ဒီဇင်ဘာလ ၂၇ ရက်နေ့က ယူကရိန်းနိုင်ငံ ကောင်းကင်ယံမှာ အမေရိကန်၏ စစ်မြေပြင် စီမံကွပ်ကဲမှု နှင့် ထိန်းချုပ်ရေး တာဝန်များ ထမ်းဆောင်နိုင်တဲ့ လေယာဉ်ကြီးကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ လေယာဉ်ဟာ အမေရိကန် လေတပ်နှင့် ကြည်းတပ်တို့ ပူးပေါင်း ပြီး Northrop Grumman မှ ထုတ်လုပ် ပေးထားသည့် joint surveillance and target attack radar system (JSTARS) လို့ခေါ်တဲ့ ရေဒါစနစ် တပ်ဆင်ထားတဲ့ E-8C အမျိုးအစား လေယာဉ်ပဲ ဖြစ်ပါတယ်။
ဒီသတင်းကို ယူကရိန်း လေပိုင်နက်အတွင်း ပျံသန်းနေတဲ့ အဆိုပါ E-8C လေယာဉ်ကြီးကို ဓာတ်ပုံ ရိုက်ယူခဲ့တဲ့ အလွတ်တန်း သတင်း ထောက် ဖြစ်တဲ့ Vladimir Vorobyov က စတင် ဖော်ပြခဲ့တာပါ။
အမေရိကန်လုပ် E-8C လေယာဉ်ကို ယူကရိန်း နိုင်ငံမှာ ပထမဆုံး အကြိမ် တွေ့ရှိရတာလည်း ဖြစ်ပါတယ်။

JSTARS စနစ်ဟာ လေကြောင်းချီ တိုက်ပွဲ စီမံခန့်ခွဲမှုများ၊ အမိန်ပေးနှင့် ထိန်းချုပ်ရေးများ၊ ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ကင်း ထောက်ခြင်း လို့ခေါ်တဲ့ ISR ကဏ္ဍများကို ပံ့ပိုးပေးနိုင်တဲ့ စနစ်တခု ဖြစ်ပါတယ်။
ဒီစနစ်ပါဝင်သည့် လေယာဉ်၏ အဓိက တာဝန်မှာ တိုက်ခိုက်မှု စစ်ဆင်ရေးနှင့် ရန်သူ့ ပစ်မှတ်များကို နှောင့်နှေးရန်၊ နှောင့်ယှက်ရန် နှင့် ဖျက်ဆီးဖို့ရာအတွက် မြေပြင်နှင့် ဝေဟင် တပ်မှူးများအတွက် စစ်မြေပြင်စောင့်ကြည့်ခြင်း စစ်ဆင်ရေးများဖြင့် ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
E-8C ဟာ Boeing 707-300 အရပ်ဖက်သုံး ခရီးသည်တင် လေယာဉ်ကို ကျယ်ကျယ်ပြန့်ပြန် ပြန်လည် မွမ်းမံ ထုတ်လုပ်ထားတာဖြစ်ပြီး ရေဒါ၊ ဆက်သွယ်ရေးစနစ်များ နှင့် လုပ်ဆောင်ရမည့် စစ်ဆင်ရေးအပေါ် မူတည်ပြီး ထိန်းချုပ်ရေး စနစ်ခွဲများကို တပ်ဆင်ထားပါတယ်။
၁၉၉၆ ခုနှစ်မှာ JSTARS ကို ထုတ်လုပ်ဖို့အတွက် ခွင့်ပြုခဲ့ပြီး လေယာဉ်ပေါင်း ၁၄ စင်း အထိ ထုတ်လုပ်ခဲ့ကာ နောက်ဆုံး တစင်းကို ၂၀၀၂ ခုနှစ်တွင် လက်ခံ ရရှိခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ လိုအပ်ချက်အရ နောက်ထပ် ၃ စင်း ထပ်မံ ထုတ်လုပ်ခဲ့ပြီး ၎င်းတို့ကို ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ နှင့် ၂၀၀၅ ခုနှစ် မတ်လ အကြားမှာ လက်ခံရရှိခဲ့ပါတယ်။
လေယာဉ်တွင် Pratt & Whitney JT3D-3B turbojet အင်ဂျင် အမျိုးအစား ၄ လုံး တပ်ဆင်ထားပြီး တလုံးလျှင် ပေါင် ၁၈,၀၀၀ တွန်းအားကို ပေးစွမ်းနိုင်ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ အင်ဂျင်သစ်ကို ပြောင်းလဲတပ်ဆင်ဖို့ လုပ်ဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ မှာ P&W JT8D-219 အင်ဂျင်သစ်ကို တပ်ဆင်ကာ ပထမဆုံး ပျံသန်းနိုင်ခဲ့ပါတယ်။
ပျံသန်းမှုအနေဖြင့် E-8C ဟာ ဝေဟင်လောင်စာဆီ ဖြည့်တင်းမှု မပြုလုပ်ဘဲ ၁၁ နာရီ ကြာအောင် ဆက်တိုက် ပျံသန်းနိုင်ပြီး ဝေဟင် လောင် စာဆီ ဖြည့်တင်းမှု ပြုလုပ်ပါက နာရီ ၂၀ လောက်အထိ ဆက်တိုက် ပျံသန်းနိုင်ပါတယ်။
လေယာဉ်၏ အထင်ရှားဆုံး နေရာဟာ လေယာဉ်ရှေ့ပိုင်း ကိုယ်ထည်အောက်ရှိ ကနူးလှေပုံစံ ၂၇ ပေ (၈ မီတာ) လောက် ရှည်သည့် radome လို့ခေါ်သည့် ရေဒါ အကာကို တပ်ဆင်ထားပြီး ၎င်းအတွင်းတွင် ၂၄ ပေ (၇.၃ မီတာ) ရှိသည့် ဘေးဘက်ဦးတည်ရာကို ဖမ်းယူနိုင်တဲ့ side-looking phased array antenna ကို တပ်ဆင်ထားပါတယ်။

E-8C ပေါ်တွင် တပ်ဆင်ထားသည့် ရေဒါနှင့် ကွန်ပျူတာ စနစ်ခွဲတွေဟာ မြေပြင် တပ်ဖွဲ့များနှင့် ပတ်သက်သည့် အသေးစိတ် အချက် အလက် များကို စုစည်း ပြသပေးနိုင်ပါတယ်။
ထိုမှ တဆင့် အချက်အလက်များကို ကြည်းတပ်နှင့် မရိမ်းတပ် ၏ မြေပြင် စခန်းများ၊ အခြား မြေပြင် (ကွပ်ကဲရေး၊ ထိန်းချုပ်ရေး၊ ဆက်သွယ်ရေး၊ ကွန်ပျူတာများ နှင့် ထောက်လှမ်းရေး) ခေါ် C4I (command, control, communications, computers and intelligence) ပွိုင့်များကို အချိန်နှင့် တပြေးညီ နီးပါး လက်ဆင့်ကမ်းပေးပါတယ်။
ရေဒါ အင်တာနာဟာ ဘေးဘက်သို့ ယိမ်းနိုင်ပြီး စတုရန်းမိုင် ၁၉,၃၀၅ လောက် နီးပါး ကိုလွှမ်းခြုံနိုင်သည့် ၁၂၀ ဒီဂရီ မြင်ကွင်းကို ဖန်တီးနိုင်ပြီး ပစ်မှတ်များကို ကီလိုမီတာ ၂၅၀ အကွာမှ မြင်တွေ့နိုင်စွမ်း ရှိပါတယ်။
ဒါ့အပြင် အဆိုပါ ရေဒါဟာ ရဟတ်ယာဉ်များ၊ လှည့်နေသည့် မြေပြင် ရေဒါ အင်တာနာများ၊ အနိမ့်ပိုင်းတွင် ပျံသန်းနေသည့် နှေးကွေးသည့် လေယာဉ်များကိုပါ အကန့်အသတ် အချို့နှင့် မြင်တွေ့နိုင်စွမ်း ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။