Elon Musk ဟာ မကြာသေးခင်ကပဲ ၎င်း၏ Tesla AI Day ကို ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပမည့် အစား စက်တင်ဘာ လ ၃၀ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လက လူနှင့် တူသည့် Tesla Bot စက်ရုပ်များကို ထုတ်လုပ်မယ်လို့ AI Day နည်းပညာ ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောခဲ့တာပါ။
ဒီစက်ရုပ်တွေကို လူသားတွေ အတွက် အန္တရာယ်ရှိတဲ့ အလုပ်တွေ၊ ပျင်းရိစရာ ကောင်းပြီး လူတွေ ထပ်ခါ တလဲလဲ လုပ်ရတဲ့ အလုပ်တွေ နေရာမှာ အစားထိုးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ့ အချိန်က ယခု စက်ရုပ်များကို ၂၀၂၂ ခုနှစ် အတွင်းမှာ ရှေ့ပြေးပုံစံ ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။
၎င်း Version 1 ဟာ ၂၀၂၃ ခုနှစ်မှာတောင် စတင် ထုတ်လုပ် နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောခဲ့တာပါ။
Musk ကတော့ AI Day ရက်အား ရွှေ့ပြောင်းသည့် အစီအစဉ်အား Twitter တွင် ပြောခဲ့စဉ် Tesla Bot စက်ရုပ် ဖြစ်သည့် Optimus သို့မဟုတ် Optimus Subprime ၏ ရှေ့ပြေးပုံစံကို မြင်ရမယ်လို့ ပြောခဲ့ပါတယ်။

ရုပ်ရှင်တွေထဲမှာ ပါတဲ့ စက်ရုပ်တွေဟာ ရုပ်ရှင်မင်းသားတွေ သရုပ်ဆောင်ထားတာဖြစ်ပြီး တကယ့် စက်ရုပ်မဟုတ်ပါဘူး ၎င်းရဲ့ စက်ရုပ်ကတော့ ကတော့ တကယ့် စက်ရုပ်ဖြစ်လာမှာပါ လို့လည်း Musk က ယခင်က ပြောခဲ့ဖူးပါတယ်။
ကုမ္ပဏီ အဆိုအရ စက်ရုပ်ကို ပေါ့ပါးသည့် ပစ္စည်းများ နှင့် တည်ဆောက်ထားမှာ ဖြစ်ပြီး လူလှုပ်ရှား မှုလောက် လှုပ်ရှားနိုင်တဲ့ လက်များနှင့် ဝင်ရိုးနှစ်ခုပါတဲ့ ခြေထောက်တွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။
Tesla မှ စက်ရုပ်ကို ကားမဟုတ်သည့် စက်ရုပ်အဖြစ် အဆိုပြုထားပြီး ၎င်းကို ကုမ္ပဏီ၏ Tesla ကားများအား လမ်းညွှန်မှုနှင့် လမ်းကြောင်းရှာဖွေမှုများအတွက် အသုံးပြုသည့် စူပါကွန်ပျူတာ Dojo အဆင့်မြင့် အာရုံခံ ကွန်ယက်နှင့် တွဲဖက် အသုံးပြုမှာ ဖြစ်ပါတယ်။
“ဒါကို လူသားဆန်တဲ့ ပုံစံပေါ်ကို ထည့်သွင်းလိုက်တာ အဓိပ္ပါယ် ရှိပါတယ်” လို့ Musk က ၎င်း၏ စနစ်အား စက်ရုပ်တွင် အ သုံး ပြုသည့် အကြောင်းကို CNET သို့ ရှင်းပြခဲ့ပါတယ်။
လူပုံစံ စက်ရုပ်ဟာ အမြင့် ၅ ပေ၊ ၈ လက်မ ရှိမှာဖြစ်ပြီ ဦးခေါင်း မျက်နှာပြင်တွင် အလိုအလျှောက် အာရုံခံ ကိရိယာတွေ၊ ကင်မရာတွေ စသည့် အသုံးဝင်တဲ့ သတင်းအချက်အလက်များကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

စက်ရုပ်ရဲ့ အလေးချိန်ဟာ ၁၂၅ ပေါင်ရှိမှာဖြစ်ပြီး ၄၅ ပေါင် အလေးချိန်ရှိတဲ့ အရာဝတ္တုကို သယ်ဆောင်နိုင်ကာ ပေါင် ၁၅၀ ရှိတဲ့ အရာဝတ္တုကို မနိုင်မှာ ဖြစ်ပါတယ်။
သွားလာရာတွင်လည်း တစ်နာရီလျှင် ၅ မိုင် အမြန်နှုန်းဖြင့် သွားလာနိုင်မှာ ဖြစ်ပါတယ်။
စက်ရုပ်၏ လက်မောင်း၊ လက်များနှင့် ခြေထောက်များအတွက် မော်တာ ၁၂ လုံး၊ ရင်ဘတ်တွင် ၂လုံး နှင့် လည်ပင်းတွင် ၂ လုံး အပါအဝင် စုစုပေါင်း မော်တာစနစ် ၄၀ လောက် တပ်ဆင်ထားပါတယ်။
ဒါ့အပြင် Tesla ကားများတွင် အသုံးပြုနေသည့် Tesla FSD (full self-driving) computer လို့ခေါ်တဲ့ အလိုအလျှောက်သွား လာနိုင်သည့် ကွန်ပျူတာ စနစ်ကို တပ်ဆင်ပေးထားဦးမှာပါ။
ဒါ့ကြောင့် Elon Musk ၏ စက်ရုပ်အသစ်ဟာ အလိုအလျှောက် စနစ် အပြည့်အဝနှင့် လူ့ထိန်းချုပ်မှု သိပ်မလိုအပ်ဘဲ လုပ် ဆောင်နိုင်စွမ်း ရှိဖို့ အလားအလာများပါတယ်။
ဒီလို စနစ်တွေကြောင့် စက်ရုပ် အသစ် ဖြစ်လာမယ့် Optimus ဟာ ဈေးနှုန်း ကြီးမြင့်မယ်လို့ ထင်ရနိုင်ပါတယ်။

အံ့အားသင့်စရာ အနေဖြင့် Musk က ၎င်း၏ လူသားပုံစံ စက်ရုပ်ဟာ ကားတစင်းထက် ကုန်ကျစရိတ် နည်းမယ်လို့ ဆိုခဲ့ပါတယ်။
အစောပိုင်း ကုန်ကျစရိတ်ဟာ မြင့်မား နေရင်တောင် ထုတ်လုပ်မှု လုပ်ငန်းစဉ် ကုန်ကျ စရိတ်များကို ကာမိပါက နောက်ပိုင်းမှာ ဈေးနှုန်းဟာ ထက်ကျလာဦးမယ်လို့ ဆိုပါတယ်။
အဲဒီ့နောက်မှာတော့ ဒီလို စက်ရုပ်တွေရဲ့ အသုံးဝင်မှုဟာ နှစ်တွေကြာလာတာနှင့် ပိုမို တိုးတက်လာပြီး ထုတ်လုပ်မှု ကုန်ကျ စရိတ် တွေဟာလည်း လျော့ကျလာမယ်လို့ Musk က ပြောပါတယ်။
စက်ရုပ်အနေဖြင့် ဒေါ်လာ ၁၀,၀၀၀ လောက် ကုန်ကျနိုင်မယ်လို့ ခန့်မှန်းမှုတွေ ရှိနေပေမယ့် လစဉ်ကြေးနှင့် ပေးဆောင်ရတာမျိုးတွေလည်း ဖြစ်လာနိုင်ချေရှိပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် စက်တင်ဘာ ၃၀ မှာ ကျင်းပမည့် AI Day မှာ Elon Musk ရဲ့ Optimus စက်ရုပ်ဟာ ဘယ်လောက် အထိ စွမ်းဆောင်ရည်ကောင်းမလဲ စောင့်ကြည့်ရတော့မှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။