လ ပေါ်မှာ ရေတွေ ရောက်ရှိလာပုံ အကြောင်း

Knowledge Science

လ ဟာ အမြင်အားဖြင့် ခြောက်သွေ့နေသည့် ဘောလုံးကြီး တလုံးနှင့် တူပေမယ့် တကယ်တော့ သင်မျှော်လင့် ထားတာထက် ရေတွေ ပိုရှိနေပါတယ်။

ဒါဆိုရင် လပေါ်ကို ဘယ်လို ရေတွေရောက်လာသလဲ ဆိုတာကို သိချင်ကြမှာပါ။

လေ့လာမှု အသစ်အရတော့ လ ပေါ်တွင် ရှိနေသည့် ရေများထဲမှ အချို့ဟာ ကမ္ဘာ့လေထုမှ လမျက်နှာပြင် ပေါ်သို့ ကြဲချသွားတာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။

လ၏ မျက်နှာပြင်ပေါ်ကို ကမ္ဘာ့လေထုက ရေတွေ ကြဲချလိုက်တယ်ဆိုတာကို သင့်အနေနဲ့ အနည်းငယ် စိတ်ရှုပ်ထွေးသွားနိုင်စေပါတယ်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း လပေါ်တွင် ရေများ ရှိတယ်ဆိုတာကို အာကာသယာဉ်များစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

လပေါ်ရှိ ရေများမှ အများစုကတော့ ဝင်ရိုးစွန်း တဝိုက်တွင် ရေခဲပုံစံ အနေဖြင့် တည်ရှိနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားနေရာများမှာလည်း ရေများ ရှိနေပြီး ၎င်းတို့ဟာ ရေဓာတ်ကြွယ်ဝသည့် ဓာတ်သတ္တုများ အဖြစ် တည်ရှိနေကြတာပါ။

အရေးပါသည့် အချက်အလက်များကို ခြေရာခံ လေ့လာခြင်းဟာ အနာဂါတ် လပေါ်သို့ လူစေလွှတ်သည့် မစ်ရှင်များအတွက် တည်နေရာများကို သိရှိစေနိုင်ပါတယ်။

လပေါ်ကို ရေတွေ ပထမဆုံး ရောက်လာပုံက ရှင်းပါတယ်။

ရေအများစုဟာ နှစ် ဘီလီယံပေါင်း များစွာက ကြယ်တံခွန် နှင့် ဂြိုဟ်သိမ် ဂြိုဟ်မွှားများ ဝင်တိုက်မှုကြောင့် ရရှိခဲ့ပြီး အချို့ကတော့ နေမှာလာသည့် solar wind များမှ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင် အိုင်းယွန်းများ စုစည်းမိရာက ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။

လွန်ခဲ့သည့် နှစ်ပေါင်း ၄.၄ ဘီလီယံလောက်က ကမ္ဘာဟာ ကြီးမားလှတဲ့ ဂြိုဟ်အရွယ်အစားရှိတဲ့ protoplanet တခုနှင့် ဝင်တိုက်မိခဲ့ပြီးနောက် လ ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

ယခု အခါမှာတော့ လပေါ်ရှိ အချို့ရေများဟာ ကမ္ဘာ့လေထုမှ လစဉ် ရက်အနည်းငယ်တိုင်း မိုးတွေ ရွာသွန်းသကဲ့သို့ နည်းလမ်းဖြင့် ရရှိနေတာ ဖြစ်တယ်လို့ Alaska Fairbanks တက္ကသိုလ်မှ သုတေသီများက အဆိုပြုလာပါတယ်။

ကမ္ဘာ့ သံလိုက် စက်ကွင်းဟာ စကြာဝဠာမှ လာသည့် ပြင်းထန်သည့် cosmic ray များကို ပူဖောင်းတခု ကဲ့သို့ ကာကွယ်ပေးထားပါတယ်။

ထို ပူဖောင်းဟာ သိသိသာသာ မမြင်ရပေမယ့် ကမ္ဘာကြီး နေကို လှည့်ပတ်နေသည့် အခါတွင် နောက်မှာ ကြယ်တံခွန် အမြီးကဲ့သို့ အတန်းကြီး ကျန်နေခဲ့ပါတယ်။

လစဉ် ၅ ရက်လောက် ကြာအောင် လ ဟာ အဆိုပါ အမြီးကို ဖြတ်သန်းသွားလေ့ ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ သံလိုက်လိုင်းများထဲက အချို့ဟာ ပြတ်တောက်သွားချိန်တွင် လေထုထဲမှ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင် အိုင်းယွန်းများဟာ အာကာသထဲသို့ လွတ်ထွက်သွားပါတယ်။

လ ဟာ magnetotail လို့ခေါ်တဲ့ ကမ္ဘာ၏ သံလိုက်စက်ကွင်း အမြီးကြီးကို ဖြတ်သန်းသွားတဲ့အခါ အချို့ ပြတ်တောက်နေတဲ့ သံလိုက်စက်ကွင်း လိုင်းများဟာ ပြန်လည် ဆက်သွားပြီး ဆုံးရှုံးသွားသည့် အိုင်းယွန်းများကို ကမ္ဘာ့လေထုထဲသို့ ပြန်လည် ရောက်ရှိစေပါတယ်။

ဒါပေမယ့် ပြန်လည် မဆက်နိုင်တဲ့ နေရာမှ အိုင်းယွန်းများကတော့ လ၏ မျက်နှာပြင်ပေါ်သို့ ကျဆင်းသွားကြပါတယ်။

“ဒီဖြစ်ရပ်တွင် လဟာ ရေပန်းနှင့် ရေချိုးနေသလိုပါပဲ။” သုတေသနကို ဦးဆောင်သူ Gunther Kletetschka က ဥပမာပေးပါတယ်။

နှစ် ဘီလီယံပေါင်းများစွာ ကြာမြင့်ပြီဖြစ်တဲ့ ဒီဖြစ်စဉ်ကြောင့် လ၏ ဝင်ရိုးစွန်းများတွင် ရေ ၃,၅၀၀ ကုဗကီလိုမီတာလောက် စုပုံနေမယ်လို့ သုတေသီများက တွက်ချက်ထားပါတယ်။

ဒီလို တွက်ချက်မှုဟာ ကမ္ဘာမှ အပြင်ကို ထွက်လာတဲ့ အိုင်းယွန်းများမှ လပေါ်သို့ ရောက်ရှိနိုင်သည့် ပမာဏ၏ ၁ ရာခိုင်နှုန်းလောက်ကိုသာ အခြေခံထားပါတယ်။

ယခု သုတေသနကို Scientific Reports ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.