ကမ္ဘာပေါ်တွင် ထုတ်လုပ်ခဲ့သမျှ အင်ဂျင်များထဲမှာ အကြီးဆုံး ဖြစ်ပြီး စွမ်းအင် အများဆုံး ထုတ်လုပ်ပေးနိုင်တဲ့ ဒီဇယ်အင်ဂျင်ကတော့ RT-flex96C ပဲ ဖြစ်ပါတယ်။
ဒီအင်ဂျင်ကြီးများကို ဖင်လန်နိုင်ငံ Wärtsilä ကုမ္ပဏီမှ ၂၀၀၆ ခုနှစ် ကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
စလင်ဒါ ၁၄ လုံးပါရှိတဲ့ အင်ဂျင်ကြီးဟာ မြင်းကောင်ရေ ၁၀၇,၃၈၉ ကောင်အထိ ထုတ်လုပ် နိုင်ကာ လိမ်အား (Torque) ကို ၇,၀၀၀,၀၀၀ Nm လောက်အထိ ထုတ်ပေးနိုင်ပါတယ်။

ဒီလို အင်ဂျင်မှ ထုတ်ပေးနိုင်တဲ့ ကြီးမားလှတဲ့ စွမ်းအင်ဟာ နယ်မြို့လေး တမြို့စာလောက်ကိုတောင် ဖူလုံ လောက်ငအောင် စွမ်းအင်ပေးနိုင်ပါတယ်။
အင်ဂျင်၏ အလေးချိန်ဟာ တန်ချိန် ၂,၃၀၀ လောက်ရှိပြီး အမြင့် ၄၄ ပေ ရှိကာ အရှည် ပေ ၉၀ လောက်အထိ ရှိပါတယ်။
ဒီ အရွယ်အစားနှင့် အရှည်ဟာ သာမာန် လေးထပ် တိုက်တလုံးထက်တောင် ပိုမြင့်နေပါသေးတယ်။
အမြင့်ဆုံး လည်ပတ်နိုင်မှုဟာ အမြင့်ဆုံး တမိနစ်လျှင် ၁၀၂ ပတ် (102 RPM) အထိသာ ရှိပေမယ့် ရရှိလာတဲ့ လိမ်အားဟာ တင့်ကားတစီးကို ကြေမွသွားလောက်အောင် လုံလောက်ပါတယ်။

အင်ဂျင်တွင် ပါရှိသည့် စလင်ဒါ ၁၄ လုံးဟာ အပတ်ရေ တပတ်လျှင် ဒီဇယ် ၆.၅ အောင်စ လောက်ကို ဝါးမြိုပြီး စွမ်းအင် ကီလိုဝပ် ၅,၇၀၀ လောက် ထုတ်ပေးနိုင်ပါတယ်။
ဒါဟာ များပြားတယ်လို့ ထင်ရပေမယ့် အခြား အင်ဂျင်ကြီးများနှင့် နှိုင်းယှဉ်ပါက အများကြီး ဆီစား သက်သာပြီး ပတ်ဝန်းကျင် ညစ်ညမ်းစေမှု အနည်းဆုံး ဖြစ်ပါတယ်။
သင့်အနေနဲ့ ဒီလို ကြီးမားလှတဲ့ အင်ဂျင်ကြီးတွေကို ဘယ်မှာ အသုံးပြုမလဲဆိုတာ တွေးကောင်း တွေးမိနေပါလိမ့်မယ်။

Wärtsilä RT-flex96C အင်ဂျင်ကြီးကို ၂၀၀၆ ခုနှစ်က ကုန်သေတ္တာတင် ဧရာမ သင်္ဘောကြီးတစီး ဖြစ်တဲ့ Emma Mærsk တွင် တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဒီသင်္ဘောကြီးဟာ ပေ ၂၀ အရှည်ရှိ ကုန်သေတ္တာ ကွန်တိန်နာပေါင်း ၁၁,၀၀၀ လောက်ကို တင်ဆောင်နိုင်ပြီး အမြန်နှုန်းအနေဖြင့် အမြင့်ဆုံး တနာရီ ရေမိုင် ၃၁ မိုင်အထိ ခုတ်မောင်း နိုင်ပါတယ်။
ဒါဟာ ကုန်သေတ္တာတင် သင်္ဘောကြီးများတွင် အလွန် မြန်ဆန်တဲ့ အမြန်နှုန်းဖြစ်ပြီး ပုံမှန်အားဖြင့် အဆိုပါ သင်္ဘောများဟာ အမြင့်ဆုံး တနာရီ ရေမိုင် ၂၀ နှုန်းလောက်သာ ခုတ်မောင်း နိုင်တာပါ။

သင်္ဘောကြီးဟာ ကုန်သေတ္တာများကို တရုတ်မှ အမေရိကန်သို့ ပုံမှန် သယ်ယူပို့ဆောင်ပေးနေပြီး ၎င်းနှင့် အပြိုင်အခြား သင်္ဘောများထက် ၄ ရက် ပိုမို စောလျင်စွာ ရောက်ရှိနိုင်တဲ့အတွက် ကုန်ကျစရိတ် အများကြီး သက်သာစေပါတယ်။
လက်ရှိမှာ ၎င်းကဲ့သို့ အင်ဂျင်ကြီးပေါင်း ကမ္ဘာပေါ်တွင် ၂၅ လုံးလောက် ထုတ်လုပ်ပြီးစီးထားပြီး နောက်ထပ် ၈၆ လုံး ထပ်မံ ထုတ်လုပ်ဦးမှာ ဖြစ်ပါတယ်။
အားလုံး ခြုံငုံပြောရရင်တော့ ဒါဟာ လူသားများ၏ အင်ဂျင်နီယာ နည်းပညာရဲ့ မယုံကြည်စရာ ကောင်းလောက်တဲ့ အံ့ဩစရာ စွမ်းဆောင်မှု တခုပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။