တော်များများ သိကြတဲ့ မင်းသား အာနိုး၏ Terminator ဇာတ်ကားထဲက အရေပြားများ ပုံစံ နဲ့ တူတယ်လို့ တောင် တင်စားရမှာပါ။

အကြောင်းကတော့ စက်ရုပ်၏ လက်တွင် ဖုံးအုပ် အသုံးပြုစေတဲ့ ထို အရေပြားတုမှာ လူ့ဆဲလ်များဖြင့် ပြုလုပ်ထားပြီး သူ့ အလိုလို ပြန်လည် ကောင်းမွန်စေတဲ့ နည်းပညာကို အသုံးပြုထားလို့ပါ။

ယခင်က စက်ရုပ် လက်ချောင်းများ နမူနာပြ ပုံ

စက်ရုပ်လက်ချောင်းပေါ်မှာ ရှင်သန်နေတဲ့ လူ့ တစ်ရှူးကို တည်ဆောက်နိုင်တာဟာ အတော်လေး အံ့အားသင့်စရာ ကောင်းတဲ့ အောင်မြင်မှု တခုပါ။

တိုကျို တက္ကသိုလ်မှ ပါမောက္ခ Shoji Takeuchi ဦးဆောင်တဲ့ အဖွဲ့ဟာ လူကဲ့သို့ ကွေးညွှတ်ခြင်း၊ ဖြောင့်တန်းခြင်းများ ပြု လုပ် နိုင်သည့် စက်ရုပ်လက်ချောင်းကို ဖန်တီးခဲ့ပါတယ်။

ထို့နောက် ကော်လာဂျင်နှင့် လူ့အရေပြားရှိ fibroblast cell လို့ခေါ်တဲ့ အရေးပြား၏ တွယ်ဆက် တစ်ရှုးများနှင့် ပြုလုပ်ထားသည့် ပျော်ရည်ထဲသို့ လက်ချောင်းအား နှစ်မြှုပ်ထားခဲ့ပါတယ်။

၎င်း၏ သဘာဝ ဂုဏ်သတ္တိများကြောင့် အဆိုပါ ပျော်ရည်ဟာ နှစ်မြှုပ်ထားသည့် လက်ချောင်း မျက်နှာပြင်ပေါ်တွင် ဟိုက်ဒရိုဂျယ်လ် အလွှာ တခုအဖြစ် ဖွဲ့စည်းစေပါတယ်။

အဲဒီ့နောက်မှာတော့ သိပ္ပံပညာရှင်များဟာ လူ့အရေပြား အပြင်ဘက်ဆုံးလွှာတွင် ၉၀ ရာခိုင်နှုန်းလောက် ဖွဲ့စည်း ပါဝင်သည့် keratinocyte cell အလွှာကို ထပ်မံ ပေါင်းထည့် ခဲ့ပါတယ်။

Image: Courtesy of Wiki Media BY CC 4.0

စက်ရုပ် ကိရိယာကို နောက်ပိုင်းတွင် စမ်းသပ် စစ်ဆေးသည့် အခါမှာတော့ အရေပြားဟာ ပဲ့ရွဲ့ သွားခြင်း မရှိဘဲ ကွေးညွှတ်နိုင်လောက်အောင် ပျော့ပျောင်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် အရေပြားကို လှီးထုတ်ပြီး ကော်လာဂျင်ပတ်တီးဖြင့် အုပ်လိုက်တဲ့ အခါ အဆိုပါ ပတ်တီးဟာ အနီးအနားရှိ အရေ ပြား အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်ပြီး ဒဏ်ရာကို ပျောက်သွားစေတယ်လို့ သိရပါတယ်။

ယခုလို ရလဒ်ဟာ ပြန်လည် ပြုပြင်နိုင်တဲ့ စက်ရုပ် အစိတ်အပိုင်းများ ဖြစ်ပေါ်လာဖို့ ကြီးမားတဲ့ လမ်းစသစ် တခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ထုတ်လုပ်ထားတဲ့ အရေပြားဟာ သဘာဝ လူ့အရေပြားထက်တော့ များစွာ အားနည်းနေသေးပြီး ရှင်သန်နိုင်ဖို့ အ တွက် အာဟာရများ အမြဲမပြတ် ထောက်ပံ့ဖို့တော့ လိုအပ်ပါတယ်။

သိပ္ပံပညာရှင်များဟာ အဆိုပါ ချွတ်ယွင်းမှုများအတွက် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့တော့ လက်တလော စီစဉ်ထားပါတယ်။

၎င်းတို့ဟာ လက်သည်းများ၊ ချွေးဂလင်းများ၊ မွှေးညင်းပေါက်များနှင့် ထိတွေ့မှု အာရုံကိုပါ ပေးစွမ်းမည့် အာရုံကြောများပင် ထပ်မံ ပေါင်းထည့်ဖို့ စီစဉ်နေကြပါတယ်။

အကွေးအဆန့် လုပ်ပြီး သရုပ်ပြနေပုံ Image: Courtesy of Shoji Takeuchi / SWNS

လူသားပုံစံ အနာဂါတ် စက်ရုပ်များတွင် လူသားများနှင့် ပိုမို ဆင်တူစေတဲ့ ယခုလို အရေပြားတုများကို နောက်ဆုံးမှာ အသုံး ပြုနိုင်ဖို့ မျှော်လင့်ရပါတယ်။

ဖန်တီးပြီးစီးထားသည့် အနေအထားကတော့ လူ့လှုပ်ရှားမှုနှင့် အတော်လေး ဆင်တူအောင် လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။

အရေပြား တစ်ရှူးတွေဟာ စက်ရုပ်၏ မျက်နှာပြင်နှင့် လိုက်လျောညီထွေ ဖြစ်မှုကြောင့် ၎င်းအနေဖြင့် အံ့ဩမိပါတယ်လို့ ပါမောက္ခTakeuchi က ပြောပါတယ်။

ဒါ့ကြောင့် ၎င်းကို အနာဂါတ်တွင် ကျန်းမာရေး စင်တာများ နှင့် စက်မှု လက်မှု လုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုလာနိုင်ဖွယ် ရှိပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *