အနာဂတ်တွင် ပြတင်းပေါက်တွေ နေရာမှာ အစားထိုးလာတော့မည့် ဖောက်ထွင်းမြင်ရတဲ့ ဆိုလာပြားများအကြောင်း

Article Tech

ဖောက်ထွင်းမြင်ရတဲ့ ဆိုလာပြားတွေဟာ မြို့ကြီး​တွေရဲ့ အဓိက စွမ်းအင်အသုံးပြုသူများအတွက် တခဏချင်း စွမ်းအင်ကူးပြောင်း​ပေးနိုင်သည့် အလားအလာရှိပြီး လယ်ယာမြေနှင့် သဘာဝနေရပ်များကို ကာကွယ်ရင်း သန့်ရှင်းတဲ့ စွမ်းအင် တော်လှန်ရေး ခေတ်သစ်သို့ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာကြီးဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အဆိုးရွားဆုံး သက်ရောက်မှုများကို တားဆီးဖို့ ကာဗွန်နည်းတဲ့ အနာဂတ်ဆီသို့ ကြိုးပမ်းနေချိန်မှာ နေရောင်ခြည် စွမ်းအင်ဟာ ကျွန်ုပ်တို့အတွက် အခိုင်မာဆုံး မဟာမိတ်များထဲမှ တစ်ခုဖြစ်မှာ သေချာပါတယ်။

သို့သော်လည်း ဖောက်ထွင်းမြင်နိုင်တဲ့ ဆိုလာစနစ် နည်းပညာတွေဟာ ဘယ်လောက် ထိရောက်နိုင်သလဲ လိုတွေးကောင်း တွေးမိမှာပါ။

ရုံးတွေ၊ အိမ်​တွေ၊ ကားတွေရဲ့ ပြတင်းပေါက်များမှတစ်ဆင့် လျှပ်စစ်ဓာတ်အား အမှန်တကယ် ထုတ်လုပ် သုံးစွဲနိုင်သလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

Image: Courtesy of Michigan State University

ဖောက်ထွင်းမြင်ရတဲ့ ဆိုလာစွမ်းအင် ဆိုတာဘာလဲ

ဖောက်ထွင်းမြင်ရတဲ့ ဆိုလာပြားတွေဟာ အလင်းအားကို ပြတင်းပေါက်တွေ သို့မဟုတ် မှန်မျက်နှာပြင်များမှ တဆင့် စုစည်းပြီး အသုံးပြုသည့် နောက်ဆုံးပေါ်နည်းပညာတစ်ခု ဖြစ်ပါတယ်။

၎င်းဟာ နေရောင်ခြည်ရဲ့ နယ်ပယ်သစ် ချဲ့ထွင်ခြင်းအတွက် ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်ချေရှိပါတယ်။

သုတေသီတွေဟာ ဖောက်ထွင်းမြင်ရတဲ့ နေရောင်ခြည်စွမ်းအင်သုံး နည်းပညာများစွာကို ဖန်တီးခဲ့ကြပါတယ်။

ယေဘူယျအားဖြင့် ၎င်းတို့အများစုဟာ ဖောက်ထွင်းမြင်ရတဲ့ ဆိုလာပြားတွေကို ပိုမိုကောင်းမွန်စွာ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားကြပြီး

ဆိုလိုတာက ၎င်းတို့ကို သာမန်မျက်စိဖြင့်မမြင်နိုင်သော သီးခြားခရမ်းလွန်ရောင်ခြည်နှင့် အနီအောက်ရောင်ခြည် လှိုင်းများကို စုပ်ယူဖို့နှင့် ၎င်းတို့အား လျှပ်စစ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲပေးနိုင်ဖို့ ပြုလုပ်ထားကြပါတယ်။

Image: Courtesy of Michigan State University

ဒီနည်းပညာကို photovoltaic glass လို့လည်း ခေါ်ပြီး မြင်သာမှုအဆင့်ကိုလည်း ပေးစွမ်းဖို့ ထုတ်လုပ်ထားပါတယ်။

2014 ခုနှစ်ထဲက Michigan State University (MSU) မှ သုတေသီတွေက ဖန်ပြား သို့မဟုတ် ပြတင်းပေါက်မှန် အားလုံးကို PV ဆဲလ်အဖြစ်သို့ ပြောင်းလဲနိုင်သည့် ပထမဆုံး ဖောက်ထွင်းမြင်တဲ့ နေရောင်ခြည်သုံး ဆိုလာကို တီထွင်ခဲ့ပါသေးတယ်။

ဒါ့အပြင် 2020 တုန်းက အမေရိကန်နှင့် ဥရောပရှိ သိပ္ပံပညာရှင်တွေဟာ 100 ရာခိုင်နှုန်း ပွင့်လင်းမြင်သာမှုရှိတဲ့ ဆိုလာမှန်တွေကို တီထွင်ခဲ့ပြီး ရုပ်ကြွင်းလောင်စာ လုပ်ငန်း​တွေ အနေနဲ့ လျှပ်စစ် ဓာတ်အားလိုင်းအပေါ် အားမကိုးဘဲ ရေရှည်တည်တံ့တဲ့ အနာဂတ် ပန်းတိုင်သို့ ခြေတစ်လှမ်းပိုနီးကပ်လာစေပါတယ်။

အကျိုးကျေးဇူးတွေက ဘာတွေလဲ

ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ မှန်က နေရာတိုင်းမှာ လက်တွေ့ကျကျ ဖြစ်တဲ့အတွက်ကြောင့် ဖောက်ထွင်းမြင်ရတဲ့ ဆိုလာပြားတွေဟာ မယုံနိုင်လောက်အောင် အရေးကြီးပါတယ်။

ကျွန်ုပ်တို့ရဲ့ ဖုန်းဖန်သားပြင်မှ မိုးမျှော် တိုက်များအထိ အသုံးပြုကြပြီး အမေရိကန် ပြည်ထောင်စုမှာဆိုရင် မှန်မျက်နှာပြင်စတုရန်းမီတာ ၅ မှ ၇ ဘီလီယံအထိ ရှိတယ်ဟု ခန့်မှန်းရပါတယ်။

အဲဒီမှန်တွေကတစ်ဆင့် လျှပ်စစ်ဓာတ်အားကို စုပ်ယူနိုင်ရင် ထုတ်ပေးနိုင်မယ့် လျှပ်စစ်ပမာဏကို စိတ်ကူးကြည့်နိုင်ပါတယ်။

Image: Courtesy of Michigan State University

သမားရိုးကျ ဆိုလာပြားတွေက ကျယ်ပြန့်တဲ့ တပ်ဆင်ဧရိယာအပြင် သိသာထင်ရှားတဲ့ ကနဦးကုန်ကျစရိတ်လည်း လိုအပ်ကြောင်းကိုလည်း သတိပြုသင့်ပါတယ်။

အဆိုပါ ကန့်သတ်ချက်များကြောင့် ၎င်းတို့ကို မြို့ကြီးပြနေရာတွေမှာ အကောင်အထည်ဖော်ဖို့ ခက်ခဲပါတယ်။

အခြားတစ်ဖက်မှာလည်း ဖောက်ထွင်းမြင်ရတဲ့ ဆိုလာပြားများကို အဆိုပါနေရာတွေမှာ အကောင်အထည်ဖော်နိုင်ပြီး၊ net-zero energy buildings များအတွက် လမ်းခင်းပေးသည့်အပြင် ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များနှင့် မြို့များကို ရည်မှန်းချက်များပြည့်မီအောင် ကူညီပေးနိုင်ပါတယ်။

နည်းပညာမြင့် ပြတင်းပေါက်တွေရဲ့ အနာဂတ်

ဖောက်ထွင်းမြင်ရတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာနည်းပညာတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ပေါ်ထွက်နေပြီပဲ ဖြစ်ပါတယ်။

ဥပမာ Copenhagen International School ရဲ့ ဒီဇိုင်းက အဆောက်အဦးတစ်ခုလုံးကို အဝါရောင်ရှိတဲ့ ဆိုလာပြားပေါင်း ၁၂,၀၀၀ ကို အသုံးပြုထားပြီး နှစ်စဉ် စွမ်းအင် 200 MWh ကို ထုတ်လုပ်ပေးတယ်ဟု သိရပါတယ်။

Image: Courtesy of Michigan State University

ပြီးခဲ့သောနှစ်တုန်းကလည်း Michigan State University ရဲ့ကျောင်းဝင်းရှိ ဇီဝဆေးပညာနှင့် ကာယသိပ္ပံ အဆောက်အအုံကို ဝင်ပေါက်အထက်တွင်ရှိသော 100 စတုရန်းပေရှိတဲ့ ဖောက်ထွင်းမြင်ရတဲ့ ဆိုလာမှန်ပြားများ တပ်ဆင်ခြင်းဖြင့် အဆင့်မြှင့်တင်ခဲ့ပါသေးတယ်။

သို့သော် တီထွင်မှုလမ်းကြောင်းမှာ အတားအဆီးအချို့ ရှိနေပါတယ်။ နည်းပညာကို ချဲ့ထွင်ခြင်းမပြုမီ သိပ္ပံပညာရှင်တွေက ၎င်းတို့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ၎င်းနည်းပညာက လူသားများကို အမှန်တကယ် ရေရှည်တည်တံ့ပြီး ပိုမိုစိမ်းလန်းတဲ့ အနာဂတ်ဆီသို့ မြန်မြန်ဆန်ဆန်ရောက်ရှိအောင် ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *