ယူကရိန်း-ရုရှား အရေးကြောင့် ဥရောပနှင့် အမေရိကန် နိုင်ငံတို့ဟာ ယူကရိန်းကို စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးနေပါတယ်။
မကြာခင်ပဲ ဗြိတိန်ဟာ အသုံးအဆောင် ပစ္စည်းများကို တင်ဆောင် နိုင်သည့် အပြင် လက်နက်များပါ သယ်ဆောင် နိုင်သည့် Malloy T150 ဒရုန်း အများအပြားကို ပေးပို့တော့မှာပါ။
ဒီသတင်းကို ဗြိတိန်ဟာ တရားဝင်အားဖြင့် မထုတ်ပြန်ပေမယ့် ဗြိတိန် ကာကွယ်ရေး ဝန်ကြီးမှ ရင်းမြစ်တခုမှ အဆိုပါ ဒရုန်းများကို ပို့ဆောင်ဖို့ ပြင်ဆင်နေကြောင်း Sky News မှ ဖော်ပြလာတာပါ။
အဆိုပါ ဒရုန်းများဟာ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ကြေငြာခဲ့သည့် စစ်ဘက်ဆိုင်ရာ အကူအညီသစ်များထဲမှ တခု ဖြစ်နိုင်ပါတယ်။

၂၀၂၂ ခုနှစ် မေလ ၃ ရက် အင်္ဂါနေ့က ဗြိတိန်ဟာ ပေါင် သန်း ၃၀၀ လောက်ရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီသစ်များ ပေးသွားမယ်လို့ ကြေငြာခဲ့ပါတယ်။
ယခု ပေးပို့မည့် ဒရုန်းများကို ဗြိတိန် တော်ဝင်မရင်းတပ်ဖွဲ့မှ စမ်းသပ်ပြီး ဖြစ်ပါတယ်။
ဒရုန်းဟာ ကီလိုမီတာ ၇၀ အကွာအထိ သွားရောက်နိုင်ပြီး ပစ္စည်း အလေးချိန် ၆၈ ကီလိုဂရမ်လောက်အထိ တင်ဆောင် ပျံ သန်းနိုင်ပါတယ်။
Malloy T150 ဒရုန်းများကို ဗြိတိန် ကုမ္ပဏီ တခုဖြစ်တဲ့ Malloy Aeronautics က ထုတ်လုပ်ထားတာ ဖြစ်ပြီး စွမ်းဆောင်ရည် အလွန်ကောင်းမွန်ပါတယ်။
ဒရုန်းတွင် တောင်ပံနှင့် မော်တာ အများအပြား တပ်ဆင်ထားပြီး တခုခု ချွတ်ယွင်းပါက အနှောင့်အယှက်မရှိဘဲ ဘေးကင်းစွာ ဆင်းသက်နိုင်စွမ်း ရှိပါတယ်။
စုစုပေါင်း လျှပ်စစ် မော်တာ ၈ လုံး နှင့် ပန်ကာ ၈ လုံး ကို တပ်ဆင်ပေးထားပါတယ်။

T150 ဒရုန်းများဟာ အလိုအလျှောက် စနစ်ဖြင့် လူထိန်းချုပ်စရာမလိုဘဲ ၃၆ မိနစ် ခန့် ဆက်တိုက် ပျံသန်းနိုင်ပါတယ်။
စွမ်းအားမြင့် ဘတ္တရီကို တပ်ဆင်ထားကာ ကြိုးမဲ့အားသွင်း စနစ်ကိုပါ လက်ရှိ ဖန်တီးနေပြီး အောင်မြင်ပါက ပျံသန်းရင်း အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
ဒရုန်း၏ စွမ်းဆောင်ရည်ကို စိတ်ချရစေရန် မတူညီတဲ့ ရာသီဥတု အခြေအနေ အမျိုးမျိုးမှာ စမ်းသပ် ပျံသန်းပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် laptop ကွန်ပျူတာဖြင့် ထိန်းချုပ်ကာ GPS စနစ်ကို အသုံးပြုပြီး မြေပုံပေါ်တွင် ထောက်ကာ ပျံသန်း နိုင်ပါသေးတယ်။
ဒီလို စွမ်းဆောင်ရည် ရှိပေမယ့် ဒရုန်းဟာ အလွယ်တကူ သယ်ယူနိုင်အောင် သေးငယ်ပြီး အထူး သေတ္တာများနှင့် ထည့်သွင်းထားနိုင်ပါတယ်။

စစ်ပွဲအတွင်း လိုအပ်သည့် ပစ္စည်းများကို သယ်ယူပို့ဆောင်ရာမှာ အန္တရာယ်ကြီးများသည့်အတွက် T150 ဒရုန်းများဟာ ယူကရိန်း စစ်သည်များအတွက် လိုအပ်သည့် အရာများကို ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်မှာပါ။
Molly T150 ကဲ့သို့ ဒရုန်းများကို Joint Tactical Aerial Resupply Vehicle (JTARV) များလို့ ခေါ်ပြီး နည်းဗျူဟာ အရ သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် အထူး အရေးပါပါတယ်။
T150 ဟာ အမေရိကန် ကာကွယ်ရေး ဌာနက ဦးစီးကျင်းပတဲ့ ၂၀၁၉ ခုနှစ် PMA-263 နည်းဗျူဟာမြောက် ပြန်လည် ဖြည့် တင်း ရေး မောင်းသူမဲ့လေယာဉ် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ဖူးပါတယ်။
Malloy Aeronautics ဟာ eVTOL သယ်ယူပို့ဆောင်ရေး ဒရုန်းများကို ယခုထက် ပိုမိုကောင်းမွန်အောင် ကြိုးစားနေပြီး အိမ်သုံး၊ စီးပွားရေး လုပ်ငန်းသုံးနှင့် စစ်ဘက်ဆိုင်ရာသုံး မျိုးကွဲ အမျိုးမျိုးကို ဆက်လက် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။