William James Sidis ဟာ သာမန် အဆင့်နိမ့် ရုံးစာရေး အဖြစ်နဲ့သာ ကွယ်လွန်သွားခဲ့သော်လည်း အသက်ရှင်ခဲ့သမျှထဲမှာ ဉာဏ်အထက်မြက်ဆုံး လူတစ်ယောက် ဖြစ်ပါတယ်။
William James Sidis ဟာ ခန့်မှန်းချေ အိုင်ကျူ ၂၅၀ မှ ၃၀၀ ရှိပြီး ၁၉ ရာစုနှောင်းပိုင်း ဉာဏ်ရည်အထက်မြက်ဆုံးဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူရဲ့ဉာဏ်ရည် ထက်မြက်မှုတွေက သူ့ကို ဒုက္ခတွေကနေ မကယ်တင် နိုင်ခဲ့ပါဘူး။
ဉာဏ်အကောင်းဆုံး လူသားဖြစ်တဲ့ William James Sidis ကို ၁၈၉၈ ခုနှစ်တွင် အမေရိကမှာ မွေးဖွားခဲ့တာဖြစ်ပြီး သူရဲ့IQ အတိုင်းအတာဟာ ၂၅၀ နှင့် ၃၀၀ ကြားရှိပါတယ်။
သူ့ရဲ့မိဘနှစ်ပါးဖြစ်ကြတဲ့ Boris နဲ့ Sarahတို့ဟာလည်း အတော်လေး ဉာဏ်ရည်ထက်မြက်ကြပါတယ်။
Boris ဟာ လူသိများတဲ့ စိတ်ကုထုံး ပညာရှင်ဖြစ်ပြီး Sarah ကတော့ ဆရာဝန်ဖြစ်ပါတယ်။ အချို့သော သတင်းများအရ ၎င်းတို့ဟာ နယူးယောက်မြို့တွင် အခြေချနေထိုင်ကြပြီး အချို့ကတော့ ဘော်စတွန်တွင် အခြေချနေထိုင်ကြောင်း အမျိုးမျိုးပြောဆိုခဲ့ကြပါတယ်။
ဘာပဲပြောပြော ၎င်းတို့ဟာ သူတို့ရဲ့ ထက်မြက်တဲ့ ကလေးငယ်အတွက် အလွန်ပျော်ရွှင်နေကြပြီး ကလေးငယ်ရဲ့ အစောပိုင်းလေ့လာမှုကို တိုးတက်စေဖို့ အတွက် စာအုပ်တွေ ဝယ်ယူတဲ့ နေရာမှ ငွေကြေးများစွာ သုံးစွဲခဲ့ကြပါတယ်။
ဒါပေမဲ့ သူတို့ကလေးငယ်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကြောင့် လျင်မြန်စွာ သင်ယူတက်မြောက်တာကို သတိမထားမိခဲ့ကြပါဘူး။
William James Sidis ရဲ့ ကလေးဘဝ
William James Sidis ဟာ အသက် ၁၈ လအရွယ်မှာ New York Times ကို ဖတ်နိုင်ခဲ့ပါတယ်။

အသက်ခြောက်နှစ်အရွယ်မှာ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ရုရှား၊ ဟီးဘရူး၊ တူရကီနှင့် အာမေးနီးယန်း အပါအဝင် ဘာသာစကားအမျိုးမျိုးကို ပြောဆိုနိုင်ခဲ့ပါတယ်။
ဒါတွေတင် မကသေးပါဘူး၊ Sidis ဟာ သူ့ကိုယ်ပိုင် ဘာသာစကားကို ငယ်ငယ်လေး ကတည်းက တီထွင်ခဲ့ပါသေးတယ်။ ဉာဏ်ရည်ထက်မြက်တာကြောင့် ကလေးငယ်ဟာ ကဗျာ၊ ဝတ္ထုတစ်ပုဒ်ကိုတောင် ရေးစပ်နိုင်ခဲ့ပါတယ်။
Sidis ကို ဟားဗတ်တက္ကသိုလ်က ၉ နှစ်သား အရွယ်မှာ လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းက သူ့ကို အသက် ၁၁ နှစ်အထိ သင်တန်းတွေ တက်ခွင့်တော့ မပေးသေးပါဘူး။
၁၉၁၀ မှာ Sidisဟာ လေးဖက်မြင်အရာဝတ္ထုများရဲ့ အလွန်ခက်ခဲတဲ့အကြောင်းအရာတွေကို ကျောင်းသားတစ်ဦးအဖြစ် ဟားဗတ်သင်္ချာအတန်းမှာ ပို့ချခဲ့ပါတယ်။
Sidis ဟာ ၁၉၁၄ ခုနှစ် ဘွဲ့ရခဲ့တဲ့အချိန်မှာ သူရဲ့အသက်ဟာ အသက်ဆယ့်ခြောက်နှစ်ရှိနေပြီ ဖြစ်ပါတယ်။
William James Sidis ရဲ့ IQ အကြောင်း
William Sidis ရဲ့ ဥာဏ်ရည်နဲ့ ပတ်သတ်ပြီး နှစ်များစွာ အငြင်းအခုံဖြစ်ခဲ့ကြပါတယ်။
သူရဲ့ ဥာဏ်ရည် စမ်းသပ်မှု မှတ်တမ်းများဟာ ပျောက်ဆုံး သွားတဲ့အတွက်ကြောင့် သမိုင်းပညာရှင်တွေဟာ မှန်းဆလေ့လာမှုတွေ အချိန်နှင့်အမျှ ပြုလုပ်ခဲ့ရတယ်ဟု ဆိုပါတယ်။
ရှုထောင့်တွေအရတော့ ဥာဏ်ရည် IQ အမှတ် ၁၀၀ ကိုပုံမှန်လို့ သတ်မှတ်ထားပြီး ၇၀ အောက်ကိုတော့ ညံ့ဖျင်းတယ်ဟု ယူဆကြပါတယ်။ IQ အမှတ် ၁၃၀ အထက်ဆိုရင်တော့ ဉာဏ်အလွန် ကောင်းတယ်ဟု သတ်မှတ်ထားကြပါတယ်။
Albert Einstein မှာ IQ ၁၆၀ ၊ Leonardo da Vinci မှာ IQ ၁၈၀ နဲ့ Isaac Newton မှာ IQ ၁၉၀ အသီးသီးရှိကြပါတယ်။

William James Sidis မှာတော့ IQ ၂၅၀ မှ ၃၀၀ အထိ ရှိတယ်ဟု ဆိုပါတယ်။ Sidis ဟာ ဉာဏ်ရည် ထက်မြက်လွန်းတာကြောင့် သူ့ရဲ့ ဥာဏ်ရည်ဟာ သာမန် လူသားသုံးယောက်နဲ့ ညီမျှပါတယ်။
Sidisဟာ ဉာဏ်ရည်ထက်မြက်မှု ရှိပေမဲ့ သူ့ကို နားမလည်တဲ့ လူတွေ ပြည့်နက်နေတဲ့ ကမ္ဘာကြီးနဲ့ ရောထွေးနေဖို့ ခက်ခဲခဲ့ပါတယ်။
အသက် ၁၆ နှစ်မှာ ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် သတင်းထောက်တွေကို “ကျွန်တော် ပြီးပြည့်စုံတဲ့ဘဝနဲ့ နေထိုင်ချင်ပါတယ်” လို့ ပြောပါတယ်။
ပြီးပြည့်စုံတဲ့ဘဝနေထိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက တစ်ယောက်တည်း နေဖို့ ဖြစ်တယ်ဟုဆိုပြီး လူစုလူဝေးတွေကို အမြဲတမ်းမုန်းတီးနေခဲ့ပါတယ်။
Sidis ဟာ တက္ကဆက်ပြည်နယ်၊ ဟောက်စတန်ရှိ Rice Institute မှာ အချိန်တိုအတွင်း သင်္ချာဘာသာရပ်ကို သင်ကြားပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း သူ့ကျောင်းသားတွေထက် ငယ်ရွယ် နေတဲ့ အတွက်ကြောင့် အကြီးအကဲတွေက သူ့ကို ထုတ်ပစ်လုနီးပါးအထိ စဥ်းစားခဲ့ရတယ်ဟု ဆိုပါတယ်။
Sidis ရဲ့ဝမ်းနည်းဖွယ်ရာ အဆုံးသတ်

William Sidis ဟာ ၁၉၁၉ ခုနှစ် မတ်လတုန်းက သူလုပ်ခဲ့တာ မဟုတ်ပေမယ့်လည်း ရဲအရာရှိကို အော်ဟစ် စော်ကားမှုဖြင့် သံတိုင်ကြားမှာ ၁၈ လလောက် နေခဲ့ရပါတယ်။
Sidis ဟာ အာဏာပိုင်များနှင့် ညှိနှိုင်းဖြေရှင်းပြီးနောက်မှာတော့ အေးအေးချမ်းချမ်း နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူဟာ သာမန် အဆင့်နိမ့် စာရင်းကိုင် အလုပ် အပါအဝင် အခြေခံအလုပ်များစွာကို လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့လုပ်ဖော်ကိုင်ဖက်တွေက သူဘယ်သူလဲဆိုတာ သိတာနဲ့ ချက်ချင်း တခြားအလုပ်ကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။
၁၉၃၇ မှာ The New Yorker က သူ့အကြောင်း ရှုတ်ချတဲ့ ဆောင်းပါးတပုဒ်ကို ထုတ်ဝေခဲ့ပြီးနောက် Sidis ဟာ ထင်ပေါ်လာခဲ့ပါတယ်။
သူဟာ ကိုယ်ရေးကိုယ်တာ စွက်ဖက်မှုတွေ နှင့် အန္တရာယ်ရှိမှုတွေ အတွက် တရားစွဲဖို့ ဆုံးဖြတ် ခဲ့သော်လည်း တရားသူကြီးက အမှုကို ပယ်ချခဲ့ပါတယ်။
ယခင်က အထင်ကြီး လေးစားခံခဲ့ရတဲ့ Sidis ဟာ သူ့ရဲ့အယူခံဝင်မှုကို ဆုံးရှုံးပြီးနောက် မကြာမီမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
သူဟာ အသက် ၄၆ နှစ်၊ ၁၉၄၄ ခုနှစ်တွင် ဦးဏှောက်သွေ းယိုစီးကာ လူလောကကြီးမှ ထွက်ခွာသွားခဲ့ရပါတယ်။

လူ့သမိုင်းတစ်လျှောက် ဉာဏ်အကောင်းဆုံး အမျိုးသားကို သူ့ရဲ့အိမ်ပိုင်ရှင် အမျိုးသမီးက အသက်မဲ့လျက်နှင့် တွေ့ရှိခဲ့ပြီး အထီးကျန်ဆန်တဲ့ ဘဝနဲ့ ရုံးစာရေးအဖြစ် ကမ္ဘာကြီးကနေ ထွက်ခွာသွားခဲ့တာဟာ အလွန်နှမျှောစရာကောင်းပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။