စစ်ဘက်ဆိုင်ရာ လေယာဉ်ပေါင်း ၁၃,၂၄၆ စင်း အထိ ရှိလာတဲ့ အမေရိကန်

Article Military

ဒုတိယ ကမ္ဘာစစ်ကတည်းက အမေရိကန် လေတပ်၏ အရွယ်အစားဟာ ကမ္ဘာတဝှမ်းမှာ အကြီးဆုံးအနေဖြင့် ဆက်လက် ရပ်တည်လျက် ရှိနေပါတယ်။

World air force directory 2022 မဂ္ဂဇင်းတွင် ဖော်ပြချက်များအရ အမေရိကန်ဟာ လက်ရှိတွင် လေယာဉ် ၁ သောင်းကျော် ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

အတိအကျအားဖြင့် Flight Global မဂ္ဂဇင်း၏ အချက်အလက်များအရ လေယာဉ်ပေါင်း ၁၃,၂၄၆ စင်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

တကယ်ရှိနေတာလား

အမေရိကန်ဟာ နိုင်ငံ ၈၀ လောက်မှာ ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အခြေစိုက် စခန်းပေါင်း ၇၅၀ ကျော်လောက် ရှိသည့် အတွက် ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် ဝေဟင်စိုးမိုးမှု လိုအပ်ပါတယ်။

ဒါ့ကြောင့် ယခုလို အရွယ်အစား လေတပ်ကြီး အကြောင်းကို ဖော်ပြဖို့အတွက် အောက်ပါအတိုင်း လေယာဉ် အမျိုးအစား အလိုက် ဖော်ပြပေးလိုက်ပါတယ်။

တိုက်လေယာဉ်များ

၂၀၂၁ ခုနှစ်အရ အမေရိကန်လေတပ်ဟာ အဓိကအားဖြင့် F-15၊ F-16၊ F-22 နှင့် F-35 ဂျက်တိုက်လေယာဉ် ၄ မျိုးကို အသုံးပြုနေပါတယ်။

F-22 ကို ၁၈၇ စင်း ထုတ်လုပ်ခဲ့ပြီး ၅ စင်း ဆုံးရှုံးခဲ့သည့်အတွက် လက်ရှိတွင် ၁၈၂ စင်း ရှိကာ ၂၀၂၁ ခုနှစ်အတွင် F-35 အစင်းရေ ၃၀၂ စင်း လက်ခံရရှိခဲ့တဲ့အတွက် စုစုပေါင်း ရေဒါပျောက် လေယာဉ် ၄၈၄ စင်း ပိုင်ဆိုင်ထားပါတယ်။

စတုတ္ထ မျိုးဆက်ဖြစ်တဲ့ F-15 တွေမှာတော့ ဝေဟင် သာလွန် စိုးမိုးနိုင်မှု အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားခဲ့တဲ့ F-15A/B အဟောင်းများကို အနားပေးခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ ရှိနေတဲ့ F-15C/D များနှင့် F-15E များ၊ နောက်ဆုံး ထုတ်လုပ်ထားသည့် F-15EX အပါအဝင် ၂၀၂၁ ခုနှစ်တွင် F-15 စုစုပေါင်း ၂၃၇ စင်း အထိ ရှိနေပါတယ်။

အရေအတွက် ၉၃၇ စင်းလောက်ရှိတဲ့ F-16 တိုက်လေယာဉ်များကတော့ အရေအတွက် အများဆုံး စတုတ္ထမျိုးဆက် တိုက်လေယာဉ် အဖြစ် ရပ်တည်နေပါတယ်။

F/A-18

ရေတပ်အနေဖြင့်တော့ F/A-18 Superhornet တိုက်လေယာဉ် စုစုပေါင်း ၅၄၀ လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ

B-52 Stratofortress၊ B-2 Spirit နှင့် B-1B Lancer တို့ဟာ လက်ရှိ အမေရိကန်က အသုံးပြုနေတဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများ ဖြစ်ပါတယ်။

B-2 Spirit များကို ၂၁ စင်းအထိ ထုတ်လုပ်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ် ဂူအမ်တွင် လေယာဉ်နံပါတ် 89-0127 ဟာ လုံးဝ ပျက်စီးသွားခဲ့သဖြင့် အစင်းရေ ၂၀ သာ တာဝန်ထမ်းဆောင်နေပါတယ်။

B-52 Stratofortress (ဘယ်) B-1 Lancer (အလယ်) B-2 Spirit (ညာ)

B-52 Stratofortress များကတော့ ၂၀၂၁ ခုနှစ်ကုန်ပိုင်း အချက်အလက်များအရ ၇၆ စင်း ရှိနေပြီး B-1B Lancer များကတော့ ၂၀၂၁ ခုနှစ်အတွင်း ၁၇ စင်း အနားပေးခဲ့ပြီး ၄၅ စင်း ကျန်ရှိနေပါတယ်။

ထို့ကြောင့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီး စုစုပေါင်းဟာ ၁၄၁ စင်း ရှိနေတယ်လို့ သိရှိရပါတယ်။

ကြိုတင် သတိပေး လေယာဉ်များနှင့် ဝေဟင်လောင်စာတင် လေယာဉ်များ

အမေရိကန် စစ်တပ်ဟာ ကမ္ဘာပေါ်တွင် ကြိုတင် သတိပေး လေယာဉ် အများဆုံး ပိုင်ဆိုင်ထားပြီး အများစုကို ရေတပ်မှာ ထားရှိတာ ဖြစ်ပါတယ်။

လေတပ်တွင် E-3 ကြိုတင် အချက်ပေးလေယာဉ် စုစုပေါင်း ၃၂ စင်း တာဝန်ထမ်းဆောင်နေပါတယ်။ ရေတပ်တွင်တော့ E-2D Hawkeye စုစုစုပေါင်း ၄၈ စီးခန့် ရှိပါတယ်။

ဝေဟင်လောင်စာတင် လေယာဉ်များကတော့ ကြီးမားတဲ့ အရေအတွက် ရှိနေပြီး အဓိက လေယာဉ်များမှာ KC-135 နှင့် KC-10 လေယာဉ်ကြီးများဖြစ်ပြီး စုစုပေါင်း ၅၀၃ စင်း အထိရှိနေပါတယ်။

ဒါ့အပြင် KC-46A ၄၇ စင်း နှင့် KC-130 ၃၃ စင်းကိုပါ ထပ်မံ အားဖြည့်ထားပါတယ်။

ယခုလို မဟာဗျူဟာမြောက် ကြိုတင် သတိပေး လေယာဉ်များနှင့် ဝေဟင်လောင်စာတင် လေယာဉ်များ မရှိပါက ကမ္ဘာလုံးဆိုင်ရာ တိုက် ခိုက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။

သယ်ယူပို့ဆောင်ရေး လေယာဉ်များ

လက်ရှိတွင် သယ်ယူပို့ဆောင်ရေး လေယာဉ်များအနေဖြင့် C-5 Galaxy၊ C-17 Globemaster III နှင့် C-130 Hercules လေယာဉ်ကြီးများက ဆောင်ရွက်နေပါတယ်။

C-5 Galaxy ဟာ ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး လေယာဉ် အမျိုးအစားဖြစ်ပြီး ဝန် တန်ချိန် ၁၃၀ လောက်အထိ တင်ဆောင်နိုင်စွမ်း ရှိပါတယ်။

သီအိုရီအရ ဒါဟာ M1A2 ပင်မတိုက်ပွဲဝင် တင့်ကား ၂ စင်းကို တချိန်ထဲမှာ သယ်နိုင်တဲ့ ပမာဏဖြစ်ပြီး လက်ရှိတွင် C-5 အရေအတွက် ၄၈ စင်းအထိ တာဝန်ထမ်းဆောင်နေပါတယ်။

၂၀၂၁ ခုနှစ် အချက်အလက်များအရ C-17 အရေအတွက်ဟာ ၂၂၂ စင်း နှင့် C-130 အရေအတွက်ဟာ ၂၇၉ စင်းအထိ ရှိပါတယ်။

မြေပြင်ပစ်ကူ လေယာဉ်များ

A-10 Thunderbolt II ဟာ မြေပြင်ပစ်ကူ လေယာဉ်များတွင် အလွန်ကျော်ကြားပြီး လက်ရှိ အချိန်ထိ လူတိုင်းအသဲစွဲ ဖြစ်ပါတယ်။

ကုန်ကျစရိတ်များအရ အရေအတွက် လျှော့ချခဲ့ပေမယ့် ယခုအချိန်အထိ အရေအတွက် ၂၃၉ စင်းလောက်အထိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

AC-130 လေယာဉ်ကြီးများကတော့ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်မှ မြေပြင် ပစ်ကူ လေယာဉ်အဖြစ် ပြောင်းလဲထားတာ ဖြစ်ပြီး အစင်းရေ ၄၇ စင်းလောက်အထိ ထုတ်လုပ်ထားပါတယ်။

အခြား လေယာဉ်များ

ရဟတ်ယာဉ်များအနေဖြင့် H-60 Black Hawk ရဟတ်ယာဉ်ပေါင်း ၂,၁၃၅ စင်း၊ SH-60 Seahawk ရဟတ်ယာဉ်ပေါင်း ၂၇၅စင်း ခန့်၊ CH-47D Chinook ရဟတ်ယာဉ်ပေါင်း ၄၈၀ ကျော်၊ Apache AH-64 ရဟတ်ယာဉ်ပေါင်း ၁,၂၀၀ ကျော်၊ CH-53E ပေါင်း ၁၄၈ စင်း တို့ကို အဓိ ကထား သုံးစွဲနေပါတယ်။

ဒါ့အပြင် ကင်းထောက်၊ အီလက်ထရွန်းနစ် စစ်ပွဲသုံး နှင့် အထူး စစ်ဆင်ရေးသုံး လေယာဉ်များ အပါအဝင် ၎င်းကဲ့သို့ အထူးလေယာဉ်ပေါင်း အစင်းရေ ၃၀၀ လောက် ရှိနေပါတယ်။

အခြား မျိုးဆက် တိုက်ခိုက်ရေးလေယာဉ်များဟာလည်း စုစုပေါင်း ၃,၄၀၀ လောက် ရှိနေသည့် အပြင် ထောင်ပေါင်းများစွာသော မောင်းသူမဲ့လေယာဉ်များ၊ လေ့ကျင့်ရေး လေယာဉ်များဟာ ၁၃,၀၀၀ ကျော် ပမာဏရှိနေတာ ငြင်းစရာမရှိပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *