အမေဇုန် မိုးသစ်တောကြီး၏ ကမ္ဘာကြီးအတွက် အလွန် အရေးပါနေတဲ့ အကြောင်းအရာများ

Article Nature

အမေဇုန်မိုးသစ်တောကြီးဟာ ကမ္ဘာ့အကြီးဆုံး မိုးသစ်တောကြီး ဖြစ်ပြီး ကုန်းမြေ စတုရန်း မိုင်ပေါင်း ၂ သန်းကျော်ကို လွှမ်းခြုံထားပါတယ်။

၎င်းဟာ တောင်အမေရိကနိုင်ငံ ၊ ကိုးနိုင်ငံဖြစ်တဲ့ ဘရာဇီး၊ ကိုလံဘီယာ၊ ပီရူး၊ ဗင်နီဇွဲလား၊ အီကွေဒေါ၊ ဘိုလီးဗီးယား၊ ဂိုင်ယာနာ၊ ဆူရီနမ် နှင့် ပြင်သစ်ဂီယာနာ တို့ကို ဖြတ်ပြီး ဖြန့်ကျက်ထားတာပဲ ဖြစ်ပါတယ်။

စိမ်းလန်းစိုပြေတဲ့ ဒေသတွေဟာ ရပ်နီးရပ်​ဝေး နေထိုင်တဲ့ ရပ်ရွာများအတွက် အရေးကြီးတဲ့ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။

ဌာနေ အသိုက်အဝန်း ၅၀၀ နီးပါးကတော့ အမေဇုန် မိုးသစ်တောကြီးကို အိမ်ဟု တင်စားခေါ်ဝေါ်ကြပါတယ်။

၎င်းမှာဆိုရင် မရေမတွက်နိုင်တဲ့ အပင်​တွေနှင့် တိရိစ္ဆာန်မျိုးစိတ်တွေ နေထိုင်တည်ရှိရာ အလွန်ဇီဝမျိုးစုံ မျိုးကွဲဂေဟစနစ်လည်း ဖြစ်ပါတယ်။

မိုးသစ်တောတွေဟာ ကိုယ်ပိုင်ရာသီဥတုကို ဖန်တီးနိုင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ရာသီဥတု​တွေကိုလည်း လွှမ်းမိုးနိုင်ကြပါတယ်။

ကံမကောင်းတာတစ်ခုက အဆိုပါ ပျက်စီးလွယ်တဲ့ မိုးသစ်တောကြီးရဲ့ဂေဟစနစ်ဟာ သစ်တောပြုန်းတီးမှုရဲ့ အဆက်မပြတ် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီး တောမီးလောင်ကျွမ်းမှုဒဏ်ကိုလည်း ဆိုးရွားစွာ ခံနေရပါတယ်။

အမေဇုန် မိုးသစ်တော ဒေသဟာ ဘာလို့အရေးကြီးတာလဲ။

များပြားလှတဲ့ တိရစ္ဆာန်တွေရဲ့ ခိုလှုံရာ

အမေဇုန်မိုးသစ်တောကြီးထဲမှာဆိုရင် ရေကန်ထဲမှာ ခုန်ပေါက်နေတဲ့ အဆိပ်ဖားတွေကနေ ညအမှောင်ထဲမှာ ကျက်စားနေတဲ့ ကျားသစ်တွေအထိ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအရှိဆုံး အပင်နှင့် တိရစ္ဆာန်အချို့ကို ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် အရေးကြီးပါတယ်။

ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်ရန်ပုံငွေအဖွဲ့ကတော့ ၎င်းဟာ ကမ္ဘာ့မျိုးစိတ်တွေရဲ့ ၁၀ ရာခိုင်နှုန်းအထိ နေထိုင်ရာ ကမ္ဘာပေါ်မှာ ကွဲပြားမှုအရှိဆုံးဂေဟစနစ်များထဲမှ တစ်ခု ဖြစ်တယ် ဟုဆိုပါတယ်။

သစ်ရွက်အမှိုက်တွေကနေတောင်မှ ကျက်စားတဲ့ အင်းဆက်မျိုးစိတ်ပေါင်း၂.၅ သန်းကျော်ရှိပါတယ်။ National Geographic ရဲ့ အဆိုအရ အကြမ်းဖျင်းအားဖြင့် ငှက်မျိုးစိတ် ၁,၃၀၀၊ ငါးမျိုးစိတ် ၃,၀၀၀ နှင့် နို့တိုက်သတ္တဝါမျိုးစိတ် ၄၃၀ ခန့်တို့ရှိတယ်ဟု သိရပါတယ်။

အဆိုပါ တိရစ္ဆာန်လေးတွေဟာ မိုးသစ်တောကြီး ကျန်းမာသန်စွမ်းစေဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်ပါတယ်။

ဥပမာအနေနဲ့ နို့တိုက်သတ္တဝါတွေရဲ့ မစင်​တွေနှင့် အစာအညစ်အကြေး​တွေမှတဆင့် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို မိုးသစ်တောကြီးမှ ရရှိပါတယ်။

အဆိုပါ အာဟာရဓာတ်များ ဝင်ရောက်လာမှုဟာ မြေဆီလွှာရှိ အဏုဇီဝများကို လေထုထဲသို့ ထုတ်လွှတ်မည့်အစား ကာဗွန်ကို ပိုမိုကောင်းမွန်စွာ သိုလှောင်နိုင်ဖို့ ကူညီပေးပါတယ်။

ကျယ်ကျယ်ပြန့်ပြန့်ပေါက်ရောက်နေတဲ့ အပင်တွေရဲ့ဖြစ်တည်မှု

အမေဇုန်မိုးသစ်တောကြီးထဲမှာ အပင်မျိုးစိတ်ပေါင်း ၄၀,၀၀၀ ကျော်ကို တွေ့ရှိခဲ့ရပါတယ်။

၎င်းတို့အများစုဟာ အရေးကြီးတဲ့ ဆေးဖက်ဝင်အပင်တွေအပါအဝင် ကျွန်ုပ်တို့ စားသုံးလေ့ရှိတဲ့ အပင်တွေလည်း ပေါက်ရောက်စိုက်ပျိုးလို့ရပါတယ်။

ချောကလက်၊ သစ်ကြံပိုးခေါက်၊ ငရုတ်ကောင်းနှင့် ကော်ဖီတို့အပါအဝင် အပင်အများအပြားကို မိုးသစ်တောမှာ စိုက်ပျိုးကြပါတယ်။

ရော်ဘာပင်တွေကလည်း ကျွန်ုပ်တို့ရဲ့ကမ္ဘာမြေကို အတူတကွ ထိန်းထားနိုင်သည့်အပြင် စေးကပ်တဲ့ အဖြူရောင်ထုတ်ပေးပြီး မိုးသစ်တောမှာနေထိုင်တဲ့ ဌာနေတိုင်းရင်းသားလူမျိုးများအတွက် ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်စေပါတယ်။

အမေဇုန်မှာပေါက်ရောက်နေတဲ့ အပင်တွေဟာ ဂေဟစနစ်ကို ထိန်းညှိရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။

အမေဇုန်ရှိ အပင်တွေဟာ ကိုယ်ပိုင် ရာသီဥတုကို ဖန်တီးကြပါတယ်။ Transpiration ဟုခေါ်တဲ့ လုပ်ငန်းစဉ်အားဖြင့် အပင်တွေဟာ ၎င်းတို့ရဲ့ အရွက်အောက်နားရှိ ချွေးပေါက်များမှ ရေငွေ့များကို ထုတ်လွှတ်ပါတယ်။

စိမ်းလန်းစိုပြေတဲ့သစ်တောထဲမှာ ရေ​တွေပိတ်လှောင်ထားနိုင်ဖို့ တိမ်ထူ မြူငွေ့များကိုဖန်တီးပေးကာ အစိုဓာတ်ဝင်ရောက်မှုမှတဆင့် အပင်တွေကို ရှင်သန်စေပါတယ်။

အမေဇုန်မြစ်ရဲ့ ကြွယ်ဝမှုများ

အမေဇုန်မြစ်ဟာ နိုင်းမြစ်ရဲ့နောက် ကမ္ဘာ့ဒုတိယအရှည်ဆုံးမြစ် ဖြစ်ပါတယ်။ အမေရိကန် ဘူမိဗေဒ စစ်တမ်းများအရ အဆိုပါမြစ်ရဲ့ ကွေ့ကောက်တဲ့ ရေလမ်းတွေဟာ အကြမ်းဖျင်းအားဖြင့် မိုင် ၄၀၀၀ နီးပါး ဖုံးလွှမ်းထားပါတယ်။

National Geographic က အမေဇုန်ဟာ ကမ္ဘာပေါ်မှာ မိုးရေချိန် အမြင့်ဆုံးဖြစ်ပြီး နှစ်စဉ် မိုးရေ ကုဗမိုင် ၃၇၀၀ ကျော် ကောင်းကင်ကနေ ကျဆင်းနေတာပါဟု ဆိုပါတယ်။

အမေဇုန်မြစ်တလျှောက် ရေတိမ်ဒေသတွေမှာဆိုရင် ဇီဝမျိုးစုံမျိုးကွဲများစွာဟာ မယုံနိုင်လောက်အောင် ကြွယ်ဝပေါများပါတယ်။

အကွေ့အကောက်တွေများတဲ့ အမေဇုန်မြစ်ထဲမှာ မိကျောင်းတွေ၊ ငါးမန်းတွေ နှင့် မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့ ပန်းရောင်မြစ်လင်းပိုင်​တွေအပါအဝင် မျိုးစိတ်ပေါင်းများစွာရဲ့ နေထိုင်ရာနေရာ ဖြစ်ပါတယ်။

မကြာသေးမီက လေ့လာမှုတစ်ခုအရ အမေဇုန်ရှိ စိုစွတ်တဲ့မြေတွေဟာ အမေဇုန်တစ်ခုလုံး ရေတွက်ထားတဲ့ သစ်ပင်မျိုးစိတ်ပေါင်း ၆၇၂၇ ကျော်ရဲ့ ၅၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

ကာဗွန်နှင့် အောက်ဆီဂျင် သံသရာ

အမေဇုန်မိုးသစ်တောကြီးဟာ ကမ္ဘာ့အောက်ဆီဂျင်နှင့် ကာဗွန်စက်ဝန်း​တွေကို ထိန်းညှိရာမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

၎င်းဟာ ကမ္ဘာ့အောက်ဆီဂျင်ရဲ့ ၆ ရာခိုင်နှုန်းခန့်ကို ထုတ်လွှတ်ပြီး လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ် အများအပြားကို အလွယ်တကူ စုပ်ယူပေးပြီး ကာဗွန်စုပ်ယူသည့် အဓိက နေရာအဖြစ် လုပ်ဆောင်ပါတယ်။

သို့သော်လည်း သစ်ပင်များခုတ်ထွင်ပြီး သစ်တောများ မီးလောင်တဲ့အခါမှာတော့ ကာဗွန်​တွေကို စိုးရိမ်ဖွယ်ရာနှုန်းဖြင့် လေထုထဲသို့ ထုတ်လွှတ်ပါတယ်။

မကြာသေးမီက သုတေသန ပြုလုပ်ချက်များအရ အဆိုပါ သစ်တောတွေရဲ့ လောင်ကျွမ်းမှုဟာ ၎င်းတို့ စုပ်ယူတာထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုမို ထုတ်လွှတ်နိုင်ကြောင်း ပြောဆိုထားပါတယ်။

ကျွန်ုပ်တို့လူသားတွေအနေနဲ့ ပျက်စီးလွယ်တဲ့ ဂေဟစနစ်ရဲ့ အစိတ်အပိုင်းအများအပြားကို ထိန်းသိမ်းနိုင်မည်ဆိုရင် မိုးသစ်တောတွေဟာ ကာဗွန်စုပ်ယူရာ နေရာအဖြစ် အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်မှာ ဖြစ်တယ် ဟု သိပ္ပံပညာရှင်များက ယုံကြည်​နေကြပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.