ဗြိတိန်ဟာ ၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့က ယူကရိန်းသို့ ၎င်း၏ Starstreak ပုခုံးထမ်း လေကြောင်း ကာကွယ်ရေး စနစ်များ ပေးပို့မယ်လို့ အတည်ပြုခဲ့ပြီး နောက်ပိုင်း ထိုစနစ်များကို ပို့ဆောင်ပေးခဲ့ပါတယ်။
Starstreak ဟာ အခြား ပုခုံးထမ်း MANPADS တော်တော်များများနှင့် ကွဲပြားပြီး အလုပ်လုပ်ပုံလည်း မတူပါဘူး။
၁၉၈၀ ခုနှစ်များက ဒီဇိုင်းဆွဲခဲ့ပြီး ၁၉၈၆ တွင် ပထမဆုံး ထုတ်လုပ်ခဲ့ကာ ၁၉၉၇ ခုနှစ်ကနေ ယနေ့အထိ အဆင့်မြှင့်တင်မှု များစွာ ပြုလုပ်ပြီး အသုံးပြုနေတာဖြစ်ပါတယ်။
ပစ်လွှတ်နိုင်ရန်အတွက် စစ်သည့် တဦးသာ လိုအပ်ပြီး ယနေ့အချိန်အထိ ယူနစ်ပေါင်း ၇ ထောင်လောက် ထုတ်လုပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒီစနစ်မှာတော့ ၂ ပေါင်လောက်ရှိတဲ့ tungsten (အဖြိုက်နက်) သတ္တုစပ်ဖြင့် ပြုလုပ်ထားသည့် လှံတိုပုံစံ ဒုံးကျည် ၃ လုံး အ တွဲ လိုက် ပါဝင်ပါတယ်။

Image: Courtesy of Armyrecognition
ပစ်လွှတ်သည့် အခါမှာလည်း ထိမှန်နိုင်ချေ ပိုမို ကောင်းမွန်စေရန် အတွက် ရော့ကတ် မော်တာ ၂ လုံးကို တပ်ဆင်ပေးထားပါတယ်။
လေယာဉ်ကို ချိန်ရွယ်ပြီး ပစ်လွှတ်လိုက်တဲ့ အခါမှာ လေဆာ နှစ်ခုဖြင့် လေယာဉ်ကို ထောက်ထားပြီး ပစ်မှတ်ကို မထိမချင်း ပစ်လွှတ်သူမှ ထိန်းချုပ်နိုင်ပါတယ်။
စစ်မြေပြင် သက်သေပြပြီးဖြစ်တဲ့ Stinger ပုခုံးထမ်းများနှင့် နှိုင်းယှဉ်ပါက Starstreak ၏ ဒုံးကျည်များဟာ ပိုမို လျှင်မြန်စွာ ပစ်မှတ်ကို ချေမှုန်းနိုင်ပါတယ်။
ဒုံးကျည်ဟာ အကွာအဝေး ၄.၃၅ မိုင်မှာ ပစ်မှတ်ကို အမြင့်ဆုံး ပေ ၁၆,၀၀၀ အထိ တက်ကာ အသံထက် ၄ ဆ အမြန်နှုန်းဖြင့် ပစ်လွှတ် တိုက်ခိုက်နိုင်ပါတယ်။

ဘေးတိုက်မြင်ကွင်း
စနစ်တွင် လေဆာပစ်မှတ်ရှာ စနစ်ကို တပ်ဆင်ထားသည့်အတွက် ဒုံးကျည်များကို လမ်းလွှဲရန်အတွက် လေယာဉ်များတွင် အသုံးပြုသည့် မီးကျည် Flare များနှင့် ပစ်မှတ်တု ဖန်တီးသည့် decoy များကို မှုစရာ မလိုသည့်အပြင် ရေဒီယိုလှိုင်း ဖိဖျက်သည့် ဒဏ်ကိုပါ ခံနိုင်ရည်ရှိပါတယ်။
အမြန်နှုန်းဟာ တစက္ကန့်လျှင် ၁ မိုင်နှုန်းလောက် သွားသဖြင့် ပစ်မှတ်ကို ၅ စက္ကန့်မှ ၆ စက္ကန့်အတွင်း ချေမှုန်းနိုင်သည့်အတွက် လေယာဉ်များအတွက် ရှောင်းရှားနိုင်ဖို့ အချိန် နည်းပါးပါတယ်။
လေဆာနှင့် ထောက်ပြီး အသုံးပြုခြင်း၏ အားနည်းချက် ကတော့ အလွန်လျှင်မြန်သည့် လေယာဉ်များနှင့် ရှောင်တိမ်းဖို့ မြန် ဆန်စွာ လှုပ်ရှားနိုင်တဲ့ လေယာဉ်များကို တိုက်ခိုက်ရာမှာ ခက်ခဲပါတယ်။
ဒါ့ကြောင့် ယခင် အသုံးပြုခဲ့သူတွေက ဒီစနစ်ကို အသုံးပြုဖို့ နာရီ အနည်းငယ်သာ အခြေခံသင်တန်း တက်ရန် လိုအပ်တယ်လို့ ဆိုပေမယ့် တကယ် လက်တွေ့ ပစ်ခတ်နိုင်ဖို့အတွက်တော့ Stinger များထက် လေ့ကျင့်မှု ပိုမို လိုအပ်နိုင်ပါတယ်။

Image: Courtesy of Thales
Starstreak ဟာ လေ့ကျင့်မှု ကောင်းကောင်း လိုအပ်ပေမယ့် ဒုံးကျည်များကို ကာကွယ်ဖို့အတွက် တန်ပြန်စနစ်များကို မမှု တဲ့အတွက် ပစ်မှတ်ကို သုတ်သင်ဖို့အတွက် အခြား MANPADS များထက်တော့ ပိုပြီး အစွမ်းထက်တယ်လို့ ယူဆလို့ရပါတယ်။
စနစ်ကို တလုံးပစ် လောင်ချာစနစ်နှင့် ၃ လုံးပစ် လောင်ချာစနစ်များနှင့် တွေ့မြင်နိုင်ပြီး အခြားသော ယာဉ်များတွင် တပ်ဆင်နိုင်ကာ ဗြိတိန်မှာတော့ Stormer သံချပ်ကာယာဉ်တွင် တပ်ဆင်လေ့ ရှိပါတယ်။
နောက်ဆုံး မျိုးကွဲများတွင် လေဆာပစ်မှတ်ရှာ စနစ်ကို အလိုအလျှောက် ခြေရာခံခြင်း နည်းပညာကိုပါ ပေါင်းစပ် ထည့်သွင်းထားသည့်အတွက် ယခင်ထက် အသုံးပြုရန် ပိုမိုလွယ်ကူကာ ပစ်မှတ်ကို ထိတွေ့နိုင်စွမ်း မြင့်မားလာပါတယ်။
Starstreak ကို အင်ဒိုနီးရှား၊ မလေးရှား၊ တောင်အာဖရိက၊ ထိုင်းနှင့် ဗြိတိန် စစ်တပ်များတွင် အသုံးပြုလျှက် ရှိပါတယ်။

Stormer နှင့် အတူတွေ့ရသည့် Starstreak Image: Courtesy of Wiki Commons CC BY 2.0
ယခု မတိုင်ခင် လက်တွေ့ စစ်မြေပြင်မှာတော့ အသုံးပြုခဲ့ခြင်း မရှိပါဘူး။
သို့ပေမဲ့ ယူကရိန်းမှာ Starstreak ပုခုံးထမ်းတွေ တကယ်ပဲ အစွမ်းပြနိုင်ခဲ့တာကို ရုပ်သံ မှတ်တမ်းများမှ သက်သေပြနေ ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 28/3/2022