ယခင်က စိတ်ဖြင့် ပစ္စည်းတွေ ရွှေ့ပြတာမျိုးကို ရုပ်သံတွေ၊ စာစောင် မဂ္ဂဇင်းတွေမှာ မကြာခဏ ဖော်ပြလေ့ရှိပြီး ဒီဟာ စူပါ ပါဝါ တခုလို သတ်မှတ်ထားပါတယ်။
တချို့က ဒီလို ကိစ္စတွေကို စိတ်ကူးယဉ် ဆန်တဲ့ ကိစ္စတွေသာ ဖြစ်တယ်လို့ ထင်မြင်ကြပေမယ့် တိုးတက်လာတဲ့ ခေတ်ကြီးမှာ စိတ်ကိုသုံးပြီး ပစ္စည်းတွေ ရွှေ့နိုင်တော့မှာပါ။
မကြာသေးမီက တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များဟာ metamaterial လို့ခေါ်တဲ့ ပစ္စည်းကို အသုံးပြုပြီး အထက်ပါ အယူ အ ဆကို လက်တွေ့ ဖြစ်လာရန် လုပ်ဆောင်နေတယ်လို့ SciTechDaily က ဖော်ပြခဲ့ပါတယ်။
ယခင်က စမ်းသပ်မှုများ
၂၀၁၉ ခုနှစ်တုန်းက အတုအယောင် ဖန်တီးထားတဲ့ ပတ်ဝန်းကျင်မှာ telekinesis လို့ခေါ်တဲ့ စိတ်နှင့် ပစ္စည်းများကို ရွေ့လျားနိုင်ဖို့ CTRL-labs ကုမ္ပဏီက လုပ်ဆောင်ခဲ့ပါတယ်။
CTRL-kit လို့ခေါ်တဲ့ လက်ပတ်ကို ဝတ်ဆင်ထားတဲ့ လူဟာ 3D ဖြင့် ဖန်တီးထားသည့် နေရာမှ အရာဝတ္ထုများ၏ အမြန်နှုန်းကို ထိန်းချုပ်ရန်နှင့် ကောက်ယူရန် အတွက် စိတ်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

ဒီလုပ်ငန်းစဉ်ဟာ လူတွေကို အတုအယောင် ဖန်တီးထားတဲ့ ပတ်ဝန်းကျင်နှင့် ဆက်သွယ်ပုံကို အပြင်လောကနှင့် တုန့်ပြန်မှု တူညီလာအောင် ဆောင်ရွက်ပေးပါတယ်။
အလားတူ ၂၀၂၁ ခုနှစ်မှာတော့ Miami တက္ကသိုလ်မှ ကွန်ပျူတာနှင့် လူ့ဦးနှောက်ကို ချိတ်ဆက်နိုင်ဖို့ ယခင်က အသုံးပြုခဲ့သည့် အာရုံကြောကွန်ယက် ကဲ့သို့ ကွန်ပျူတာချစ်ပ်နှင့် ဝါယာများကို အသုံးမပြုဘဲ
လူ့ အာရုံကြောများနှင့် တိုက်ရိုက် တု့န်ပြန် ဆက်သွယ်မှုရှိတဲ့ nanoparticle များနှင့် ချိတ်ဆက်ပြီး စိတ်ဖြင့် ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးခဲ့ပါသေးတယ်။
အခုတော့ လေတပ် အင်ဂျင်နီယာ တက္ကသိုလ်မှ ပါမောက္ခ Shaobo Qu နှင့် ပါမောက္ခ Jiafu Wang၊ စင်္ကာပူ အမျိုးသား တက္ကသိုလ်မှ ပါမောက္ခ Cheng-Wei Qiu တို့ ပူးပေါင်းပြီး ဒီနည်းပညာကို ဖန်တီးနေပါတယ်။
အဆိုပါ သုတေသနကို “Remotely Mind-controlled Metasurface via Brainwaves” ဆိုတဲ့ခေါင်းစဉ်နှင့် လူ၏ စိတ်ဖြင့် အရာဝတ္ထုတွေကို ရွှေ့နိုင်ဖို့ ဆောင်နိုင်ဖို့ စာတမ်းအဖြစ် ဖော်ပြခဲ့တာပါ။

လူဦးနှောက်ဟာ တွေးခေါ်မှု ဖြစ်စဉ်တွေ အတွက် လှိုင်းများ ထုတ်လွှတ်လေ့ ရှိတာကိုတော့ ကျွန်တော်တို့အနေဖြင့် သိရှိပြီးသား ဖြစ်ပါတယ်။
သုတေသီများဟာ ဒီ ဦးနှောက်လှိုင်းများကို စုစည်းပြီး အချက်ပြမှုများအဖြစ် အသုံးပြုကာ အရာဝတ္ထုများကို စိတ်နှင့် ထိန်း ချုပ်နိုင်အောင် လုပ်ဆောင်ဖို့ သီအိုရီထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနည်းပညာ အောင်မြင်သွားပါက metasurfaces လို့ခေါ်တဲ့ လူသားဆံပင်၏ အပုံ ၅၀ ပုံ ၁ ပုံထက် သေးသည့် အမှုန်များကို စိတ်ဖြင့် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုလုပ်ဆောင်ခဲ့သလဲ
ဒီလို အောင်မြင်မှုကို ရရှိဖို့အတွက် သုတေသီများဟာ Bluetooth ကို အသုံးပြုပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သုတေသီများဟာ ဦးနှောက်လှိုင်းများကို ကြိုးမဲ့နည်းဖြင့် Bluetooth မှ တဆင့် ထိန်ချုပ်ရေး ကိရိယာ ချိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဒီနည်းပညာ၏ နောက်ဆုံး ပန်းတိုင်ကတော့ ပရိုဂရမ်ထုတ်လို့ရသည့် metasurfaces များသို့ လျှပ်စစ်သံလိုက်လှိုင်းများ ၏ တုန့်ပြန်မှုကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။
အဲဒီ့နောက်မှာတော့ သုတေသီများဟာ အယ်လ်ဂိုရီသမ်များနှင့် ပေါင်းစပ်ပြီး 5G/6G ဆက်သွယ်ရေး၊ ကျန်းမာရေး ကဏ္ဍနှင့် စမတ် အာရုံခံ ကိရိယာများတွင် အကန့်အသတ်မရှိ အသုံချဖို့ ရည်ရွယ်ထားပါတယ်။
ဒီနည်းပညာဟာ ဆက်လက်တိုးတက်ဖို့ လုပ်ဆောင်ရန် လိုအပ်နေသေးပြီး ၎င်းနှင့် ပတ်သက်သည့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများကိုတော့ မေးခွန်းထုတ်မှုတွေ ရှိနေကြပါတယ်။
မည်သို့ပင် ဆိုစေကာမူ ဒီလို စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ စူပါ ပါဝါမျိုးဟာ အနာဂါတ်မှ ပေါ်ထွက်လာဖို့ လမ်းစတခုတော့ ရရှိနေပြီ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။