လေဆင်နှာမောင်း မဟုတ်တဲ့ ရေဆင်နှာမောင်း အကြောင်း

Knowledge Nature

ကျွန်တော်တို့ လေဆင်နှာမောင်းကို သိကြပေမယ့် ရေထဲမှာ ဖြစ်တဲ့ အရာကိုတော့ ရေဆင်နှာမောင်းခေါ် waterspout လို့ သီးခြားခေါ်တာ သိပ်မသိကြပါဘူး။

ရေဆင်နှာမောင်းဆိုတာ

ရေဆင်နှာမောင်းဟာ ပင်လယ်နှင့် ကောင်းကင် အကြား ဆက်သွယ်ထားကာ ပင်လယ်/သမုဒ္ဒရာရေများကို စုပ်ယူပြီး တိမ်နှင့် ရေများ လည်ပတ်နေသည့် ကတော့ပုံစံ အရာ ဖြစ်ပါတယ်။

ပုံမှန် အားဖြင့် ရေဆင်နှာမောင်းများဟာ ငါးမိနစ် ထက် မကြာတတ်ဘဲ (တခါတရံတွင်တော့ ၁၀ မိနစ်ခန့် ကြာတတ်) ခဏနှင့် ပျက်ပြယ်သွားလေ့ ရှိပါတယ်။

ရေဆင်နှာမောင်းများ၏ လေတိုက်နှုန်းမှာ တနာရီလျှင် ၁၀၀ ကီလိုမီတာထက် ပိုမြန်နိုင်ပြီး ပင်လယ်ပြင်ရှိ လှေများ သင်္ဘောများကို ကြီးမားစွာ အန္တရာယ် ပေးနိုင်ပါတယ်။

၎င်းတို့ဟာ ကုန်းမြေတွင် ဖြစ်ပေါ်လေ့ရှိသည့် လေဆင်နှာမောင်းများကဲ့သို့ ပုံစံ အချို့ ဆင်တူပါတယ်။

ဒါပေမယ့် လေဆင်နှာမောင်းတွေကတော့ ကြီးမားတဲ့ ဆူပါဆဲလ် မိုးကြိုးမုန်တိုင်းများ နှင့် ဆက်စပ်နေပြီး ရေဆင်နှာမောင်းများကတော့ ပိုမို သေးငယ်တဲ့ မုန်တိုင်းများ သို့မဟုတ် မိုးရွာရုံလေးနှင့် သို့မဟုတ် ဖြစ်နိုင်သည့် တိမ်တိုက်များ ရှိတာနဲ့ ဖြစ်ပွားတတ်ပါတယ်။

ရေဆင်နှာမောင်းတွေ ဖြစ်ပေါ်ပုံ

ကွဲပြားသည့် ဦးတည်ရာ နှစ်ခုမှ တိုက်ခတ်လာသော လေများဟာ တခုနှင့် တခု ရစ်ပတ် လည်ပတ်လာသည့်အခါတွင် ရေဆင်နှာမောင်းများ ဖြစ်ပေါ်လာပါတယ်။

ဦးတည်ရာမတူသည့် လေကြောင်း ၂ ခု ဆုံသည့် မျဉ်းတလျောက် မျက်နှာပြင်အနီးအတွင် လှည်ပတ်နေသည့် လေများစွာ ရှိစေပါတယ်။

လေစီးကြောင်း ၂ ခု တိုက်မိသည့်အခါ လေသည် အခြား သွားစရာမရှိသဖြင့် အထက်သို့ ရွေ့လျားသွားလေ့ ရှိပါတယ်။ အဲဒီလို အထက်သို့ လေဟာ ရွေ့လျားသွားတာကနေ မိုးများ၊ မုန်တိုင်းများနှင့် မိုးတိမ်တောင်များကို ဖြစ်ပေါ်စေပါတယ်။

လေတွေ မြင့်တက်လာသည်နှင့်အမျှ မျက်နှာပြင်အနီးရှိ ရေပြင်ညီ လှည့်နေသည့် လေအချို့ကို ဒေါင်လိုက်အဖြစ် တိမ်းစောင်းမှု ဖြစ်ပေါ်စေနိုင်ပါတယ်။

ထိုကဲ့သို့ ဒေါင်လိုက် လှည့်ပတ်မှုဟာ ပြင်းထန်လာသည်နှင့် ရေကို စုပ်ယူပြီး ကျွန်တော်တို့ သိကြတဲ့ ရေဆင်နှာမောင်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

Photo: Coutesy of Worldatlas

ရေဆင်နှာမောင်း အမျိုးအစားကို ၂ မျိုးလောက် ခွဲခြားထားပါတယ်။

သာမန် ရာသီဥတုအတွင်း စိုထိုင်းဆမြင့်တဲ့ အောက်ခြေလေထုနှင့် ပူနွေးတဲ့ အပူချိန်တို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ အားပျော့ ရေဆင် နှာ မောင်းကို Fair Weather Waterspout လို့ခေါ်ကြပါတယ်။

လေဆင်နှာမောင်းစစ်စစ်ကဲ့သို့ အခြေအနေဖြင့် ဖြစ်ပေါ်လာပြီး ပြင်းထန်တဲ့ ရေဆင်နှာမောင်းများကိုတော့ Tornadic Waterspout လို့ခေါ်ကြပါတယ်။

ရေဆင်နှာမောင်းတွေ ဘယ်မှာ အဖြစ်များသလဲ

ဩစတေးလျနိုင်ငံ NSW နှင့် Queensland ကမ်းရိုးတန်း တလျှောက်တွင် ရေဆင်နှာမောင်းများ အဖြစ်အများဆုံး ဖြစ်ပါတယ်။

အခြား ဖြစ်တတ်တဲ့ နေရာများကတော့ ဥရောပ၊ အနောက် အာရှ (အရှေ့အလယ်ပိုင်း)၊ နယူးဇီလန် နှင့် အန္တာတိကတိုက် တို့မှာ ဖြစ်ပါတယ်။

နံနက်ခင်း တော်တော်များများတွင် ကုန်းမြေမှ ထုတ်လွှတ်လိုက်သည့် လေအေးဟာ ပင်လယ်ပြင်တွင် ရှိသည့် လေပူများနှင့် တွေ့ဆုံ ပါတယ်။

များသောအားဖြင့် ယခုလို လေထု ၂ ခု တွေ့ဆုံမှာကြောင့် ကမ်းလွန်တွင် Line of clouds ဟု ခေါ်သည့် တိမ်မျဉ်းတန်းများကို ဖြစ်ပေါ်စေပါတယ်။

ဆောင်းဦးနှင့် ဆောင်းရာသီများမှာ များသောအားဖြင့် မြေပြင်ဟာ အေးမြသော်လည်း ပင်လယ်ဟာ အတော်လေး ပူလာသောကြောင့် လေထု ၂ ခု တိုက်မိမှုဟာ ပြင်းထန်လာပြီး ရေဆင်နှာမောင်းများ ဖြစ်ပေါ်လာပါတယ်။

ကြိုတင် ခန့်မှန်းလို့ ရနိုင်လား

ရေဆင်နှာမောင်းများဟာ ပေါ့ပေါ့ပါးပါး ကြည့်ရှုသူများအတွက် အလွန်ကြီးမားပြီး နှစ်ခြိုက်စရာ ကောင်းပေမယ့် ကမ္ဘာ့ ရာသီဥတု ပုံစံများကို ကြည့်ရှုနေသည့် မိုးလေဝသ ပညာရှင်များအတွက်တော့ ၎င်းတို့ဟာ အလွန် သေးငယ်ပါတယ်။

ဒီလို သေးငယ်တဲ့ အတွက်ကြောင့်ပဲ ရေဆင်နှာမောင်းများကို ခန့်မှန်းဖို့ရာ ခက်ခဲပါတယ်။

ကျွန်တော်တို့ဟာ ရေဆင်နှာမောင်း ဖြစ်ပေါ်လာနိုင်မယ့် ရာသီဥတု အနေအထားတွေ ဖြစ်ပေါ်လာရင် ဖြစ်လာနိုင်ကောင်း ဖြစ်လာနိုင်မယ်လို့ ကြိုတင် သိရှိနိုင်ပါတယ်။

သို့ပေမယ့် သေးငယ်ပြီး သက်တမ်း မကြာတဲ့ ရေဆင်နှာမောင်းများရဲ့ တည်နေရာနှင့် အချိန်ကို ခန့်မှန်းဖို့ရာကတော့ မဖြစ်နိုင်သလောက်ပင် ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.