လူရှုပ်ကလေး ၂ ဦး၏ ကျေးလက် ဘဝ

Article

စင်စစ်အမည်အရင်းများမှာ မောင်မြင့်ဝင်းနှင့်မောင်မြင့်လေး။ အသက် ၁၁ နှစ်အရွယ်ခန့်စီ။ နှစ်ယောက်စလုံးမှာ ချောက်ကန်ရွာ မူလတန်းကျောင်းမှ တတိယတန်း ကျောင်းသားများ။

လူမှန်လျှင် ထူးခြားသည့် မွေးရာပါ ဝါသနာ အနည်းဆုံး တစ်ခုစီ ပါသည့်အလျှောက်သူ တို့၏ဆရာ ဦးဖိုးကျောင်းမှာလည်း နာမည်ပြောင် နာမည်ပျက် မှည့်ခေါ်တတ်သည့် ဝါသနာဆိုးက လွန်ကဲစွာ ပိုးထိုးနေသည့် အတွက် တကျောင်းလုံး လိုလို ရစရာ မရှိအောင် နာမည်ပြောင်များ မှိူလိုပေါက်တော့သည်။

ကြည့်ပါ။ စကားပြောရန် များ စွာ ဝန်လေးသူ စတုတ္ထတန်းမှ ခင်ဆင့်လှိူင်အား”မတေမိ”၊ ကုလားအမျိုးသားနှင့် တူသူ
သူငယ်တန်းမှ မင်းတင့်အား”အဗ်ဗဒူလတစ်”၊ အမြဲတစေ လှုပ်ရှား ကစားခြင်း နတ္တိဖြစ်သော မမြင့်သန်းအား ”အရုပ်ကြီး”၊ အငယ်မမမြင့်ဆန်းအား”အရုပ်ကလေး”၊

အသက်၁၅ နှစ်ပင် ကျော်သော်လည်း သူငယ်တန်းကလေးများ၏ မုန့်ကိုပင် အညှာအတာ ကင်းမဲ့စွာ လုစားတတ်သည့် လူရိုင်းကြီး သံမဏိအား နွားကြီး၊ ရောက်လေရာ အရပ်တွင် ဆူးလှည်းသဖွယ် ပြသနာရှာတတ်သော မျိုးဆင့်အား ငပွကြီး

စသည့်အမည်ပျက် အမည်ပြောင်များကား ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလို ရေတွက် မကုန်အောင် များမြောင် လှချေသည်။

သူ့တပည့်များကို မဆိုထားနှင့် သူ့ကျောင်းမှ ဆရာများကိုပင် ချမ်းသာ မပေးဘဲ အပျံစားများ ဖြစ်အောင် ဖန်တီးသေးသည်။

ဆရာမနှစ်ယောက်ရှိသည်။

နှစ်ယောက်စလုံး အစားဆိုလျှင် ခုံမင် မက်မောပြီး တခါတရံ အော့အံမူးဝေလောက်အောင်ပင် စားသောက် ကြသော ကြောင့်”စီနီယာစူဇကာစတား”နှင့်”ဂျူနီယာစူဇကာစတား” ဟူသတည်း။

၀၀ဆရာမကြီးဆိုလျှင် စာသင်ရာတွင် ဖြစ်စေ၊ စကားပြောရာတွင် ဖြစ်စေ အသံချဲ့စက်က မာမီကြီးဟု ခေါ်ရလောက်အောင်
မြည်ဟည်းလွန်းသည့် အတွက်”ပတ်မ”ဟုလည်းကောင်း။

ဆရာလွန်းဝေအား ပြောရန် သင့်မသင့်မချင့် တွက်ဘဲ လူရှေ့မရှောင် သူရှေ့မရှောင် ပြောတတ်သောကြောင့်”ပေါက်ကြီး”ဟုမှည့်ပြန်သည်။

တဖန် ဆရာမဒေါ်သေးသေးကိုလည်း လက်သည်းမှ အစ အဝတ်အစားအမျိူးမျိူး အလယ် ဆံပင်မွှေးအထိ သချင်တိုင်းသ လှချင်တိုင်း လှချင်သည့် အတွက်”မလှချင်” ဟုလည်းကောင်း စုံလင်အောင်ဂုဏ်တင် ထားပါသည်။


ယခုလည်းကြည့်ပါ။ အမည်ရင်းက မောင်မြင့်ဝင်း။ အရပ်ကပုပု အသားက မည်းမည်း မျောက်ပေါ်မီးခဲကျသည့် အသား အရေနှင့်အမြဲပြာလောင်ခတ်နေ သောကြောင့် မောင်ပြာလောင်။

စကားပြောရာတွင် ပြာသည်။ ထစ်သည်။ စာရေးရာတွင် ခဲတံတဒေါက်ဒေါက် ကျိုးအောင်ရှပ်သည်။ ရေသောက်ရင်လည်းဆိုဖွယ်ရာမရှိ။ အမြဲသီးအောင် သောက်သည်။

ရေသောက်မသောက် သူ့ရင်ဘတ်ကို ကြည့်ရုံနှင့် သိနိုင်သည်။ သူ့ဆရာဦးဖိုးကျောင်း၏ စက်ဘီးကို ဆီးကြို တွန်းယူရာတွင်ပျာလောင်ခတ် နေသဖြင့်ခြေနင်း အခုတ်ခံရသည့် ဒဏ်ရာက ခြေထောက်တွင် မပျက်တော့။

နောက်တယောက်က မောင်မြင့်လေး။

သူလည်း အမည်နဲ့ မလိုက်ဖက်။ ဂျပု။ ပုသည် ဆိုသည်မှာ ခပ်ပြားပြားနှင့် လေးထောင့်ကျကျ ပုခြင်းမျိုး။ ပြာလောင်လိုအသားမမည်း။ နွားနို့ပုံးမှောက်ကျထားသည်ဟု ထင်ရလောက်အောင် ဖြူလှ၏။

လူက ပြားပြားပုပု။ ဦးခေါင်းက ကြီးကြီး၊ မျက်စိက ပဲရင်းပွင့်ပမာ မှေးလှစွာ၏။ လူရွှင်တော်ကြီး ဦးသာဂေါင်နှင့် တူလှစွာ သောကြောင့် “သာဂေါင်”။

သူ၏ထူးခြားချက်မှာ တဒေါက်ဒေါက် တဒက်တဒက် လုပ်ကိုင်ရသည့် လက်မှု အလုပ်စုံ ဝါသနာထုံပြီး စွံလည်းစွံ၏။ နောက်တချက်မှာ သားရေကွင်းပစ်ခြင်း၊ဂေါ်လီပစ်ခြင်းများတွင် ပစ်မလွဲ လက်ဖြောင့် လှသောကြောင့် ဝိုင်းအပယ် ခံထားရသူဖြစ် သည်။

ဝါး ၃ ရိုက်အကွာအဝေးတွင် ရှိသော စာကလေး ချိုးကလေးများမှာ သာဂေါင်လောက်လေးဂွ ကျည်ဆံလွှတ်လိုက်ပြီ ဆို ငှက်လောကကြီးကို တာ့တာ လုပ်ရသည်သာ…။

တွဲလက်မဖြုတ်စတမ်း

သာဂေါင်နှင့် ပြာလောင်ဆိုလျှင် အမှတ်(၁၀၄) မူလတန်းကျောင်းမှာ သာမက ချောက်ကန်ရွာ တရွာလုံးက သြချရသည်။

ပြာလောင်၏ ပင်ကိုစရိုက်မှာ တဘက်သားအား မခံချင်အောင်စကားဖြင့် တမျိုး ကိုယ်ထိလက်ရောက် တဖုံ၊ အမူအရာဖြင့်တနည်း ကလိခြင်း ရိတတ်ခြင်းတို့ဖြစ်သည်။

သူငယ်တန်းများ၏ ဆံပင်ကို တစ်ချောင်းခြင်း ဆွဲနှုတ်တတ်ခြင်း၊ ကျောင်းဈေးသည်မအလစ် ဆီးယိုခွက်အတွင်းသဲဖြူးခြင်း၊ရေခဲချောင်းသည် အလစ် ဂလိုင်ကို ဝှက်ထားတတ်ခြင်း၊လမ်းပေါ်မှ ဈေးသည်ကို”လာပါအုံးဗျို့” ဟုခေါ်ပြီးပုန်းကာအရူးလုပ်တန်းကစားခြင်း၊

ကြက်မဒန်းလေးများအား ကြိုးချည်ပြီး ကြက်ဖကြီးနှင့် ဇွတ်အတင်း ပေးစားခြင်းစသည့် အကျင့်များသည်သူ့ အတွက် ထ မင်းစား ရေသောက်ရသည့် အလုပ်လို ခုံမင်မွေ့ပျော်စရာ ဖြစ်နေပါသည်။

တခါကလည်း သနပ်ခါးသည် ကိုလှတေသည် ရန်ကုန်မြို့မှ ဧည့်သည်တော် တသိုက်အား အာဝဇွန်းရွှင်ရွှင်နှင့် သနပ်ခါးရောင်း နေခိုက် ဆိုက်ဆိုက်မြိုက်မြိုက်ပင် ပြာလောင်နှင့် ကြုံကြိုက်လေတော့သည်။

ကိုလှတေသည် သူ့ကြက်ကို ခိုစားပါသည် ဆိုပြီး မတရားသဖြင့် နားရင်းတီးဖူးသည်။ထိုရန်ကြွေးက မကျေသေးသဖြင့် တနေ့ နေ့တွင် လက်စားချေမည်ဟု တေးထားရာ ယခု အကွက်ပေါ်လေပြီ။


“ဒီမယ်မမတို့၊ ဒီလူကြီးဆီက သနပ်ခါးဝယ်ရင်တော့ ကိုယ်ကျိုးနည်းပြီသာ မှတ်ဗျ။ အလကား လူညာကြီး ဒါသနပ်ခါးမဟုတ်ဘူး၊ ဆူးဖြူသားတွေဗျ။

ဘလွတ်တိုက် ဆေးဆိုးပြီး ညာရောင်းတာ၊ ဒါတွေသာလိမ်းရင်တော့ မမတို့ရဲ့ ချောမွေ့နူးညံ့နေတဲ့မျက်နှာလေးတွေဟာ ပေါက်ပြဲအက်ကွဲထွက်ပြီး လက်ပလိုဆီဘဝနဲ့ ဖလက်ပြနေမှာ အမှန်ဘဲ။

ဟာဆော်ပြီဟေ့…။ပြေးပြီဗျို့။ဘိုတေရေတာ့တာ့။ဘိုင်ဘိုင်။ချီးတွေယိုအီးတွေပါဗျို့.”

ထိုသို့ လက်စားချေ တတ်သည်။ သာဂေါင်ကလည်း လူဆိုး။

သို့သော် ပြာလောင်လို စကားအကြွယ်။ နှုတ်နည်းသည်။ လက်တွေ့ကျသည်။ ထူးခြားသည်ကား အမြဲ တစေလိုပင် နှစ်ယောက်သား တပူးတွဲတွဲ နေတတ်ခြင်းပင်တည်း။

စာသင်ခုံ ထိုင်ရာတွင်လည်း အတူတူ ဆရာ့ထံ အရိုက်ခံရလည်း အတူတူ။ မြို့မငြိမ်း၏”နှစ်ယောက်တည်း”သီချင်းမှာ သူတို့အတွက် ဟု ထင်မှားလောက်စရာပင်။

ထိုသို့တွဲလွန်းလှသောကြောင့် “ဟဲ့ကောင်မတွေ ဟိုမှာ ခုံဖိနပ်စုတ် တရံလာနေပြီ သတိထား” ဟူ့ပြီးလည်းကောင်း” ဒီကောင်လေး နှစ်ယောက်များ တွဲနိုင်လိုက်တာ အမွှေးချင်းကို လိမ်လို့”ဟု ရွာထဲမှ မိန်းမများက မှတ်ချက်ချကြသည်။

သို့သော် သူတို့နှစ်ဦး အတွဲညီမှုသည် အကောင်းဘက်ထက် အဖျက်ဘက်သို့ ရှေ့ရှူသည်က များသည်။ တခါက ကျောင်းဝင်း အတွင်းသို့ ကျုးကျော် ဝင်ရောက် အစာရှာလာသော ကြက်အသားတအုပ်ကို ရိုးရိုး ခြောက်လှန့် မောင်းနှင်ခြင်း မပြုကြဘဲ အားလုံးကိုဖမ်းဆီးသည်။

မောင်ပြာလောင်က ခြေထောက်ကို ကြိုးတုတ်ပြီး ဝါးလုံးတန်းတွင် တန်းလန်း ချည်ပေးပြီးလျှင် လှုပ်ပေးသည်။

မောင်သာဂေါင်က “မူးဘင်းတားဂတ်ကွ“ဟု အင်္ဂလိပ်စာတတ်သော ကျောင်းသားပီပီ ကြွေးကြော်ပြီး သကာလ လေးခွပစ်
လက်စွမ်း ပြလေသောကြောင့် ကြက်များအားလုံး မပြန်လမ်းကို မြန်းကြရလေသည်။

“ဒါမှ ဒီကြက်စုတ်တွေ ကျောင်းကို နောက်ထပ် မလာရဲမှာ“ ဟု ကြိမ်းဝါးလိုက်သေးသည်။
ဆရာ ဦးဖိုးကျောင်းမှာ မျက်နှာအပျက်ကြီး ပျက်ရကာ ကြက်ပိုင်ရှင် ကျေနပ်အောင် မနည်း တောင်းပန် လိုက်ရသည်။

ထို့ပြင်လည်း မစင်များကို အကျအနထုပ်ပြီး လမ်းဆုံလမ်းခွများတွင် ချကာ လူများအား ထင်ယောင်ထင်မှား ဖြစ်ကာကောက်ယူကြည့်ခြင်းအားဖြင့် ရယ်ပွဲများ ဆင်နွှဲတတ်ကြသေးသည်။

မကောင်းမှုကို တစ်နေ့မပြုရရင် စားမဝင် အိပ်မပျော်သူများပီပီ တခါသော အကာလ သန်းခေါင်ယံ လူခြေတိတ်ချိန်လောက်တွင် ရွာလည်လမ်းမမှာ နှစ်ယောက်သား ချိန်းသည်။

ပါလာသောတူရွင်းပြားများဖြင့် လမ်းကို ကန့်လန့်ဖြတ် မြောင်းငယ်များတူးကာ အဆိပ်ပြင်းလှသော ကန္တာရဆူးများ၊ထ နောင်း ဆူးများမြှုပ်နှံကာ သဲပါးပါးဖြူးလျှက် မိုင်းဗုံးထောင်တန်း ကစားကြသည် ဟူ၏။

မနက်လင်းသော် အမယ်လေး အော်သူအော် အဘလေးအော်သူအော်၊ဘုရား ဘုရားတသူကတ…၊ ညစ်ညစ်ပတ်ပတ် ကျိန် ဆဲ သူကကျိန်ဆဲနှင့် ပြင်းထန်သော ဆူးများဒဏ် ခံရရှာလေကုန်၏။


ဆရာဦးဖိုးကျောင်းမှာ ထိုလူဆိုးနှစ်ဦးအား အမျိုးမျိူးဆုံးမပါ၏။ တုတ်အမျိုးမျိုးဖြင့် ဆော်ပလော် ဘန်တေ ပါသော်လည်းသူတို့၏ တင်ပါးနှင့် ဦးဖိုးကျောင်း၏ ညာဘက် လက်ညှိုးတို့ကသာ အသားမာတက်မည်။

သူတို့နှစ်ဦးကားခွေးမြီးကောက်ကျည်တောက်စွပ်ပင်တည်း။

ကန်ဘောင်စီမံကိန်း

ဟစ်တလာကို အားကျလေလား မသိ။ တခါသော သမယက အံ့သြထိတ်လန့်ဖွယ် ကောင်းသော စီမံကိန်း တစ်ခုကို ချမှတ်ကြရာ ကြောက်စရာကောင်းသော လုပ်ငန်းကြီး အကောင်အထည် ဖော်ခဲ့ကြဖူးလေသည်။

ဇွန်လ၏တနင်္ဂနွေကျောင်းပိတ်ရက်။

ကျွန်ုပ်တို့၏ သာဂေါင်နှင့် ပြာလောင်သည် ”နှစ်ကိုယ်တော် လေလွင့်ခြင်း”ဖြင့် ရွာသောက်ကန်ဘောင်ကြီး၏ မန်ကျည်းပင်အောက်တွင် နားခိုနေကြပြီး ရွာသမိုင်းကြောင်းကို ပြောင်းလဲသွားစေမည့် စီမံကိန်းကြီးကို အကောင်အထည် ဖော်နေကြ၏။

ပြာလောင်သည် မိမိအိမ်မှ ပါလာသော ပဲကြီးလှော်ကို ချစ်လှစွာသော မိမိရောင်းရင်းသို့ တဝက်ခွဲပေးပြီး မိမိကိုယ်တိုင်လည်း တမြုံ့မြုံ့ဝါးရင်း ပုထုဇဉ်အမြင်ဖြင့် လောကကို ဆင်ခြင်လိုက်သည်။

“မောင်သာဂေါင်ရေ ဒီနေ့ ပျင်းသဗျာ။ ငါးမျှားတံလည်း မပါဘူး။ ကန်ထဲက ရေကြက်တွေ ထုပစ်ရအောင် လေးဂွလည်း မပါဘူး။ တောက် ဂွကျသဗျာ။“

“အင်းဟုတ်တယ်“။ သာဂေါင်က တိုတောင်းစွာ မှတ်ချက် ချသည်။

“တခုခုလုပ်ရအောင်ဗျာ။ ဟောဒီ ကန်ဘောင်က ကြည့်ရင် ကျွန်တော်တို့ရွာက အကြီးကြီး။ လှလဲလှတယ်။ စည်လည်းစည်တယ်ဗျနော်။ ဒါပေမယ့် လမ်းတွေမကောင်းဘူး။ ကျဉ်းလည်းကျဉ်းတယ်။

ရှုပ်ရှုပ်ပွေပွေ ကွေ့ကွေ့ကောက်ကောက်နဲ့ ငါးမျှားတဲ့ ပိုက်ကွန်ကြီးချထားတဲ့ အတိုင်းဘဲ။ အင်ပင်လို တန်းအိမ်မျိုး၊ ကြီးရွာလိုတန်းအိမ်မျိုးဆိုရင် ရွာကြီးက ပိုလှလာပြီး ပိုစည်လာမှာဗျ။

မြောက်လူးကန်ဆို မီးလောင်ပြီးမှ တန်းအိမ်ဖြစ်လာတာ။ ဟာငါအကြံရပြီ။ ကိုယ့်လူ ဒီလိုလုပ်ရအောင်။ ရွာကို မီးရှို့ကြမယ်။

ဒါမှ တန်းအိမ်ဖြစ်မှာ။ ဟောဟို ရွာ့တောင်ထိပ် တပ်စည်းကနေသာ ရှို့လိုက်ရင် တရွာလုံး အကျွတ်ဗျ။ တောင်လေလေးတဖြူးဖြူးနဲ့။“
“ကောင်းတယ် ကောင်းတယ် ရှို့ကြရအောင်။ ဒါမှလည်း ကျွန်တော်တို့ ထမင်းထုပ် စားကြရမှာ။ အဖေက ပြောဖူးတယ်။မီးလောင်ရင် ထမင်းထုပ် စားရတယ်တဲ့။“

သာဂေါင်ကလည်းမောင်ပြာလောင်၏အကြံကိုနှစ်ခြိုက်နေလေသည်။

“ဒီလိုဆို မြန်မြန်လေး လုပ်ကြရအောင်။ တန်းအိမ်လည်း ဖြစ်မယ်။ ထမင်းထုပ်လည်း အဝတုတ်ရမယ်။ အဟေဟေ ပွတာဘဲ။ ပျော်စရာကြီးပါလား။ ကျွန်တော်တို့ အခုပဲ အိမ်ပြန်ပြီး မီးခြစ်ယူကြရအောင်။ နောက်ပြီး တောင်ဘက် ကျောင်းဇရပ်လာခဲ့ဗျို့၊ စောင့်နေမယ်။“

မောင်ပြာလောင်က အစီအစဉ်ဆွဲကာ ကြောက်စရာကောင်းသော အလုပ်ကို စတင် ကြတော့လေသည်။


“တောက်….မီးခြစ်ကလည်း ကုန်တော့မယ်။ လေက တိုက်လွန်းတော့ ဘယ်လိုမှ ခြစ်မရဘူး။ ငြိမ်းငြိမ်းသွား တယ်။ မောင်သာဂေါင် ခင်ဗျားက ဒီဘက်က ကာထားပေးစမ်းဗျာ။ မီးစွဲအောင် အမှိုက်များများ ထည့်ရှို့မှ။“

“ပေးစမ်း။အလကားအဖြစ်မရှိ။ကျွန်တော်ရှို့မယ်။“

“ဘယ်တတ်နိုင်မလည်းဗျ။ကျွန်တော်လည်းဓာတ်တော်ပင့်သလိုရှို့တာပဲ။“

“ဟာရှည်သဗျာ။ပေးစမ်းပါ။“

သာဂေါင် ကိုယ်တိုင်ရှို့ လေပြီ။ သို့သော် လေကတိုက်သဖြင့် မအောင်မြင်သေး။ တဆံ..နှစ်ဆံ..သုံးဆံ..။

“တောက်..တဆံ ကျန်တော့တယ်။ မောင်ပြာလောင် ဒီဘက်တိုးကာ ပေးစမ်းဗျာ။“

နောက်ဆုံး တဆံအားဖြင့် မီးစွဲသွား၏။ နောက်ဆုံး အဆံကား စကားပြောလေပြီ။ မီးသည် တောင်လေ အကူအညီဖြင့် အရှိန်အနည်းငယ် ရလာသည်။

“ဟဲ့ကောင်လေးတွေ နေပူရတဲ့ ကြားထဲ တပ်စည်းရိုးနားကပ်ပြီး ဘာလုပ် နေကြတာလည်း၊ မြွေမကြောက် ကင်းမကြောက်နဲ့။ အံမယ်မီးခိုးတွေ ထွက်လို့၊ အလိုတော်လုပ်ကြပါဦး အရပ်ကတို့၊ လာကြပါ လုပ်ကြပါ။

တပ်စည်းရိုးကို မီးရှို့နေပြီတော့။ မြန်မြန်လာကြပါ။ မီးတွေ..မီးတွေ..မြောက်ပိုင်းက အုန်းကြိုင်သားနဲ့ ရွာလယ်ချောင်က တင်ကြည်မသား ဖြူစပ်ဖြူစပ်အကောင်ပု ဟဲ့..လာကြပါ..မြန်မြန်“။

ကံအားလျော်စွာ အပြင်မှ အခင်းထိုင် ပြန်လာသော မိန်းမကြီးတစ်ယောက်နှင့် ပက်ပင်းတိုးမိ သွားသဖြင့် သက်သာရာ ရတော့သည်။

ရွာတံခါးဝနှင့် ကပ်လျှက်ရှိသဖြင့် ဝိုင်းဝန်း ငြိမ်းသက်လိုက်ရာ မီးမှာ ချက်ချင်း ငြိမ်းတော့သည်။ ထိုမိန်းမကြီး ဝမ်းတွင် မစင်မဖြစ်၊ ဗိုက်မနာခဲ့သော် ရွာ၏ ကံမှာ တွေးဝံ့စရာပင် မရှိတော့။

ရွာကို တန်းအိမ်ဖြစ်အောင် စီမံကိန်းချပြီး ကိုယ်တိုင် ပါဝင်ခဲ့သူ မောင်ပြာလောင်မှာ ဖအေနှင့် မအေပါမက မိကြီး၊ မိဒွေး၊ဘကြီး၊ ဘဒွေးတို့က ဝိုင်းဝန်း ဂုဏ်ပြုလိုက်သည့် အတွက် တကိုယ်လုံးလောက် နနွင်းသိပ်ယူ ရသည်။

ထမင်းထုပ် စားချင်သူ မောင်သာဂေါင်ကား ထမင်းထုပ်မရဘဲ ဖခင်ဖြစ်သူက ထမ်းပိုးကျစ် ဆုချသဖြင့် တောင်ဝှေးထောက်လမ်းလျှောက်ရလေသည်။

ထိုမျှအတွဲညီကြသည်။

စီရင်ချက်

“ကဲတန်းအိမ်နဲ့ နေချင်တဲ့လူနဲ့ ထမင်းထုပ် စားချင်တဲ့ ဆရာတို့ ရှေ့ကို ကြွခဲ့ပါ။“

နေရာက ကျောင်းရှေ့ အလံတိုင်အောက်၊ ကျောင်းတတ်စ နိုင်ငံတော်အလံကို အလေးပြုသည့် အချိန်။

နီ၊ ဝါ၊ ပြာ၊ စိမ်း တန်းစီထားသော အတန်းသားများကြားမှ တုန်ချည့်ချည့် မောင်ပြာလောင်နှင့် ထော့ကျိုး ထော့ကျိုးနှင့် လျှောက်လာသော မောင်သာဂေါင်။

“ကျောင်းသူ၊ ကျောင်းသားတွေ၊ မင်းတို့ အားလုံး သိတဲ့အတိုင်းပဲ။ ဒီနှစ်ကောင်ဟာ ကျောင်းပိတ်ရက်မှာ ရွာကို မီးနဲ့ရှို့ကြတယ်။

ကံကြီးလို့သာပေါ့ကွာ။ ဒေါ်ငွေမိနဲ့ တွေ့လို့သာပေါ့။ ဒါဖြင့်ယင် ရွာကောကျောင်းပါ မရှိတော့ မီးလောင်ပြင်ကြီး ဖြစ်နေတော့မှာ။ ရွာမရှိရင် မင်းတို့တွေလည်း နေစရာမရှိတော့ဘူး။

ကျောင်းမရှိယင် စာလည်း မသင်ရတော့ဘူး။ စာမသင်ရရင် မင်းတို့တွေ အနနတွေ ဖြစ်ကုန်ပြီး ဘာမှသုံးရမှာ မဟုတ်ဘူး။စာသင်ကျောင်းဆိုတာ ကျေးရွာရဲ့ ကျက်သရေပဲ။

တို့ရွာရဲ့ နောင်ရေးကောင်းဖို့၊ နိုင်ငံရဲ့ ရေးကောင်းဖို့ ဆိုတာ ဟောဒီကျောင်းတွေ အပေါ်မူတည်တာကွ။ ဒါပေမယ့် ဟောဒီတန်းအိမ်နဲ့ နေချင်တဲ့ မောင်မြင့်ဝင်းရယ်၊ ထမင်းထုပ်ငတ်တဲ့ မောင်မြင့်လေးတို့လို လူမျိုးတွေများနေရင် မကောင်းဘူးကွ။

ကောင်းအောင် နေကြရမယ်။ ကောင်းအောင် လုပ်ကြရမယ်။ ဒီတော့ရွာကို ပျက်အောင်ဖျက်တဲ့ ကျောင်းကို အရှက်ခွဲတဲ့ဆရာ နှစ်ယောက်ကို ဆုပေးရမယ်။

ကဲ…..ဦးမြင့်လေးခေါ်……..ဦးသာဂေါင်နဲ့ ဦးမြင့်ဝင်းခေါ်………..ဦးပြာလောင်တို့ ဆုယူရန် ရှေ့က ကြွပါ“။

ခုံအဖွဲ့ခေါင်းဆောင် ဦးဖိုးကျောင်းနှင့် ဘေးမှာရပ်နေသူ နှစ်ဦးက အမှတ်(၁၀၄) အ-မ-က၏ ဂျူနီယာနှင့် စီနီယာ စူဇကာစတားတို့။

မောင်ပြာလောင်နှင့် မောင်သာဂေါင်တို့အား ဆုချမည့် ဆုများကား အလံတိုင်ရှေ့တွင် စုံလင်လှသည်။
ရေငင်သော အုန်းဆံကြိုးများ၊ အရွယ်အကြီးစား ကြိမ်လုံးများ၊ အလယ် အလတ်တန်းစား ကြိမ်လုံးများ၊ အသေးစားများ…..အားလုံးဆယ်ချောင်းခန့်။

ရဲဘော်နှစ်ယောက်တို့မှာ ဆရာဦးဖိုးကျောင်း၏ အရိုက်အပုတ် အထုအနှပ် စသည့် လက်သံမျိုးစုံဆုကို တကျောင်းလုံးတွင်ပူးတွဲ ချန်ပီယံများရအောင် နှစ်စဉ် ဗိုလ်စွဲခဲ့ပါသော်လည်း မဖြုန်ခဲ့။

သို့သော်လည်း ယခု တွေ့မြင်နေရသည်ကား ဆင်ဆွဲလျှင်ပင် မပြတ်နိုင်သော အုန်းဆံကြိုးကြီးများ။

ငယ်ပင်ငယ်သော်လည်း ပူခြင်း၊ စပ်ခြင်း၊ နာခြင်းစသည့် ဝေဒနာမျိုးစုံကို တပြိုင်နက် ပေးနိုင်အောင်စွမ်းမည့် ကြိမ်လုံးများက နံနက်ခင်း နေရောင်အောင်တွင် ဝင်းပြောင်နေကြသည်။

နောက်ပြီး ထိုကိရိယာများကို ကျွမ်းကျင်စွာ အသုံးချတတ်သော ဆရာဦးဖိုးကျောင်း၏ လက်မောင်း တုတ်တုတ်ကြီးများ။

ထိုအသေးစားကြိမ်များဖြင့် ဦးဖိုးကျောင်း၏ လက်မောင်း လက်ချောင်းများ ပူးပေါင်းလှုပ်ရှားထားပုံ အဖုံဖုံကို ဖင်ကိုပွတ်ပြီးတမျိုး၊ လက်ဖဝါးကို နှိပ်နယ်သည်က တသွယ်၊ ခါးကိုကော့သည့် အခါကကော့၊ ခြေသလုံး အသားပုံကို ထိတွေ့လာသည့် အတွက်

ရေထွက်လောက်အောင် ဘယ်ညာခုံပေါက်သည့်အခါပေါက်နှင့် အကြိမ်ပေါင်း မရေတွက် နိုင်အောင် ခံစားဖူးပါသည်။

ယခုတော့ အုန်းဆံကြိုးကြီးများပါ ပါဝင်လာသည့် အတွက် အသည်းအသန် ဖြစ်တော့မည်။ ဒါတွေကိုတွေးပြီး ခုံဖိနပ်တရံမှာ ဖျားချင်လာသည်။

“မင်းတို့ နှစ်ယောက်ဟာ ရက်ရက်စက်စက် မိုက်မဲခဲ့ကြတဲ့အတွက် ပထမဟောဒီ အုန်းဆံကြိုးတွေနဲ့ ဝက်တုပ်တုပ်မယ်။နောက်ပြီး ဟောဒီ ကြိမ်လုံးတွေကိုရေစိမ်၊ ရေစိမ်ပြီး တချောင်းပြီး တချောင်း ကုန်အောင် ရိုက်မယ်။

ငါမောရင် ဟောဒီ ဆရာမ မမအေးနဲ့ မမစိုးတို့ပါ လူလဲပြီး ရိုက်မယ်။ ဒါမှလဲ မင်းတို့ရဲ့ မိုက်ပြစ်တွေ ကျေမယ်။”

ထိုစကားကြောင့် ကလေးသဘာဝ အလျောက် ဆွေးမျိုးမကင်းသည် သူများမှ လွဲပြီးကျန် ကျောင်းသားများ သည် အားရပျော်ရွှင်ကြကုန်သည်။

ပွဲကြီး ပွဲကောင်း ရှုစားရတော့မည်။ သာဂေါင်နှင့် ပြာလောင်ကား နတ်ဝင်သည်များလို ဖြစ်လာသည်။

“ဆရာကျောင်း ခင်ဗျား နောင်ဆို ကျွန်တော်တို့ လိမ္မာပါ့မယ်။မရိုက်ပါနဲ့ ခင်ဗျ။” မောင်ပြာလောင်ကအသနားခံသည်။ မောင်သာဂေါင်ကား မရိုက်မီကပင် မျက်ရည်အရွှဲသားနှင့်။

“ဟာ…ဘယ်ဖြစ်ပါ့မလဲ။ အစကတည်းက မင်းတို့ လုပ်ချင်တာ လုပ်ခဲ့ပြီးမှ။ နေပါဦး၊ မင်းက လိမ္မာပါ့မယ် ဆိုတော့ လိမ္မာတယ်ဆိုတာဘာလဲ။”

မောင်ပြာလောင် ရုတ်တရက် တွေဝေသွားပြီး ကလေးအတွေးဖြင့် အပြေးအလွှား လေး စဉ်းစားလိုက်သည်။

“မသိဘူးခင်ဗျ။ဟဲ ဟဲ လိမ္မာတယ်ဆိုတာ လိမ္မာတာကို ပြောတာ ခင်ဗျ။” တကျောင်းလုံး ပွဲကျသွားကြ၏။

“အေးမှန်သဟေ့။ မြင့်ဝင်းပြောတာ မှန်တယ်။ လိမ္မာတယ်ဆိုတာ လိမ္မာတာကို ပြောတာပေါ့။ အားလုံး မှတ်ထားကြ။ လိမ္မာတယ်ဆိုတာ မမိုက်တာကို ပြောတာကွ။ မှတ်မိပြီးလား။ မြင့်ဝင်းနဲ့ မြင့်လေးတို့က မိုက်တယ်မလား။”

“ဟုတ်ပါတယ်ခင်ဗျ။”ဟု အားလုံးက ဖြေကြသော်လည်း အဓိပ္ပာယ်ကို ထိထိမိမိ မသိကြဘဲ အူကြောင်ကြောင် ဖြစ်နေကြ၏။

“ဒီတော့ကာ မြင့်ဝင်းနဲ့ မြင့်လေးတို့က လိမ္မာပါတော့မယ်။ သူတို့ကို မရိုက်ပါနဲ့လို့ ပြောတယ်။ ဒါမင်းတို့ လိမ္မာကြောင်းသက်သေ ပြရမယ်။ မပြနိုင်ရင် ရိုက်မှာဘဲ။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေမှာထူးခြားတဲ့ အရည်အသွေး တမျိုးစီတော့ ရှိတတ်တာပဲ။

ဟောဒီ ပြာလောင်ဆိုရင်ကြည့် သီချင်းဆိုကောင်းတယ်၊ အားကစားမှာလည်း ထူးချွန်တယ်၊ စာတော်တာကတော့ မင်းတို့အားလုံးအသိ။

နောက်ပြီး ဟောဒီ မောင်သာဂေါင်ဆိုရင်လည်း လက်တန်းတယ်၊ လက်တည့်တယ်၊ လက်မှုပညာဆိုရင်လည်း တကယ်
ကြိုးစားရင် ဗိသုကာပညာရှင်ကြီးတောင် ဖြစ်နိုင်တယ်ကွ။”

“ဒါတွေဟာ မင်းတို့ရဲ့ တော်တဲ့ အရည်အချင်းတွေပေါ့။ လူတော်တွေ ဆိုပါတော့။ ဒါပေမယ့် မင်းတို့က မကောင်းဘူး။လူကောင်းမဟုတ်ရင် မိုးထိအောင် တော်နေလည်း အလကားဘဲ။ လူကောင်းဖြစ်အောင် ပထမဆုံး ဘာလုပ်ရမလဲဆိုရင် လူလိမ္မာဖြစ်အောင်ကြိုးစားရမယ်ကွ။”

ဆရာဖြစ်သူက သူတို့အား လူတော်တွေဟု ချီးမွှန်းသည့် အတွက် စိတ်ကြီးဝင်သွားရော့ထင့်။

“ဘယ်လို လိမ္မာ ရမှာလဲ ခင်ဗျ”ဟု သာဂေါင်က အလုအယက်လေး မေး၏။

“ဟ…လိမ္မာတယ်ဆိုတာကတော့ အများကြီးပေါ့ကွာ မင်းတို့ နားလည်ဖို့ မလွယ်သေးဘူး။ နောင်မှ ရှင်းပြ မယ်။ အရိုက်မခံချင်ပါဘူး ဆိုယင် မင်းတို့ နှစ်ယောက် လိမ္မာပြကြရမှာက လူတဘက်သားစိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်အောင် ကူညီရမယ်။

အဲဒါနက်ဖြန် မနက် ကျောင်းအတက်မှာ ပြနိုင်ရင် မရိုက်သေးဘူး။ ဘယ့်နဲ့လည်းပြနိုင်ပါ့မလား။”

“ပြနိုင်ပါတယ် ခင်ဗျ၊ ပြနိုင်ပါတယ်။“ ပေါ်ပေါက်လာသော အခွင့်အရေးကို လက်လွှတ်မပေးပဲ နှစ်ယောက်သားအလု အယက် အဖြေပေးကြသည်။

လိမ္မာကြပုံ သင်းထုံထုံ

မနက် ကျောင်းမတက်မီ ဆရာသုံးယောက် ရေနွေးကြမ်း သောက်နေခိုက် ဦးဖိုးကျောင်း၏ စားပွဲပေါ် မှာ လန်ဒန် စီးကရက်ဗူးနှင့် မာလကာသီးများ၊ နောက်ပြီး ရှေ့တွင်ရပ်နေသော မောင်သာဂေါင်နှင့် မောင်ပြာလောင်။

“ဆရာကျောင်းက ဒီနေ့ လိမ်မာပြရမယ် ဆိုလို့ဗျ။“ လောင်လောင်အလိမ်မာက ဂုဏ်ယူဝင့်ကြွားစွာ ပြော၏။

“ဟေ…ဘယ်လိုကွ…ဘယ်လို။”

“ဟိုမနေ့က ဆရာကျောင်းက အဦးဆုံး လိမ်မာပြရမယ်ဆိုပြီး လူတဘက်သား စိတ်ချမ်းသာအောင် လုပ်ပြရမယ် ဆိုလို့ ဆ ရာ ကျောင်းဖို့ လန်ဒန်တဗူးရယ်၊ နောက်ပြီးမမစိုးနဲ့ မမအေးကြိုက်တတ်တဲ့ မာလကာသီးတွေ ဝယ်လာခင်ဗျ။”

“သြော်..တို့ဆရာတွေ စိတ်ချမ်းသာအောင် ကူညီတယ်ဆိုပါတော့၊ ဟုတ်လှ ချည်လား၊ကဲလေ ထားပါတော့၊ ဒါတွေ ဘယ်ကဘယ်လို ရလာတာလဲကွ။”

အဖေ့ဘေး အိပ်ထောင်ထဲက နှိုက်ပြီး ဒွေးပု အိမ်က ဝယ်လာတာ ခင်ဗျ။” လောင်လောင်အလိမ်မာ၏ အဖြေ။

ဂေါင်ဂေါင် အလိမ်မာကလည်း“ကျွန်တော်ကလည်း အမေ့ ဈေးခံတောင်းထဲကနေ အမေအဝတ်လျှော် နေတုံး အသာလေး မသိအောင် တစ်ရာယူပြီး မတင်ရွှေဆိုင်က တစ်ရာဖိုး ၁၀ လုံးရလို့ဝယ်လာတာ ခင်ဗျ။”

“ဟေ..ကောင်းကြပေ့ကွာ။ အဲဒါ လိမ်မာတာ မဟုတ်ဘူးကွ။ အဲဒါ ဆရာတွေကို ဖားတာကွ။ နောက်ပြီးမိဘ မသိအောင်ယူတယ် ဆိုတော့ ခိုးယူရာ ရောက်တယ်။ ခိုးတယ်ဆိုတာမကောင်းဘူး။ ဒီတော့ နောက်တမျိုး လိမ်မာပြဦးကွာ။ ခိုးတော့ မခိုးရဘူးနော်။”

မျက်နှာမရ ခြေထောက်ရ ဖြစ်သွားသော သာဂေါင်နှင့် ပြာလောင်တို့သည် ဟိုဟာလုပ်ရ ကောင်းနိုးနိုး ဒီဟာလုပ်ရ ကောင်းနိုး နိုးနှင့် တွေဝေငေးမောနေကြကုန်၏။

သို့သော်မကြာလိုက်။

“ဟောလာပြန်ပြီဟေ့ ဗိုလ်နှစ်ကောင်၊ သာဂေါင်လက်ထဲက အထုပ်နဲ့ပါလား။ ဆရာမတွေ စားဖို့ဘာတွေ ယူလာပြန်ပြီလည်းမသိဘူး။ မောင်သာဂေါင်ရေ ဘာတွေများ ထုပ်ယူ လာတာလဲကွ။”

“လတ်လတ်ဆတ်ဆတ်ရယ်ခင်ဗျ။” မောင်သာဂေါင်က ရွှင်လန်းစွာ ဖြေကြားရင်း အထုပ်ကို လက်နှစ်ဘက်ဖြင့် ကမ်းလင့်သည်။

“ဟာ၊ ပွတာပဲ စိုးရေ၊ မနေ့က မာလကာသီးထက်တော့ သာပြီ၊ ရေနွေးကြမ်း ပူပူလေးနဲ့တော့ အံကိုက်ပဲ။”

စီနီယာစတား ဒေါ်ပတ်မက အာသာငန်ငန်းဖြင့် အထုပ်ကို ဇွတ်အတင်း ဖြေသကဲ့သို့ ဂျူနီယာဒေ ါ်လှချင်ကလည်း သွားရေတများများ ကျမတတ် ခေါင်းချင်းဆိုင်ပြီး ကူညီ၏။

“အံမယ်လေး..သောက်ပလုပ်တုတ်တုတ်။” “အား..အူး..အမေ့။” သံကုန် ဟစ်လိုက်သည့် ဆရာမနှစ်ယောက် အသံ။

လှုပ်ရှားဟန်က ကီသွင်းပြီး ပြိုင်တူ ခုန်လိုက်သည့် သိုင်းသမားများ ပမာ။

နောက်ပြီး ကြမ်းပြင်ပေါ်တွင် ပက်လက်ကလေးလန်နေပြီး ဦးကြေနေသော ပုတ်သင်ညိုလေး တစ်ကောင်။

ဦးဖိုးကျောင်းမှာ ငိုအားထက် ရယ်အားသန်ကာ တဟားဟား တဝါးဝါး ရယ်မောမိလေသည်။

“လတ်လတ်ဆတ်ဆတ်ရယ်ခင်ဗျ။”

မောင်သာဂေါင်က ဒုတိယမြောက် ပုတ်သင်ညို၏ အမြီးကို ဆွဲမပြီး ဆရာမများ၏ မျက်နှာရှေ့သို့ မြှောက်ပြ လိုက်ပြန်သည်။

ဆရာမ နှစ်ယောက်မှာ လျှင်မြန်သော အဟုန်ဖြင့် မျက်နှာကို လက်ဝါးနှစ်ဘက်ဖြင့် ကာပြီး ထွက်ပြေးကြကုန်၏။ “နေအုံးလေ။ ရေနွေးကြမ်းနဲ့ မြည်းကြမလို့ ဆို။”

“ခုနလေးတင် လောက်လေးနဲ့ ပစ်ယူလာတာ။ လတ်လတ် ဆတ်ဆတ်ရယ်ခင်ဗျ။ ကျွန်တော်တို့ အိမ်ခေါင်းရင်းက တမာပင်ပေါ်မှာ နေတာ။ အဲဒီကောင်ကြီး လူပါးသိပ်ဝတာပဲဗျ။

တမာသီးအကြွေပေါ်လာ နားတဲ့ ယင်ကောင်လေးတွေကို ဒီကောင်ကြီး ဖမ်းဖမ်းစားတာ အကောင်တသိန်းတောင် ကျော်တော့မယ်။

ဒါကြောင့် ယင်ကောင်လေးတွေ နောင်ထပ်စိတ်မညစ်ရအောင် ဆော်ပြီးဆရာကျောင်းဆီ သက်သေပြဖို့ ယူလာတာ၊လတ် လတ် ဆတ်ဆတ်ကြီးရယ်ခင်ဗျ။”

“အောင်မယ်လေး တော်ပါတော့ လတ်လတ်ဆတ်ဆတ် အလိမ္မာတုံးကြီးရယ်၊ ခင်ဗျားလိမ္မာလိုက်ပုံများ ဆရာမ နှစ်ယောက်ကို ဆီးယို ကြိုကျွေးရလိမ့်မယ် ထင်တယ်။ အဲဒါကောင်းတဲ့ အလုပ် မဟုတ်ဘူးကွ။

ယင်ကောင်တွေကို မသနားရဘူး။ သူတို့ကို တမင် နှိမ်ယူရသေးတာ။ ခြင်တို့၊ ယင်တို့၊ ကြွက်တို့ဆိုတာ လူ တွေကိုအန္တရာယ်ပေးတဲ့ အကောင်မျိုးမို့လို့ သူတို့ကိုတော့ မေတ္တာတုံးကြီးကြီးနဲ့ ဟီးတိုက်ပြီး မပိုပါနဲ့မောင်။

ဟဲ့..ဒီဘက်က မောင်ပြာလောင် ပုဆိုးကြီး ခေါင်းမြီးခြုံပြီး မတုန်မလှုပ်နဲ့ ညိမ်ချက်သား ကောင်းနေပါလား။ ဘာပြုနေတာလဲကွ။”

“ဟို..ဟို..မနေ့က ကျောင်းအဆင်းမှာ ဘကြီးလည်း ဆေးဖော်စားရအောင်နဲ့ စတုမဒူလုပ်ပြီး ဘုန်းကြီးကို လှူရင် ကုသိုလ်ရတယ်ဆိုလို့ ပျားဖွပ်သွားတာ ပျားအုံမရဘဲ ဝိုင်းတုပ်လို့ ထွက်ပြေးလာရတယ် ခင်ဗျ။”

“မှန်းကြည့်ရအောင်.မင်းပုဆိုးကြီး ခွာချ လိုက်ပါဦးကွ။ ဟာ…အများကြီးပါလားကွ။”

ပျားများဆီသို့ မကျွမ်းဘဲနှင့် အရမ်းကြဲခဲ့သည့် ပြာလောင်၏ မျက်နှာတော် ပြာမဲ့မဲ့ကား မြင်တော်ရာပင် မကောင်းလှ။ ဝရိန်အမှုတ် ခံထားရသည့်နှယ် တမျက်နှာလုံး ဖူးပွရောင်နေပြီး မျက်လုံးမှာ“ဝမ်းအိုင်းဂျက်” ကဲ့သို့ ပျားများ၏ “စပယ်ရှယ်အဖတ်တ်” အထူးပြုချက်အရ တဘက်ပိတ်နေသည်။

“ဟင်း..မင်းတို့နှစ်ယောက် ကတော့ကွာ။ လုပ်လိုက်မှဖြင့် အရာနဲ့ အကြောင်းကြီးပဲ။ တယောက်က ယင်ကောင်တွေကိုသနားလို့ ပုတ်သင်ညိုကြီးကို ကျောင်းယူလာတယ်။

ဟိုတယောက်က အဘအတွက် ဆေးဖော်ရအောင်နဲ့ စတုမဓုဒါန ပြုရအောင် ပျားဖွပ်တယ်။ အခုဟာတွေက ကောင်းတဲ့အလုပ်တွေ မဟုတ်ပြန်ဘူးကွ။”

ရဲဘော်နှစ်ယောက်မှာ သည်တကြိမ်မှာလည်း မျက်နှာပန်း မလှသဖြင့် ငေးငေးငူငူပင်။

“ဒီလိုလုပ်ကွာ.. မင်းတို့နှစ်ယောက် ပေါင်းပြီး အလုပ်တခု လုပ်ကြရမယ်။ ဒီအလုပ်က အများကောင်းအောင် လုပ်ရမယ့်အလုပ်ပဲ။ အများဆိုတာ ကျောင်းသူ၊ ကျောင်းသားတို့၊ ရွာသူရွာသားတို့ ဆိုတဲ့လူတွေကို ပြောတာ။

သူတို့ကောင်းအောင် သူတို့အကျိုးကို ကာကွယ်တာတို့ ပေါ့ကွာ။ အဲဒါမျိုးမှ ကောင်းတဲ့ အလုပ်ပေါ့ကွ။ ကဲ နားလည်ကြပြီလား။”

“လည်ပါပြီ ခင်ဗျ။ ရွာတပ်စည်းရိုးတွေ ကူပြီးကာပေးတာလည်း ကောင်းတဲ့ အလုပ်လားခင်ဗျ။” မောင်ပြာလောင်က တတ်ကြွစွာဆွေးနွေးလိုက်သည်။

“အေးပေါ့ကွ။ ဟုတ်တာပေါ့။ ဒါလည်း အများလုံခြုံအောင် လုပ်ပေးတာမို့လို့ ကောင်းတဲ့အလုပ်ပေါ့။ အင်း မင်းတို့သ ဘောပေါက်လာကြပြီ။

အကောင်းဆုံး အလုပ်ကို လုပ်ပြနိုင်ရင် ဟောဒီမယ်မြင်လား။ ရောင်စုံ ခဲတံတဗူးစီရယ်၊ပုံဆွဲစာအုပ် တအုပ်စီရယ်၊ဘောလ်ပဲန် တချောင်းစီရယ် ဆုချမယ်ကွ ၊ကြိုးစားကြ။”

သူတို့နှစ်ယောက်သည် ဦးဖိုးကျောင်းပြသည့် စားပွဲပေါ်မှ ဆုများအား မျက်စိကျွတ်ထွက်မတတ် ကြည့်ပြီး သွားရည်များပင်ကျချင်လာသည်။

သူတို့ မျက်စိထဲမှ မထွက်သည်က အရောင်လွင်လွင် ကလေးနှင့် တောက်ပြောင်နေသော ငွေရောင် ဘောလ်ပဲန်နှစ်ချောင်း။

ကြိုးစားမည်။ ကြိုးစားမည်။ ရအောင် ကြိုးစားမည်။ နှစ်ဦးလုံး အားခဲကြ၏။

ထူးဆန်းသောမောင်းကြီးများ

နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ဘာလုပ်ရင် ကောင်းမလဲဟူသည့် အကြံကို မကြာခဏ တိုင်ပင်ကြ၏။
တနေ့သော်…

“ဟာမောင်သာဂေါင်ရေ။ ဒီလို လုပ်ရင် ကောင်းမယ်ဗျို့။ မာတာပီတု အနန်နောတဲ့ ခင်ဗျား ကြားဖူးမှာပေါ့။”
“ဟာ..ဘာဆိုင်လဲ..ဘာတွေလဲကွာ။”

“ဟ၊ဆိုင်မှဆိုင်၊ အများကြီး ဆိုက်သဗျ။ မိဘတွေကို လုပ်ကျွေးခြင်းဟာ အကောင်းဆုံးလို့ သိထားတာပဲ။ မအေဆိုပိုကုသိုလ်ရ သတဲ့ဗျ။ ဒီတော့ ဒီလို လုပ်ရအောင်ဗျာ။ ကျွန်တော်တို့နှစ်ယောက် လာမည့် ဦးပုသ်နေ့မှာ ကျောင်းပိတ်တယ် မဟုတ်လား။

ဟုတ်ပြီဗျို့။ ခင်ဗျားလည်း ခင်ဗျားအမေအဝတ် တွေယူခဲ့။ ကျွန်တော်လည်းယူခဲ့မယ်။ဦးမှင်ကန်ကိုသွားပြီး အဝတ်တွေ တနေ ကုန်လျှော်မယ်ဗျာ။

စားစရာတွေလည်း ယူခဲ့မယ်။ ကုသိုလ်ရယုံ တင်မကဘူး၊ ပျော်လည်းပျော်စရာ ကောင်းမှာဗျ။ ဒါဆို အမေတို့ကလဲ ဝမ်းသာ၊ဆရာတွေကလည်း ဝမ်းသာ၊ ဆရာကျောင်းကလည်း သိပ်သဘောကျ။ကျွန်တော်တို့လည်း ဘောလ်ပဲန်လေးတွေရ၊ စမတ်ကိုကျ။”


“ဟုတ်တယ်ဗျို့၊ ကောင်းတယ်။ ကျွန်တော်လည်း အမေ့အဝတ်တွေ ယူလာမယ်။ ဥပုသ်နေ့ကျရင် စောစော သာထွက်ခဲ့တော့။”

ဥပုသ်နေ့ တရက်လုံး လျှော်လိုက်ကြတဲ့ အဝတ်တွေ။ စားလိုက်ကြတဲ့ အစားမျိုးစုံတွေ။

နွားရိုင်းသွင်းချိန် လောက်တွင်မှ ပျော်ရွှင်ခြင်းကြီးစွာ တေးတကြော်ကြော် ဟစ်ကြွေးကာဖြင့် အိမ်ပြန်လာ ကြသည်။

သို့သော်လည်း ခမျာများမှာ လေယာဉ်ပျံဖြင့် စည်းစိမ်ယစ်မူး နေခိုက် ရုတ်တရက် ပျက်ကျသည့်ပမာ သင်းတို့အမိများ ၏ ဆော်ပလော်ဗန်တေခြင်းကို ထောင်းခမောင်းကြေအောင် ခံစားကြရရှာသည်။

မရိုက်ပဲ နေနိုင်ပါမည်လား။ ကြည့်ပါ။

မိဘများ ယာတောသို့ သွားခိုက် အဝတ်အထည်များကို အဟောင်းအမြင်းများသာမက အသစ် ကျပ်ချွတ် များပါ တခုမကျန်တထုပ်တပိုး တအင့်တမ ယူသွားကြသည့် အတွက် မိခင်များမှာအဝတ်လဲရန်မရှိသဖြင့် ဥပုသ်စောင့်မသွားကြရ။

ထို့ပြင်တဝ- ဘုန်းတော်ကြီးကျောင်းသို့ လှူရန်ထားသည့် ခဲဖွယ် ဘောဇဉ်များနှင့် အိမ်တွင်စားရန် နံနက်စာဟင်းလျာ များကိုပါ ယူဆောင်သွားသည့် အတွက် အိမ်သားများမှာ ဖြစ်သလို မျှစ်တိုနှင့်စားကြရသည်။

တဖန်အဆိုးဆုံးမှာ သူတို့ လျှော်ဖွတ်သည့် အဝတ်များထဲတွင် ပွဲသွား၊ လမ်းသွားမှသာ ဝတ်ဆင်ရန် အမြတ်တနိုး သိမ်းဆည်း
ထားသော ရေထိမခံသည့် ပိုး ၊ဖဲ၊ ကတ္တီပါ ဝတ်စုံများမှာ မူလပြကတေ့မှ သင်းတို့၏ထုနှက်ဖွတ်လျှော်မှု ရိုက်နှက်မှုကြောင့် စုတေမနေ ကွယ်လွန်ပြီးကာ အမဲအူစုတ်အသွင်သို့ ရောက်ကုန်ကြတော့သည်။

မာတာပိတု ဂုဏော အနန္တောချင်သူများမှာ သူတို့လုပ်သမျှ ဘာမျှ အပေါက်မတည့်သဖြင့် စိတ်ပျက်နေကြ သည်။

တနေ့-ဆရာသမားနှစ်ဦးသည် ဟင်းရွက်ခူး၊ ပဒတ်တူးယင်းဖြင့် ပေတရာ မော်တော်ကား လမ်းမကြီးပေါ်သို့ ခရီးလွန် လာကြကာ ကားပေါ်မှ ကျကျန်ခဲ့သော အထုပ်ကြီးတထုပ်ကို ကောက်ရပြီး ဝမ်းသာအားရဖြည် ကြည့်ကြသည်။

“ဟာပွတာပဲဗျို့၊ ဆရာ ကျောင်းသာ မြင်ယင်တော့ ရောင်စုံဗူးတို့ ဘောလ်ပဲန်တို့ကတော့ သေချာပေါက်ပဲ။

ဒီဟာတွေက အများအတွက်ကတော့ သေချာပေါက် အသုံးဝင်တာဗျ။”

မောင်ပြာလောင်က မြူးတူးစွာ ဟစ်ကြွေးပြီး နှစ်ယောက်သား အူယားဖားယားဖြင့် ဦးဖိုးကျောင်းအား မျက်နှာလုပ်ရန်ကျောင်းဆီသို့ အပြေး အသော့ နှင်ကြလေတော့သည်။

“ဟ၊ ဘာထုပ်ကြီးလဲဟ၊ ဘယ်ကရလာတာလဲကွ။”

“မောင်းတွဲတွေခင်ဗျ၊ ပေတရာလမ်းပေါ်က ကောက်ရလာတာ။ အဲဒါမှ အများအတွက် အကျိုးရှိတာ ခင်ဗျ။ ရွာဘုံထောင်ဆိုင်းမှာလည်း သုံးနိုင်တယ်။ ရွာမှာဗျိုးထိုးယင်လည်း သုံးနိုင်တယ်။ သိပ်ကောင်းတဲ့မောင်းတွဲ တွေခင်ဗျ။”

“ကောင်းတာပေါ့ကွ။ ဒါဆိုယင် တို့ကျောင်းမှာလည်း တလုံး၊ နှစ်လုံးလောက်တော့ သုံးရတာပေါ့ကွ။”

မောင်သာဂေါင်က ကသောကမျောဖြင့် အထုပ်ကို ဖြည်ပြီး ဦးဖိုးကျောင်း၏ စားပွဲပေါ်သို့ ပုံချပြီး မျက်နှာလုပ်၏။

“ဟိုက်…” ဆရာကျောင်း၏ အသံကျယ်လောင်သွားပြီး မိုက်ကနဲ ဖြစ်သွားချင်သည်။

ရောင်စုံ ဘရာစီယာများ။ တကယ်ပင်ထူးဆန်းသောမောင်းတွဲများပင်။ “ရှုပ်လည်းရှုပ်ပါ့ကွာ။ မင်းတို့နဲ့မှ ပွေပွေလီလီ တွေ့လည်း တွေ့တတ်ပလေ။”

“မောင်သာဂေါင် ကျွန်တော်တို့နဲ့ ဘောလ်ပဲန်နဲ့ ဝေးပြီထင်ပါရဲ့။ ဘာမှကို အပေါက် အလမ်းမတည့်ဘူး။

အဝတ်တွေလျှော်ပေးတာလည်း အဆော်ခံရတယ်။ မနေ့က မောင်းတွဲတွေ အပါပြန်တေ့ာလည်း ဆရာဦးကျောင်းက မချီးကျူးတဲ့ အပြင် အလှောင်တောင် ခံရသေးတယ်။ ခွကျတာပဲဗျာ။”


မောင်ပြာလောင်က ချူသံပါအောင် ညည်းလိုက်သည်။ “ဟုတ်ပါ့ဗျာ။ ကျွန်တော်တို့ကလည်း အူပါ့။”

အဲဒါ မြိုသူမတွေ ဝတ်တဲ့ဂျာစီ အကျီတဲ့ဗျ။ ဆရာကျောင်းဆီက တထည်လောက်တောင်းပြီး ဖွားဖွားကို ကန် တော့ရဦးမယ်။အများအကျိုးရှိအောင် လုပ်ရတဲ့အလုပ်က မလွယ်ဘူးနော်။

ရေကန်တကန်လောက် တူးယင် မကောင်းဘူးလား။ ဒါအများအကျိုးရှိမယ့် အလုပ်ပဲ၊ ရေအကျိုးဆယ်ပါးတဲ့။”

“ဟာ….ခင်ဗျားဟာ ကောင်းတာတော့ ကောင်းပါရဲ့၊ ဒါပေမယ့် မလွယ်တဲ့ အလုပ်ပဲ။ အဲဟုတ်ပြီ။ ခင်ဗျား ရေကန်ပြောမှသတိ ရတယ်။ ကျောင်းကုန်းအောက်က ထနောင်းပင်ကြီးအောက်မှာ လမ်းသွားလမ်းလာ တွေနားကြတယ်။

အဲဒီ အပင်အောက်မှာကျွန်တော်တို့ နှစ်ယောက် ရေအိုးစင် တည်ကြရအောင်လေ။ ခင်ဗျားလဲ တောက်တောက် တက်တက်လုပ် တတ်တဲ့ဟာ။ ဘယ့်နှယ့်လဲ့ မောင်သာဂေါင်။”

ပြာလောင်၏ အဆိုပြုချက်ကို သာဂေါင်ကပါ သဘောကျသွားသည်။ “ကောင်းတယ်၊ လွယ်လည်း လွယ်တယ်။ ဆရာကျောင်း ပေးတဲ့ဆုတွေတော့ ရတော့မှာပဲဗျ။

ကဲ..ကြာတယ်ဗျာ၊ အခုပဲ လုပ်ကြရအောင်ဗျာ။ ခင်ဗျားကရေအိုးရှာခဲ့။ကျွန်တော်က ရေမှုတ်နဲ့ တူလေး၊သံလေး အိမ်ပြန်ယူလိုက်မယ်။”

ထိုသို့ စည်းဝေး ဆွေးနွှေးဆုံးဖြတ်ပြီးသွားကာ ကျောင်းကုန်းဘေးမှ ထနောင်းပင်ကြီးအောက်တွင် မောင်သာဂေါင် ၏ လက် သမား ပညာစွမ်းဖြင့် ရေအိုးစင်လေးတခု ပေါက်ဖွားလာတော့သည်။

“ကဲ၊ ရေအိုးစင်တော့ ပြီးသွားပြီ။ ရေအိုးတည်ဖို့ပဲ ကျန်တော့တယ်။ ရေသောက်ကန်ကြီးရေက မိုးရွာနေတုံးဆိုတော့ နောက်သေး တယ်မောင်ပြာလောင်ရာ။ ဒီတော့ ဟိုတောင်ကျောင်းမှာ အုတ်ကန်နဲ့ လှောင်ထားတဲ့ရေကို ဆရာတော်ဆီ လျှောက်ပြီးတောင်းကြရအောင်၊အဲဒီကရေက သိပ်ကြည်တာဗျ။”

ထိုနောက်တွင်ကား ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုးပြီး ကောင်းကျိုးကိုယ်တွင် တည်ချင်သော တေဇလေးများသည် မိုးတဖွဲဖွဲ အောက်ဝယ် ပုဆိုးများကို ဖင်တုန်လေးများပေါ်အောင် ခြုံလျက် လေတချွန်ချွန်ဖြင့် တောင်ကျောင်းဆီ ချီတက်ကြလေသည်။

သို့သော်လည်း အကုသိုလ်ကံ မကုန်သေးရကား ကျောင်းဝိုင်းဝ အရောက်တွင် သူတို့၏ ကို့ယို့ ကားယားအပြုအမူများကြောင်း အကောင်းဆိုးဝါးများ ထင်သွားရော့ထင့်။
“ဝုတ် ဝုတ် ဝုတ်၊ဝေါင်း ဝေါင်း ဝေါင်း”ဟူသော အသံများ ပွက်ပွက်ညံအောင် ပေါ်ထွက်လာကာ ဘုန်းကြီးကျောင်း ခွေးအပေါင်းတို့သည် ဇွတ်အတင်း လိုက်ဆွဲလေရာ“လောင်နှင့်ဂေါင်”တို့မှာ ဖဝါးနှင့် တင်ပါးတသားတည်း ကျအောင် ပြေးရလေတော့သည်။

အပြေးချန်ပီယံ ပြာလောင်မှာ ရန်ကင်းသွားခဲ့သော်လည်း ကျွန်ုပ်တို့၏ ဆရာဂေါင်မှာ နွားလှည်းသာသာ ပြေးနိုင်သဖြင့်မသာကောင်ဖြစ်လုမတတ် ခွေးဆွဲခံရပြီး၊ ပုဆိုးမှာလည်း ဗရပွကြဲသွားတော့သည်။

ပွဲကြီးပွဲကောင်း

“မောင်သာဂေါင်ရေ၊ အမေက လက်ပကန်ကို ဆုံလှည့်ခ တောင်းခိုင်းလွှတ်လို့ လိုက်ခဲ့စမ်းပါဗျ၊ အားတယ်မလား။”

“အားပါတယ်ဗျ၊လိုက်တာပေါ့။”

“မိုးလည်း နည်းနည်းရွာနေတယ်၊ တော်တော်ကြာ သည်းချင်သည်းလာမှာ၊ အုပ်ခမောက်လေးလဲ ယူခဲ့ဗျို့။”

ဟုတ်ပေသည်။ “တော်သလင်း စဖိုသည် ဆင်းရဲ” ဆိုသည့်အတိုင်း တော်သလင်းလ ဖြစ်သည့်အတွက် မိုးက မတည်မညိမ်ပဲရွာလိုက်၊ လင်းလိုက်၊ သည်းလိုက်၊ ဖွဲလိုက်နှင့် ဆီးအောင့်သကဲ့သို့ ကျလိကျလိ လုပ်နေသည်။

“ခင်ဗျား ခြေထောက်က ခွေးကိုက်လိုက်တာ ဘယ့်နှယ့် နေသေးလည်း။ ပျောက်ပြီလား။”

“ပျောက်တော့ လုံးဝမပျောက်သေးဘူးပေါ့။အနာတွေ နည်းနည်းတော့ ကျက်လာပါပြီ။ ဒါတောင် အကိုက်ခံပြီးကာစကဆရာကျောင်းက မေးခိုင်ပိုးဝင်မှာစိုးလို့ အဖေ့ကို ဆေးထိုးခိုင်းတာ၊ ကိုသာအိမြင်းလှည်းနဲ့သွား ထိုးတာတာဗျို့၊

ပိုက်ဆံလည်း ကုန်သေး၊ နာလိုက်တာလည်း မပြောပါနဲ့တော့။ကျွန်တော်တို့ အမေကြီး ပြောသလို နာလည်းနာသေး နံလည်းနံသေးဆိုတာလို။”

“ဟာ မဟုတ်ဘူးဗျ။ ဆေးထိုးတာကောင်းတယ်။ ဟိုတလောကကြည့်ပါလား။ အမေမြင့်ကြီး သံပြားရှတာ ဘေးက လူတွေက မေးခိုင်ဆေးထိုးခိုင်းတာ ဇွတ်ငြင်းတော့ ကြည့်လေ မေးခိုင်ပိုးဝင်သွားလို့ ဂေါ်လန်တောင် ဖွင့်ရသေးတယ်မဟုတ်လား။”

“ဟုတ်တယ်ဗျ၊နာတာတော့ခဏဘဲ။”

သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနှင့် လျှောက်လာချိန်တွင် အရပ် ရှစ်မျက်နှာ တခွင်လုံး မိုးသားများမည်းမှောင်နေပြီးတိမ်များကနိမ့်ဆင်းမှုန်ပြာလာသည်။

မိုးဓာတ်ကြောင့် လူများမှာ အိမ်အပြင်သို့ မထွက်ကြပဲ အိမ်တွင်းအောင်း နေကြသဖြင့် ရွာလယ်လမ်းမကြီးမှာ လူသူကင်းရှင်း နေသည်။

သူတို့နှစ်ယောက် ရွာအနောက်တံခါးသို့ ရောက်သောအခါ မိုးက ရုတ်တရက်ပြို ကျသလို ရွာချလိုက်သည်။

“မောင်သာဂေါင်ရေ ရှေ့တိုးသွားလို့ မဖြစ်သေးဘူး။ အိမ်ပြန်သွားလို့လည်း မဖြစ်နဲ့၊ မိုးက နင်းကန်သည်းနေ ပြီ။လာဗျို့ ဟိုတမာပင်အောက် ဝင်ခိုရအောင်။”

ပြာလောင်၏ တိုက်တွန်းချက်ဖြင့် ရွာအနီးမှ တမာပင်အောက်သို့ ဝင်ပြီး မိုးခိုကြ၏။ အရိပ်ကကောင်းလွန်းသဖြင့် မိုးကောင်းကောင်းလုံသည်။

ပြာလောင်က သူ့ဆရာဦးဖိုးကျောင်းပေးမည့် ရောင်စုံဗူးနှင့် ဘောလ်ပဲန်ဆု မျက်စိတွင် မြင်ယောင်လျက် ရနိုင်မည့် အလုပ်ကိုကြံဆနေသည်။ သာဂေါင်မှာမူ မိုးရွာခြင်းအကြောင်းကို စစ်စစ်ပေါက်ပေါက် တွေးနေ၏။

“ဒီမယ်မောင်ပြာလောင်။ အခုလို မိုးကြီးသည်းတာ သိကြားမင်းကြီး ဘီယာတွေကိုပဲ ကျွံအောင်သောက်လို့ ကောင်းကင်ကနေပြီး မိုးရွာချတာဆိုဗျ။”

“အာ…ခင်ဗျားကလည်း ကြံကြံဖန်ဖန်ဗျာ။ မိုးရွာတဲ့အကြောင်းကို ကျွန်တော်တို့ ကျောင်းမှာ သင်ရတဲ့ဟာ။

ရေငွေ့တွေဖြစ်တဲ့ မိုးတိမ်တွေ အေးလာလို့ဟာ။ ခင်ဗျားအိမ်ရောက်တော့ ကျောက်သင်ပုန်းကို ခွင်စဖိုပေါ်က ပွက်နေတဲ့ ရေ နွေးအိုးနှုတ်သီးဝနား ထားကြည့်တွေ့လိမ့်မယ်၊ အဲဒီသဘောဗျ။”

စာတော်သော မောင်ပြာလောင် က မိုးရွာခြင်း သဘောကို ကျကျနန ရှင်းပြ၏။

“သိနိုင်ဘူးလေ။ ဟိုတခါ မြောက်ဘက်ကျောင်းမှာ ကသွားတဲ့ ဇာတ်ထဲက လူပြက်တွေ ပြက်လုံးထုတ်သွား တာသတိရလို့ဗျ။”

၁၅ မိနစ်လောက်ရှိသော အခါ ကိုရွှေမိုးသည် မောသွားသည်ထင့်။ နားသွားပြန်၏။

“ကဲ…အခုနေမိုးတိတ်တုံးသွားကြစို့။တော်တော်ကြာပြန်ရွာဦးမှာဗျ။” မောင်ပြာလောင်က ဆော်သြလိုက်သည်။

“သွားတာပေါ့ဗျာ အရေးထဲ ဗိုက်က နာနေပြန်ပါပြီ။ နေပါဦးဗျာ ကျွန်တော် အခင်းထိုင် လိုက်ပါဦးမယ်။”

“လူလည်းရှင်းသားဘဲ၊ ဟောဟိုနားက ချုံစပ် သွားထိုင်ပါလား၊ ဒီတမာပင်အောက်က စောင့်နေမယ်ဗျာ”

တအောင့်ကြာတော့ သူ၏အလုပ် ပြီးမြောက်ပြီဖြစ်သဖြင့် သာဂေါင်သည် ချုံစပ်မှ ထကာ တခုခုဖြစ်သည့် အလားအရေး တကြီး ဒရောသောပါးပြေးလာသည်။

“မောင်ပြာလောင်..မောင်ပြာလောင်…လာဗျို့လာ။”
“ဘာလဲ၊မြွေလားဗျာ။”

အဖြေမပေးနိုင်မီမှာပင် ရေဖြင့်နူးနေသော ကျစ်ပြင်မြေပေါ်ဝယ် မောင်သာဂေါင်မှာ အောင်မောင်းခြေထိုးသလို ဖြစ်ပြီးချော်လဲရာ ကြောင်ကျမကျ ထန်းသီးကြွေသကဲ့သို့ ဘုံးကနဲကျသဖြင့် အထိနာလှသည်။

သူ့မျက်နှာသည် နွားချေးပုံပေါ်သို့ အားပါးတရ နမ်းရှုပ်မိရာ မျက်စိနှင့် ပါးစပ်သာပေါ်ပြီးတမျက်နှာလုံး နွားချေးရောင်မျက်နှာဖုံးစွပ် သကဲ့သို့ ဖြစ်သွားလေသည်။

“ဟာ..ခင်ဗျားဟာက တော်တော်ရွာတာကိုး၊ ကျစ်ပြင်ပေါ် ဒါလောက် ပြေးရတယ်လို့ အနာတောင်နည်းပါ့။

သွားဗျာ၊ဟောဟိုနားက ရေကန်လေးဆီ သွားပြီး မျက်နှာသစ် ပစ်လိုက်။ မိုးမှောင်ကျလာပြီ။ အချိန်လည်း မရှိတော့ဘူး။”

မောင်ပြာလောင်၏ စီမံချက်အရ နံရုံတင်မက အပေအတေပါ ခံရသော မောင်သာဂေါင်သည် နွားသောက် သည့်ရေကန်သို့သွားကာ မျက်နှာသစ်ရလေသည်။ သို့သော်မကြာလှပါ။

တစုံတခုသော ဘေးအန္တရာယ် တခုကို ကြုံတွေ့လာရသည့်နှယ် အထိတ်တလန့် မဟားဒယား ပြေးလာပြန်သည်။

“ဟ..ကိုယ့်လူ ဘယ်လို ဖြစ်လာပြန်ပလဲဗျ။”

“သ သ သရဲ၊ သရဲခြောက်တယ်ဗျ။ သရဲခြောက်တယ်၊ ကြောက်လိုက်တာ။”

မိုးအေးသောကြောင့် ကြောက်လန့်ရုံ သာမက တုန်နေရှာသည်။ လှံဖျားပုစဉ်းနား၊ ကျီးကန်းကြောက်ချီပါ ဆိုသလို မောင်ပြာလောင်ပါ အခြောက်တိုက် အလန့်လွန်ကာ သာဂေါင်အား တင်းတင်းကျပ်ကျပ် ဖက်ထား၏။

“ကျွန်တော် မျက်နှာသစ်နေတုံး၊ဗြုန်း ဗြုန်း ဗြုန်း၊ဗြင်း ဗြင်း ဗြင်းနဲ့ သင်းချိုင်းကုန်းဘက်က ခြောက်တာဗျို့ အဲဒါနဲ့ပြေးလာတာ။”

“နောက်နောက်ဘာတွေဘယ်လိုခြောက်သေးလဲ။”

“ဟာ…မကြည့်ရဲပါဘူးဗျာ။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ တအားသုတ်လာခဲ့တာ။”

“လာဗျာ သွားကြည့်ရအောင်၊ သရဲဆိုတာ ကျွန်တော်လည်း တခါမှမမြင်ဖူးဘူး။ နှစ်ယောက်ကြီးပဲဟာ။ ကြောက်မနေပါနဲ့သွားကြည့်ရအောင်။”

မကြည့်ဝင့်သည့် အရာမှ ကြည့်ချင်သည့် လူ့သဘာဝ အလျောက် အရဲစွန့်ပြီး သွားကြည့်ရန် ဆုံးဖြတ် လိုက်ကြသည်။

“ကြောက်လည်း ကြောက်တယ်။ ကြည့်လည်းကြည့်ချင်တယ်။ ဆရာကျောင်းကတော့ သရဲဆိုတာ မရှိဘူးလို့ ခဏခဏပြောဖူး တာဘဲ၊ ကဲလာဗျာ၊ သွားကြည့်ကြမယ်။ ခြေသံမကြားစေနဲ့အသာလေးနော် မောင်သာဂေါင်၊အသာလေး။”

ခုံဖိနပ် စုတ်တရံသည် ယခုအခါ စွယ်တော်ရွက်ပမာ ပူးကပ်လျက် ရဲစိတ်သွင်းကာ ကုန်းကွကုန်းကွနှင့် ရွာသင်းချိုင်းကုန်းဆီသို့ ချွတ်နင်းကြလေသည်။

ယာခင်းတခင်းကျော်သော် သင်းချိုင်းကုန်းအစပ်ရှိ နဘူးခြုံဘေးသို့ ရောက်လာ၏။ သို့သော် မြင်လိုက်ရ သောမြင်ကွင်းကြောင့် နှစ်ယောက်စလုံး ယိမ်းတိုက်ထားသည့် အလားဘရိတ်ကောင်းသော ကားပမာ တိကနဲရပ်သွားပြီး တဦးနှင့် တဦးတင်းကျပ်စွာဖက်ထားကြသည်။

“သ သ သရဲဗျ၊မောင်သာဂေါင်၊သရဲ။”

နဘူးခြုံအတွင်းမှ အသံဗလံ မသဲမကွဲပေါ်လာပြီး ချုံကလည်းလှုပ်လာသည်။ နှစ်ယောက်စလုံးဆံပင်များ ထောင်လာလျက်ကြက်သီးမွေးညှင်းထကာ ဒူးတုံနေကြသည်။

“မောင် မောင်သာဂေါင်၊ ကြောက်လာပြီဗျ။ ဟော…ဟောချုံကြီးက နင်းကန်လှုပ်လာပြီ။ ဟောထွက်လာပြီ နင်းမေကလွှားတဲ့ဗျ။”

ကြောက်အားထက်ရယ် အားသန်စရာ။ ထွက်လာသည်က နွားမကြီးတကောင်။ “သရဲဆိုဗျ၊ မောင်ပြာလောင်ရ။”

“ဗြုန်း ဗြုန်း ဒိုင်း ဒိုင်းခြောက်တာ ဒီခြုံထဲကမဟုတ်ဘူးဗျ။ ဟောဟိုသင်းချိုင်းထဲက။ လာပါဗျာ။ မကြောက် တော့ဘူး။ မြင်ဖူးအောင် ကြည့်ကိုကြည့်မယ်။“

“ဂျစ်ဂျစ်ဂျစ် ဗြုန်း…….” သင်းချိုင်းကုန်းဇရပ်နား အရောက်တွင် ကြားရသော အသံကြီးကြောင့် ကြက်သီးဖြန်းဖြန်း ထသွားကြ၏။

“အဲ အဲဒါဘဲ၊ မောင်ပြာလောင်၊ သရဲလေ။ ဇရပ်ပေါ်မှာခြောက်နေပြီ။ ဟာ…သုံးကောင်ဗျို့။”

ဇရပ်ပေါ်တွင်မဲမဲသုံးခုကမိုးမှောင်ထဲဝယ်ရွေ့လျားနေကြသည်။ “ဗြန်း…” အသံတခု နောက်ထပ် ကျယ်လောင်စွာ ထွက်လာပြန်သည်။

“ဟာသွပ်ပြားကြီး ကျလာတာပါလား မောင်ပြာလောင်။”

“ရှူး…..တိုးတိုး၊ မောင်သာဂေါင်၊ သွပ်ပြား။ သြော်…ကျွန်တော်သိပြီ ကိုယ့်လူရေ။ သရဲမဟုတ်ဘူး။ သူခိုးဗျ။

သူခိုးတွေ။ အခုလို မိုးမှောင်ကျနေတုံး သင်းချိုင်းဇရပ်က သွပ်တွေလာခွာတာ။ မိုးသည်းနေတော့ ရွာကလူ တွေ အပြင်မထွက် ကြဘူး။ သင်းချိုင်းကုန်းဆိုပြီး လူတွေက မှောင်လည်းမှောင်နေပြီဆိုတော့ ပိုပြီး မလာရဲတာပေါ့ဗျ။”

“ဒီတော့ဘယ်လိုလုပ်မလဲ။”

“ဒီလိုလုပ်မယ်ဗျာ။ ရွာကိုပြန်မယ်။ ပြန်ပြီတော့ ကောင်စီလူကြီး ကိုတင်စိန်အိမ်မှာ ရဲကိုဉာဏ်တင်နဲ့ ကိုစိန်ချိုတို့ရှိတယ်။ သူတို့ကို ဖမ်းခိုင်းမှာပေါ့။ သံချောင်းမွှေ လူစုပြီးရွာသားတွေနဲ့ ဝိုင်းဖမ်းမယ်။ လာဗျာကြာတယ်။

သွာကြရအောင်။ တော်ကြာ လွတ်သွားမှာစိုးတယ်။”

“ဟ…သံချောင်းမွှေရင် သွပ်သူခိုးတွေ ကြားပြီး ထွက်ပြေးကုန်မှာပေါ့။”

“ဟာ..ဟုတ်ပြီ။ ခင်ဗျားကအပြေးသန်တယ်။ ခင်ဗျားသွားပြော။ သံချောင်းမမွှေဘဲ လူစုခိုင်းဗျာ။ ကျွန်တော်က ဒီမှာ စောင့်နေခဲ့မယ်။ သူခိုးတွေ လစ်ပြေးရင် ဟောဒီလောက်လေးနဲ့ ဆော်မယ်။”

“အဲ။လောက်လေးလဲပါတာကိုး။ ကောင်းတယ်ကောင်းတယ်။ ကဲကျွန်တော် မြန်မြန်လေး ပြေးလိုက်ဦးမယ် ခင်ဗျားလည် းမမြင်အောင်ပုန်းနော်။”

နှစ်ယောက်သား အသီးသီး တာဝန်ခွဲဝေပြီးသော်၊ ပြာလောင်သည် ရွာသို့ဒုန်းစိုင်းပြီး၊ ငပုလုံးသည်ဇရပ်နှင့် မလှမ်းမကမ်းတ မာ ပင်ခွကြားတွင် ပုန်းကွယ်လျက် အခြေအနေ စောင့်ကြည့်နေသည်။

ဇရပ်အမိုးမှ သွပ်ပြားတဝက်ကျော် ခိုးပြီးဖြစ်သဖြင့် ဇရပ်ဘေးတွင် ပုံနေသည်။ မည့်သို့သယ်မည်ကို မသိနိုင်သေး။ ဟင်း လင်း ပြင်ဖြစ်နေသော ဇရပ်အမိုးနှင့်ထပ်ပုံနေသော သွပ်ပုံကိုကြည့်ပြီး သာဂေါင်သည် ကလေး အတွေးဖြင့်တွေးနေလေသည်။

“တောက်….။ မိုက်လိုက်တဲ့ သတ္တဝါတွေ။ ခိုးစရာရှားလို့ ဇရပ်အမိုးတောင် ခိုးရတယ်လို့။ ခုနေများအသုဘ ချလာရင် ဘဘုန်းတို့ခမျာမိုးစိုခံပြီး သရဏဂုံ တည်ကြရမှာ။” သာဂေါင်စိတ်ထဲမှရေရွတ်နေ၏။

စောရမောင်သုံးဦးသည် စိတ်ချလက်ချ အန္တရာယ်ကင်းစွာ သွပ်ပြားများကို စိမ်ပြေနပြေခွာနေကြသည်။ ဇရပ်တိုင်ခြေတွင်ထောင်ထားသည့် ပုလင်းများကို အလှည့်ကျ မော့ရင်းဇိမ်ကျနေကြသည်။တခါတရံလေများပင် ချွန်လိုက်ကြသေးသည်။

“တင်အောင်ရေအောက်ဆင်းခဲ့ပါဦးကွ။” “ဘာလဲဟ၊အောင်မင်းရ။ ဒီမှာ သွပ်ပြားတွေက ပြီးကာနီးပြီ။”

တိုင်ခြေမှ ပုလင်းကို အပြတ်ရှင်းနေသော သူခိုးအောင်မင်းဆိုသော သူကအပေါ်မှ သူဝှက်တင်အောင်ဆိုသူကို လက်ထဲမှပု လင်းကိုဇောက်ထိုး မြှောက်ပြလိုက်၏။

“ရှုပ်ကုန်ပြန်ပြီဟေ့၊နောက်ထပ်တလုံးပင့်ခဲ့ပါဦးကွ။” “ပြီးလဲပြီးခါနီးပါပြီကွာ။ အောင်ပွဲသဘင် ဆင်တဲ့အနေနဲ့ ဝိုင်းထောင်ရှပ်ပင့်ကြစို့။ ကျွဲပေါက်ပါ ခေါ်ခဲ့တော့။”

သို့သော် စောရသုံးယောက်က စော်မျိုကြခြင်းသည် သာဂေါင်ကို များစွာထိခိုက်စေသည်။ အကြောင်းမှာ သာဂေါင်ထိုင်နေသည့် တမာပင် အရိပ်တည့်တည့် အောက်တွင် ဝိုင်းဖွဲ့နေကြခြင်းပင်တည်း။

သာဂေါင်မှာ မလွယ်လှ။ တုတ်တုတ်မျှ မလှုပ်ဝံ့။ အောက်မှ ရွှေကိုယ်တော်များမှာ တလုံးပြီးတလုံးသာ ကုန်သွားသော်လည်းကြွက်တွင်းများဟု ထင်ရလောက်အောင်ပင် သောက်ပွဲကမပြီးသေး။

စကားပြောသံများက ဗလုံးဗထွေးမသဲကွဲတော့ဘဲ တဟီးဟီးတဟားဟားနှင့် ပျော်မြူးနေကြသည်။ ခက်သည်ကသာဂေါင်။အန္တရာယ်ကိုလွယ်နိုင်စွမ်းမရှိ။

မိုးကမစဲ။ ဆီးသွားချင်စိတ်က မအောင့်အီးနိုင်တော့ ငါးမျှားချိတ်မျိုချမိသည့် ငါးကဲ့သို့ဖြစ်နေ၏။ အောင်ဆင်းဖို့ကမဖြစ်နိုင်။အပေါ်တွင်လည်းမပြီးစီးနိုင်။

နောက်ဆုံးသာဂေါင်ခမျာ ဘရိတ်ပေါက်လေတော့သည်။ အတင်းအောင့်ထားသည်ကြားကပင် အောက်မှ ယမကာဝိုင်းသို့ကျသွားလေတော့သည်။

“ဟဟ..ကျွဲပေါက်ကြီးရ၊ဘယ်လိုတုန်းကွ၊မိုးရေတွေကပူပူနွေးနွေးကြီးပါလား။အဲငန်ပျပျနဲ့၊ဟော…မင်းခွက်ထဲကော ကျကုန်ပြီ။”

ရေချိန်မိနေသောတင်အောင်ဆိုသူက “အာကောင်းတာပေါ့။ သစ်ပင်မိုးပဲ၊ သိပ်ကောင်းတာ၊ ငါ့အရက်က မီးတောက်ဆိုတော့အံကိုက်ဘဲ။” ဟုကျွဲပေါက်ဆိုသော်လည်း ဝါးခြမ်းပြားကဲ့သို့ ပိန်လိန်နေသူသည် ပြောကာဆိုကာနှင့်အာမိုးနီးယားဓာတ်ပေါင်းရည် ရောစပ်ထားသော ယမကာခွက်ကို “ကျွိ”ကနဲမြည်အောင်မော့ချလိုက်သည်။

“အားသိပ်ကောင်း၊ အားကြီးကောင်း၊ ဆားကလေးများ ထည့်ထားတဲ့ အတိုင်းပဲ”ဟုပြောကာ သူ၏ နှုတ်ခမ်းပါးများကို လျှာဖြင့်လျက်သေးသည်။

“ဟဲ့..ဟဲ့..ငါ့ခေါင်းပေါ် ကျီးကန်းသေး ပါချတယ်ဟေ့၊ နွေးနွေးကြီးဟ” သည်တကြိမ်တွင် အောင်တင်ဆိုသူသို့ အလှည့်ကျ ထီ ပေါက်သွားပြန်သည်။ အောင်တင်က ဇက်လေးနေသဖြင့် မော့မကြည့်အား။

“ဟာ..မင်းအဘနှယ်၊ ကျီးတို့၊ ကြက်တို့ ဘယ်တုန်းကသေးပါတာ တွေ့ဖူးလို့လဲကွ။”

“တော်တော်အတဲ့ အကောင်ဘဲ၊ ဒီမယ်သေးပါတဲ့ကြက်ရှိတယ်ကွ။မ ယုံရင်ငါနဲ့ မြို့တခေါက်လိုက်ခဲ့။ သေချာပေါက် သိရလိမ့်မယ်။”

ထိုအခိုက် သာဂေါင်သည် ချုပ်တီးထားခြင်းကို မစွမ်းနိုင်သောကြောင့် ဝေဒနာကို အားပါးတရထွက်ပေါက် ပေးလိုက်ရာနေ ရာ ကွက်ပြီး မိုးပူကြီးလေတော့သည်။

“ဟာရွာလိုက်တဲ့ မိုးတွေ၊ ပူလှချည်လားကွ၊ အပေါ်ကို မော့ကြည့်၊ ဟာ…မှင်စာအဖြူလေး၊ဟ ဟ ဟ…..

မဟုတ်ဘူးကွ၊ ကောင်လေးတယောက်၊ ဟ ကောင်တွေ ဘာလုပ်နေကြတာလဲကွ။ တက်ဖမ်းပါလား။”

ချောက်တွင်ပိတ်မိနေသော မောင်သာဂေါင်သည် မထူးတပ်ဖွဲ့က အမိန့်ပေးနေသူ ကွန်မန်းဒါးကဲ့သို့ အရက်မူးသမား တစ်ယောက်၏ ကိုယ်ပေါ်သို့ရုတ်တရက် ခုန်ချလိုက်သည်။

ရှောင်တခင် တိုက်ခိုက်မှုကြောင့် ရှောင်တိမ်းချိန်မရလိုက်ဘဲ အမူးဒဏ်နှင့် မောင်သာဂေါင်၏ ဖနောင့်ဒဏ်တို့သည် ပုခုံးနှစ်ဘက်ပေါ်သို့ ပြင်းထန်စွာကျလေရကား အကြောမိလျက် တုံးလုံးလဲကာ သတိလက်လွတ်ဖြစ်သွား၏။

ထို့နောက် သာဂေါင်သည် အနီးရှိ ပုလင်းခွံနှင့်ဦးခေါင်းကို လှမ်းရိုက်သည်။ မြန်ဆန်လှသော လှုပ်ရှားမှုကြောင့် တင်အောင်နှင့်ကျွဲပေါက်မှာ မှင်တက်မိနေကြသည်။

အုတ်ဂူတစ်ခုတွင် ပုံးကွယ်ပြီး သာဂေါင်သည် ရန်သူကို အပြီးတိုင် သုတ်သင်ရန် မိမိ၏လက်သုံးတော် လေးခွကိုထုတ်သည်။

လက်ဖြောင့်တပ်သား၏ နေရာမှန် တကိုယ်တော် အစွမ်းပြခန်းရောက်လေတော့သည်။ ထို့နောက်ခါးပုံအတွင်းမှ ကျည်ဆန်များ ကိုနှိုက်ယူသည်။

သို့သော်လည်းမိုးရေတို့ လက်ချက်ကြောင့် လောက်စာလုံးများမှာ ရွှံ့နှစ်များဘဝသို့စုတေကုန်တော့၏။ ဗိုလ်သာဂေါင်အခက်တွေ့ လေပြီ။ အုတ်ဂူဘေးတွင် ကျောက်စရစ်ခဲများကို ရှာ၏။

နောက်အုတ်ဂူသို့ ပြောင်း၏။ ကံအားလျော်စွာပင် နွားကျောင်းသားများ စုပုံကစားသည့် အရွယ်တူ ကျောက်စရစ်ခဲများကို
တွေ့ရ၏။ ဗိုလ်သာဂေါင် အားတက်သွားလေပြီ။

“ဟ တင်အောင်၊ ကောင်ကလေး ဘယ်ပျောက်သွားပါလိမ့်။တွေ့အောင် ရှာဖမ်းဟေ့၊ မမိယင် မဖြစ်ဘူး။ ရွာထဲကို အရောက်မခံနိုင်ဘူး။”

“ဒီမှာဟေ့၊ဒီမှာ။”

ဗိုလ်သာဂေါင်သည် ကြွေးကြော်ပြီး လေးခွ၏ သားရေကြိုးကို မောင်းကုန်ဆွဲလွှတ်လိုက်ရာ ဝရဇိန်လက် နက်ကျောက်စရစ်ခဲသည်တင်အောင်၏ ခြေမျက်စိကို ပြင်းထန်စွာ ထိမှန်လေတော့သည်။

“ဒေါက်” “အောင်မလေးသေပါပြီဗျ။” တင်အောင်မှာ ခြေတပေါင်ကျိုးခုန်လျက် ထွန့်ထွန့်လူးနေသည်။ သာဂေါင်သည်သူ၏ လက်ကို ယုံကြည်သည်။

နောက်တချက်သည်လည်း တင်အောင်၏ ခြေသလုံး ပလွေရိုးကို ထိထိခိုက်ခိုက်မှန်လေသည် တင်အောင်မှာ ချက်ကောင်းနှစ် နေရာကို ထိခိုက်မိသော ဒဏ်ရာကြောင့် အရုပ်ကြိုးပျက်ပုံလဲကာ-

“ခွေးသူခိုးလေး၊သေပေတော့ဟေ့၊မပြေးနဲ့ဟ။” တတိယလူသူခိုးကလူဟစ်ကာ သံတူရွင်းမိုးပြီးအတင်းလိုက်လေသည်။

လောက်လေးခဲနှိုက်ရ အောင်အချိန်မရလောက်အောင် ရန်သူက နီးကပ်နေသဖြင့် သာဂေါင်မှာ ခြေထောက်အာကိုးပြီး ပြေး
လေသည်။

သို့ပါသော်လည်း အုတ်ဂူပျက်တခုမှ ကွာကျနေသော အုတ်ခဲကျိုးတခုကို တိုက်မိပြီး ဟပ်ထိုးလဲသွားလေရာ ညာဘက်ခြေ သည်းခွံကျွတ်သွားသည်။ သေရေးရှင်ရေးမို့ သာဂေါင်ခမျာ မနာနိုင်အား။

တတိယသူခိုးကျွဲပေါက်သည် သံတူရွင်းမိုးပြီး ရိုက်ရန်ပြင်လိုက်သည်။ မူးလွန်းနေသဖြင့် လူ၏လှုပ်ရှား ဟန်မှာ မမြန်ဆန်မတိကျလှ။

ထိုဟာကို အခွင့်ကောင်းယူလျက် ဂါမဏိ၏ချက်ကြိုးပြတ်နေသော ချိုင်းကြားသို့သမိန်ဗရမ်း၏ လှံံချက်စူးဝင်သွားသည့်နှယ်ဗိုလ်သာဂေါင်၏ ဦးခေါင်းသည် သူခိုးကျွဲပေါက် ၏ပေါင်နှစ်ခုကြားကို ပင့်ဆောင့်လိုက်ရာ အသံနက်ကြီးထွက်လာလေသည်။

“အောင်မလေးတက်ပါပေါ့ဗျ..။အား..အား..။”

အောင်ပွဲရသော်လည်း မိမိခြေထောက်မှ ဒဏ်ရာကြောင့် မောင်သာဂေါင်၏ ဒေါသမှာ အဆာမပြေသေး။ ဆက်လက်ပြီးနှစ်ချက် ဆင့်ကာ လေးခွစာကျွေးလိုက်သေးသဖြင့် နဖူးတော်မှာ သပြေသီးမှည့်နှစ်လုံးဖြင့် တင့်တယ်သော အဆင်းကိုဆောင်လျက်ရှိပြီးမိုး ရေဗွက်အိုင် အတွင်းဝယ် တကယ့်ကျွဲကြီးသဖွယ်လူးလိမ့် အော်ဟစ်တော်မူရှာသည်။

“အောင်မယ်လေးဗျာ၊ ကယ်ကြပါ၊ လုပ်ကြပါဦး၊ လူညွှန့်တုံးပါပေါ့ဗျာ။”

ထိုအခိုက်မှာပင် ပထမဦးဆုံးအရက်ပုလင်းဖြင့် ဆော်ထည့်ခြင်းခံရသော မောက်ဒါကူးသည်ဓားပွင့်ကိုဆွဲကာ ဒယိမ်းဒယိုင်ဖြင့်တူရူမှပြေးလွှားလာလေသည်။

အားတက်နေသော မောင်သာဂေါင်သည် နာလန်ထသူခိုးကို ခုခံနှိမ်နင်းရန်လေးခွကိုအားကုန်တင်လိုက်ရာ- “ဖြန်း” “ဟဲ့.. သောက်ကျိုးနည်း” သာဂေါင်၏အသံ။ ကံဆိုးရှာသည်။

သားရေကြိုး ပြတ်သွားလေပြီ။ မောင်သာဂေါင်အဖို့ အစွယ်ကျိုးသော ကင်းမြီးကောက်သို့ ဖြစ်သွားသည်မို့ ထွက်ပြေးရန်မှတပါးတခြားမရှိတော့။

“ဟေ့..ခွေးကောင်လေး၊ရပ်မပြေးနဲ့။” ပြေးသာပြေးနေရသော်လည်း စိတ်အလိုကို လူကမလိုက်နိုင်။ ခြေမမှဒဏ်ရာကြောင့်တပန်းရှုံးလှသည်။

အသားမည်း၊ သပိတ်ဖန်ကတုံးသည် ဝါးတရိုက်ပင်မကွာတော့။ မူလကတည်းက အပြေးချို့တဲ့သူလေးမှာ အမောလည်းဖောက် လာသည်။

သဘာဝအခြေအနေကသူ့ကိုမျက်နှာသာမပေးချေ။ ကြည့်ပါလေ။

သစ်ငုတ်တခုကို တိုက်မိကာ ပစ်လဲသွားပြန်သည်။ သွားပါပေါ့လား။ မျက်လုံးများကပြာလာသည်။ သတိများက ဆရာကျောင်း စားပွဲပေါ်မှ အရောင်လှလှဘောပဲန်လေး၊ရောင်စုံခဲတံဗူးနှင့်ပုံဆွဲစာအုပ်။

နောက်ဘာမှမသိနိုင်တော့။

“မောင်သာဂေါင်၊မောင်သာဂေါင်၊သတိရပြီနော်။” သူ၏မျက်လုံးကိုအားယူဖွင့်လိုက်၏။ သူ့ဘေးမှာ ချစ်သူငယ်ချင်း အတွက်စိုးရိမ် ပူပန်နေရှာသည့် မောင်ပြာလောင်ခေါ် မောင်မြင့်ဝင်း။

သူ၏မိဘများနှင့် ဆရာကျောင်း။ ရွာလူကြီးများနှင့် ရဲသားနှစ်ဦး။ ကြိုးတုတ်သားသောသူများ။ နောက်… ပြည့်နှက်နေသော ရွာလူအုပ်ကြီး။

“ကျွန်တော်တို့ ဒီကိုရောက်တော့ ခင်ဗျားမယ် မှောက်လျားထိုးကြီးကိုလဲလို့။ ဟောဟို ဖန်ပေသီးကတုံးကြီးက ခင်ဗျားကိုဓားနဲ့မိုးနေတုန်းဝိုင်းကြတာ။ အံမယ်၊သူခိုးကြီးက အာခံဦးမလို့ဗျ။ ရဲတွေလက်ထဲက အရှည်ကို မြင်မှ ဖမ်းလို့ရတာ။”

ထိုစဉ် သူတို့လက်ထဲကျရောက်လာသည်က လှပတောက်ပြောင်သော ဘောလ်ပဲန်လေးများ။

အပြုံးများ ဝေဆာလျက် တယောက်မျက်နှာ တယောက်ကြည့်ရင်း အားပါးတရဖက်လိုက်ကြ၏။ အားလုံးသော ပရိတ်သတ်များမှာလည်းပြုံးရွှင်လို့။


မှတ်ချက်- လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ လောက်က နာမည်မကြီးခဲ့သည့် ဝတ္ထုတို တပုဒ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်လောက်မှ Digital စာဖြင့် Knowledgeworms team မှ Group တခု တွင် ဖော်ပြခဲ့ပြီးဖြစ်ကာ ပြန်လည် ဖော်ပြပေးခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ် ပျောက်ဆုံးနေသည့်အတွက် မူရင်းရေးသားသူကို ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။ မူရင်းစာအုပ်မှာ ပခုက္ကူမှ ထုတ်ဝေ သည့် မဂ္ဂဇင်း တအုပ်ဖြစ်ပြီး မူရင်း ဝတ္ထုအမည်မှာ “အတွေ့လေးရယ်တဲ့ အိုအကြုံ” ဖြစ်ပါသည်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *