Convenience store တွေမှာ တွဲလောင်းချိတ်ထားတဲ့ Tomica အရုပ်ကားလေးတွေကို သတိထားမိကြမှာပါ။
လူကြီး လူငယ်မရွေး ကားချစ်သူတွေဟာ အဆိုပါ Tomica ကဲ့သို့ အပြင်မှ တကယ့် ကားများနှင့် ဇာတ်လမ်းများထဲမှ ကားများကို ပုံစံတူ ပြုလုပ်ထားသည့် အရုပ်ကားလေးများကို စုဆောင်းတတ်ကြပါတယ်။
Tomica die-cast ကားငယ်လေးများကို ဂျပန်နိုင်ငံရှိ Takara Tomy Co. မှ ၁၉၇၀ ခုနှစ်ကတည်းက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ဒီလို die-cast ကားငယ်လေးတွေ ထုတ်နေတဲ့ ကုမ္ပဏီဖြစ်ပေမယ့် Takara Tomy Co. ဟာ ထူးခြားတဲ့ အစီအစဉ်တခု ရှိနေပါတယ်။
အဲဒါကတော့ လပေါ်မှာ သွားလာနိုင်မယ့် အသေးစား လသွားယာဉ်တခု ဖန်တီးဖို့ဖြစ်ပြီး ဒီအကြောင်းကို Reauters သတင်းဌာနက ဖော်ပြခဲ့တာပါ။

Takara Tomy ၏ Sora-Q လို့ အမည်ပေးထားသည့် စက်ရုပ်ငယ်ကို ဂျပန်အာကာသ စူးစမ်း ရှာဖွေရေး အေဂျင်စီ Japan Aerospace Exploration Agency (JAXA) နှင့် ပူးပေါင်း ထုတ်လုပ်နေတာပါ။
စက်ရုပ်ငယ်ဟာ လပေါ်တွင် သွားလာပြီး ဓာတ်ပုံများ ရိုက်ကူးကာ ကမ္ဘာပေါ်သို့ ပြန်လည် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
Sora-Q ဟာ NASA ၏ VIPER နှင့် တရုတ်၏ Yutu-2 လသွားယာဉ်တွေလောက် အဆင့် မမြင့်ပေမယ့် သေးငယ်ပြီး ၉ အောင်စသာ အလေးချိန်ရှိလို့ အတော်လေးတော့ ထူးခြားပါတယ်။
စက်ရုပ်ငယ်လေးကို အထူးပြုလုပ်ထားတဲ့ အလူမီနီယံ နှင့် ပလက်စတစ်တို့ကို အသုံးပြုပြီး ထုတ်လုပ်ထားသည့်အတွက် အပူချိန် -274F မှ 230F လောက်အထိ ခံနိုင်ရည်ရှိပါတယ်။
Sora-Q ကို JAXA ၏ Smart Lander for Investigating Moon (Slim) လို့ခေါ်တဲ့ လဆင်းယာဉ်တွင် တင်ဆောင်သွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ လပေါ်သို့ ပို့ဆောင်ရန် စီစဉ်ထားပါတယ်။

အရုပ်တွေ ထုတ်လုပ်သည့် Takara Tomy ကတော့ ၎င်း၏ ကလေး ကစားစရာ အရုပ်များ တည်ဆောက်ခြင်း အတွေ့အကြုံအရ ဒီလို လမျက်နှာပြင်ပေါ် သွားနိုင်တဲ့ စက်ရုပ်ငယ်ကို တီထွင်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ကြေငြာခဲ့ပါတယ်။
“ယခု လပေါ်သွား စက်ရုပ်ငယ်ဟာ အာကာသထဲကို သွားတော့မှာဖြစ်လို့ အထူးသဖြင့် ကလေးငယ်တွေ အပါအဝင် လူအများဟာ အာကာသဆိုင်ရာများနှင့် ပိုမို နီးစပ်လာကာ ပိုပြီး စိတ်ဝင်စားလာမယ်လို့ မျှော်လင့်ပါတယ်” လို့
Takara Tomy ကုမ္ပဏီ၏ Sora-Q စီမံကိန်းမှ developer တယောက်ဖြစ်တဲ့ Kenta Hashiba က ပြောပါတယ်။
အံ့ဩစရာ ကောင်းတာကတော့ အာကာသတွင်းသို့ ရောက်ရှိသွားသည့် အရုပ်များတွင် ရှည်လျားတဲ့ သမိုင်းကြောင်းများ ရှိနေတာပါ။
အာကာသယာဉ်မှူး Bob Behnken၊ Doug Hurley တို့ နှင့်အတူ ဒိုင်နိုဆော အရုပ်တခုဟာ SpaceX ၏ ပထမဆုံး လူလိုက် ပါ သည့် မစ်ရှင်တွင် အတူပါဝင်ခဲ့ပါတယ်။

SpaceX ၏ Crew-1 မစ်ရှင်တွင် Star Wars ဇာတ်ကားထဲမှ Baby Yoda အရုပ်လည်း လိုက်ပါခဲ့ပါတယ်။
နောက်ထပ် အခြား ဥပမာတွေကတော့ velcro စစ်တုရင်ခုံ၊ Toy Story ဇာတ်ကားထဲမှ Buzz Lightyear စက်ရုပ် နှင့် mocrogravity yo-yo တို့ နိုင်ငံတကာ အာကာသ စခန်းသို့ ရောက်ဖူးခဲ့တာပါ။
Sora-Q ကတော့ အထက်ပါ ဥပမာများနှင့် မတူဘဲ အရုပ်ထုတ်သည့် ကုမ္ပဏီတခုမှ ဖန်တီးလိုက်တဲ့ အာကာသယာဉ်မှူးများကို ကူညီနိုင်မယ့် ကမ္ဘာ့ပထမဆုံး စက်ရုပ်ငယ်တခု ဖြစ်လာတာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။