တူရကီ၏ T129 ATAK တိုက်ခိုက်ရေး ရဟတ်ယာဉ် အကြောင်း တစေ့တစောင်း

Knowledge Military

T129 ATAK တိုက်ခိုက်ရေး ရဟတ်ယာဉ် စီမံကိန်းဟာ တူရကီ ကြည်းတပ်၏ နည်းဗျူဟာမြောက် ကင်းထောက်နှင့် တိုက် ခိုက်ရေး ရဟတ်ယာဉ် လိုအပ်ချက်အရ စတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် မတ်လ ၃၀ ရက်နေ့ မှာတော့ တူရကီဟာ AugstaWestland နှင့် ပူးပေါင်းကာ Agusta A129 Mangusta ရ ဟတ်ယာဉ်ကို အခြခံပြီး ရဟတ်ယာဉ်သစ် ၅၁ စင်း ထုတ်လုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ရဟတ်ယာဉ်၏ အစိတ်အပိုင်းများရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကို တူရကီက ထုတ်လုပ်တာဖြစ်ပြီး သဘောတူညီမှု စာချုပ်အရ တူရကီဟာ ရဟတ်ယာဉ်နှင့် ပတ်သက်လို့ ဥာဏဆိုင်ရာ ပိုင်ဆိုင်မှု ရရှိသည့်အပြင် အီတလီနှင့် ဗြိတိန် သီးသန့်ကို ရောင်းချခွင့် ရရှိခဲ့ပါတယ်။

Agusta A129

ဒါ့ပေမယ့် အမေရိကန်ထုတ် LHTEC CTS800-4N အင်ဂျင်ကို အသုံးပြုထားသောကြောင့် အခြား ပြည်ပတင်ပို့ခွင့်ကို အမေရိကန်မှ ဝင်ရောက်တားဆီးပိုင်ခွင့် ရှိနေသည့်အတွက် ပြည်တွင်းဖြစ် TEI TS1400 အင်ဂျင်ကို ထုတ်လုပ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာတော့ တူရကီကြည်းတပ်အတွက် T129 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ပေးပို့နိုင်ခဲ့ပါတယ်။

TAI နှင့် AgustaWestland ပူးပေါင်း ထုတ်လုပ်ထားတဲ့ T129 ရဟတ်ယာဉ်ဟာ အင်ဂျင် ၂ လုံးတပ်၊ နှစ်ယောက်မောင်း၊ ဘက်စုံသုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစား ဖြစ်ပြီး ရာသီမရွေး စစ်ဆင်နိုင်စွမ်း ရှိပါတယ်။

၎င်းကို တင့်ဖျက် စစ်ဆင်ရေး၊ ကင်းထောက်၊ မြေပြင်တိုက်ခိုက်ရေး၊ အစောင့်လိုက် စစ်ဆင်ရေး၊ မြေပြင်ပစ်ကူနှင့် တာတို လေကြောင်းကာကွယ်ရေး စသည့် ကဏ္ဍမျိုးစုံတွင် အသုံးပြုနိုင်ပါတယ်။

T129 ATAK

ရဟတ်ယာဉ်ကို ပူပြင်းပြီး ပထဝီ အနေအထား အရ ကြမ်းတမ်းတဲ့ ဒေသတွေမှာ နေ့ရော ညပါ တိုက်ခိုက်ရေး နှင့် ကင်း ထောက် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်အောင် ဒီဇိုင်းဆွဲထားတာပါ။

အရွယ်အစားအားဖြင့် ၁၄.၅၄ မီတာ ရှည်ပြီး အမြင့် ၃.၄ မီတာ ရှိပါတယ်။

အများဆုံး အလေးချိန် ၅,၀၅၆ ကီလိုဂရမ် ဖြင့် ပျံတက်နိုင်ပြီး အမြန်ဆုံး တနာရီလျှင် ၂၈၁ ကီလိုမီတာနှုန်းဖြင့် အမြင့် မီတာ ၄,၅၇၂ အထိ ပျံတက်နိုင်ကာ အကွာအဝေး ၅၃၇ ကီလိုမီတာလောက်အထိ စစ်ဆင်နိုင်ပါတယ်။

လေကြောင်း ပစ်ကူ အတွက် ကျည် ၅၀၀ ပါသည့် ပြောင်းသုံးခုပါ ၂၀ မီလီမီတာ စက်အမြောက် တခုကို ရှေ့တွင် တပ်ဆင်ထားပြီး ၇၀ မီလီမီတာ ပဲ့ထိန်းမဲ့ ရော့ကတ် ၇၆ လုံးအထိ တပ်ဆင်နိုင်ပါတယ်။

ဒါ့အပြင် UMTAS တာဝေး ၁၆၀ မီလီမီတာ တင့်ဖျက် ဒုံးကျည် ၈ လုံး၊ ၇၀ မီလီမီတာ Cirit ဒုံးကျည် ၁၆ လုံး နှင့် တာတို ဝေ ဟင်မှ ဝေဟင်ပစ် Stinger အမျိုးအစား ဒုံးကျည် ၈ လုံးအထိ တင်ဆောင်နိုင်ပါတယ်။

T129 ATAK

ရဟတ်ယာဉ်တွင် ASELFLIR-300T electro-optical FLIR စနစ် ကို တပ်ဆင်ထားပြီး အလိုအလျှောက် ပစ်မှတ် ရှာဖွေနိုင်ကာ ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်ပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက LHTEC T800-4A အင်ဂျင်များ အတွက် အမေရိကန် ကာကွယ်ရေး ဌာနမှ ပြည်ပ တင်ပို့ခွင့် လိုင်စင်ကို ခွင့်ပြုခြင်း မရှိခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်မှာတော့ တူရကီဟာ ၎င်း၏ ပြည်တွင်းဖြစ် TEI TS1400 အင်ဂျင်များနှင့် အစားထိုးခဲ့ပါတယ်။

ဒါ့ကြောင့် တူရကီဟာ အဆိုပါ ရဟတ်ယာဉ်များကို ပြည်ပသို့ တင်ပို့နိုင်လာတော့မှာ ဖြစ်ပြီး ဆော်ဒီအာရေဗျ၊ ဘရာဇီး၊ ကာတာ၊ အီရတ် နှင့် မော်ရိုကိုတို့ဟာ အနာဂါတ်တွင် ဝယ်ယူနိုင်ဖွယ် ရှိပါတယ်။

T129 ATAK

လက်ရှိ အရှေ့တောင်အာရှ ဒေသတွင်းမှာတော့ ဖိလစ်ပိုင်နိုင်ငံဟာ T129 ATAK ရဟတ်ယာဉ်တွေ မှာယူ ထားတယ်လို့ သိရှိရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *