လူသားမျိုးနွယ်တွေ ပျောက်ကွယ် မသွားခင် Black Box ဖြင့် မှတ်တမ်းတင်မည့် စီမံကိန်း အကြောင်း

Science Tech

ကမ္ဘာကြီးဟာ လက်ရှိ အချိန်အထိ ပျက်စီးနိုင်ချေ မရှိသေးပေမယ့် အကြောင်း တခုခုကြောင့် ပျက်စီးခဲ့ရင် ဆိုတဲ့ သီအိုရီ ကတော့ ရှိနေပါသေးတယ်။

တကယ်လို့ လူအဖွဲ့အစည်း တခုလုံး ပျက်စီးသွားခဲ့ရင် ဘာတွေ ကျန်နေခဲ့မလဲ ဆိုတာ တွေးစရာပါ။

ဟုတ်ပါတယ်။ ကြိုတင်ပြင်ဆင်မှု တခု ပြုလုပ်မထားရင် လူတွေ ရှိနေခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေ၊ လူတွေ ဖန်တီးခဲ့တဲ့ အရာတွေကို နောက်ထက် လူကဲ့သို့ အသိဥာဏ်မြင့် သက်ရှိတွေ ပေါ်ပေါက်လာပါက သိရှိနိုင်မှာ မဟုတ်ပါဘူး။

သုတေသီ အဖွဲ့တခုဟာ ဒီ အနေအထားတခုကို ပြောင်းလဲဖို့အတွက် ဖြေရှင်းချက်တခု ရှာဖွေနေပါတယ်။

အဲဒါကတော့ လူတွေပျက်သုဉ်း ပျောက်ကွယ်သွားခဲ့ပါက နောင်ပေါ်ပေါက်လာမယ့် အသိဥာဏ်မြင့် လူသားကဲ့သို့ သက်ရှိများအတွက် သိပ္ပံ အချက်အလက်များကို သိမ်းဆည်းထားမယ့် ဖျက်ဆီးလို့ မရမယ့် သေတ္တာတခု ဖန်တီးဖို့ပါပဲ။

Image: Courtesy of Earth’s Black Box

လေယာဉ်များတွင် လေယာဉ်၏ အချက်အလက် မှတ်တမ်းများ သိမ်းဆည်းသည့် Black Boxသေတ္တာ တလုံးပါဝင်ပြီး လေယာဉ် တခုခု ဖြစ်ခဲ့ပါက အဆိုပါ သေတ္တာကိုဖွင့်ကာ အချက်အလက်များကို ကြည့်ရှုခြင်းဖြင့် ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ သိနိုင်ပါတယ်။

အလားတူပဲ သိပ္ပံပညာရှင်များဟာ ဩစတေးလျနိုင်ငံ တက်စမန်နီးယားပြည်နယ် အစွန်အဖျားတွင် Earth’s Black Box လို့ခေါ်တဲ့ ကြီးမားလှတဲ့ သံမဏိဖြင့် ပြုလုပ်ထားတဲ့ အဆောက်အအုံကြီးကို တည်ဆောက်မှာပါ။

ဒီ Earth’s Black Box ဟာ လေယာဉ်တွေမှာ တပ်ဆင်ထားတဲ့ Black Box လိုပဲ ကမ္ဘာတွင် နောက်ဆုံးရှိခဲ့တဲ့ သိပ္ပံ အချက်အလက်များကို မှတ်သားပေးထားမှာ ဖြစ်ပါတယ်။

မဖျက်ဆီးနိုင်လောက်အောင် ခိုင်ခံ့တဲ့ မှတ်တမ်းတင်ရာ နေရာ

ဒီ စီမံကိန်းကြီးကို တက်စ်မန်နီးယား ပြည်နယ် တက္ကသိုလ်မှ သုတေသီများ၊ ဈေးကွက် ရှာဖွေရေး အေဂျင်စီ တခုဖြစ်တဲ့ Clemenger BBDO နှင့် တီထွင်ဖန်တီးမှု အေဂျင်စီ တခုဖြစ်တဲ့ Glue Society တို့ ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဖွဲ့ဟာ သေတ္တာကြီးကို လေထုတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ၊ ပင်လယ်ပြင် အပူချိန် နှင့် ကမ္ဘာလုံးအတိုင်းအတာ စွမ်းအင်သုံးစွဲမှု စသည့် အချက်အလက်များကို မှတ်တမ်းတင်နိုင်ဖို့ ဒီဇိုင်းဆွဲနေပါတယ်။

Image: Courtesy of Earth’s Black Box

ဒါ့အပြင် ၎င်းဟာ အင်တာနက်နှင့် ချိတ်ဆက်ထားပြီး သတင်းခေါင်းကြီးပိုင်းများ လူမှုကွန်ယက်မှ အကြောင်းအရာ အချက်အလက်များကိုလည်း မှတ်တမ်း တင်မှာပါ။

“ဒီစိတ်ကူးက ရာသီဥတု ဖောက်ပြန်မှုကြောင့် ကမ္ဘာပျက်သွားရင် ဒီ ဖျက်ဆီးလို့မရတဲ့ မှတ်တမ်းတင်စက်မှ နေပြီး ကျန်ရှိနေတဲ့ ဘယ်သူမဆို အဲဒီ့ကနေ သင်ယူဖို့ ကျန်နေခဲ့မှာပါ” လို့

Clemenger BBDO မှ ဖန်တီးမှုဆိုင်ရာ ဒါရိုက်တာ ဖြစ်တဲ့ Jim Curtis က Australian Broadcasting Corporation (ABC) ရုပ်သံဌာန သို့ ပြောပြခဲ့ပါတယ်။

ဖွဲ့စည်းတည်ဆောက်ပုံ

သေတ္တာကြီးကို ၃ လက်မ အထူရှိတဲ့ ထူထဲလှတဲ့ သံမဏိနှင့် နှမ်းဖတ်ကျောက်သားတို့ဖြင့် တွဲဖက် ပြုလုပ်ထားပြီး မြေပြင်မှ ထိုးထွက်နေသည့် ပုံစံ တည်ဆောက်ထားပါတယ်။

Image: Courtesy of Earth’s Black Box

အတွင်းဘက်တွင် အင်တာနက်နှင့် ချိတ်ဆက်ထားသည့် သိမ်းဆည်းမှု စနစ်များ ပါဝင်ပြီး အမိုးပေါ်မှ နေရောင်ခြည်စွမ်းအင်ပေး ဆိုလာပြားများနှင့် စွမ်းအင်ရရှိစေမှာ ဖြစ်ပါတယ်။

နောက်ဆက်တွဲ

“တကယ်လို့ အဆိုးဆုံး အခြေအနေရောက်လို့ စွမ်းအင်စနစ်တွေ ရပ်တန့်သွားရင်တောင် ဒီအရာက ရှိနေဦးမှာပါ” လို့ Glue Society ကို တွဲဖက် တည်ထောင်သူ Jonathan Kneebone က ABC ရုပ်သံသတင်းဌာနကို ပြောပြပါတယ်။

လက်ရှိ အဖွဲ့၏ ကြုံတွေ့နေရသည့် အဓိက ပြဿနာမှာ လူသားတွေ မရှိတော့တဲ့နောက် နောင်ဖြစ်လာမယ့် အသိဥာဏ်မြင့် သက်ရှိတွေ ဒီ Black box မှာ ပါဝင်တဲ့ အချက်အလက်တွေကို ရရှိနိုင်ဖို့ ဘယ်လို ကူညီမလဲ ဆိုတာပါပဲ။

ဟုတ်ပါတယ်။ ဘာသာစကားမတူ သလို ပုံပန်း သဏ္ဍာန်လဲ တူချင်မှ တူမယ့်အပြင် အသိဥာဏ်ဟာလည်း ပိုမြင့်ချင်မှ မြင့်နိုင်မယ့် မျိုးဆက်သစ် သက်ရှိတွေအနေနဲ့ ဒီအရာကို နားလည်ဖို့ ခက်ခဲပါလိမ့်မယ်။

Image: Courtesy of Earth’s Black Box

၎င်းတို့အနေဖြင့် ကျွန်တော်တို့ ဘာလဲဆိုတာ သိပြီးသားဖြစ်တဲ့ ဒီ Black Box ကြီးကို ထူးခြား ဆန်းပြားတဲ့ ကျောက်တိုင်ကြီး အဖြစ် မြင်ရင် မြင်နေ ပါလိမ့်မယ်။

လက်ရှိ ဒီစနစ် အလုပ်လုပ်နေပုံကို ၎င်း၏ Website ဖြစ်တဲ့ ” Earth’s Black Box မှာ သွားရောက် လေ့လာ နိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.