ကျားဖြူများအကြောင်း သိကောင်းစရာ အချို့

Knowledge Nature

ကျားဖြူများဟာ ရှားပါးပုံစံ ဖြစ်တဲ့ ဘင်္ဂလားကျား (Panthera tigris tigris) မျိုးစိတ်တခု ဖြစ်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နှင့် ဘူတန် နိုင်ငံများမှာ တွေ့ရလေ့ ရှိပါတယ်။

၎င်းတို့ဟာ သီးခြား မျိုးစိတ် တခုအနေနဲ့တော့ ဖြစ်တည်နေတာ မဟုတ်ပါဘူး။

ပုံမှန် အဝါ နှင့် အနက် အစင်းများရှိတဲ့ ကျားများမှ အဖြူနှင့် အနက်အစင်းများ ပေါင်းစပ်ထားတဲ့ ကျားဖြူအဖြစ်သို့ ရောက်ရှိလာတာဟာ ငုပ်ရှိုးနေတဲ့ မျိုးရိုးဗီဇ တခုကြောင့် ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံမှ သုတေသီများဟာ SLC45A2 လို့ခေါ်တဲ့ pigment gene (အမွှေးအမျှင်အရောင် နှင့် သက်ဆိုင်သည့် ဗီဇ) ကိုရှာဖွေ တွေ့ရှိခဲ့ပါတယ်။

အဲဒီ့ ဗီဇဟာ ကျားတွေ အရောင်ပြောင်းလဲမှုသာမက အခြား တိရစ္ဆာန်နှင့် ငါးများ အရောင်ဖျော့မှုတွေမှာ ပါဝင်တယ်ဆိုတာကို သိရှိရပြီး အဆိုပါ အကြောင်းအရာကို Current Biology ဂျာနယ်တွင် ဖော်ပြခဲ့ပါတယ်။

ကျားဖြူတွေ ရှိတတ်သည့် နေရာများ

ဘင်္ဂလား ကျားဖြူများကို အရိုင်း အနေအထားဖြင့် တွေ့ရှိနိုင်ပေမယ့် အလွန် ရှားပါးပါတယ်။

အစောဆုံးအနေဖြင့် အိန္ဒိယ တိုက်ငယ် အတွင် ၁,၅၀၀ ခုနှစ်များက တွေ့ရှိခဲ့ရပြီး နောက်ဆုံးအနေဖြင့် ၁၉၅၈ ခုနှစ်တွင် ပစ်ခတ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ်က လေ့လာမှုအရ သိရပါတယ်။

ယနေ့ခေတ်မှာတော့ ကျားဖြူများကို တိရစ္ဆာန်ရုံများ၊ ဆာဖာရီ ဥယျာဉ်များတွင်သာ တွေ့ရှိရတော့တာ ဖြစ်ပြီး ရှိသမျှ ကျားဖြူတွေ အား လုံး နီးပါးဟာ ၁၉၅၁ ခုနှစ် အိန္ဒိယ အလယ်ပိုင်းတွင် ဖမ်းမိခဲ့တဲ့ Mohan လို့ခေါ်တဲ့ ကျားဖြူအထီးကြီးဆီမှ ဆင်းသက်လာတယ်လို့ သိရပါတယ်။

တိရစ္ဆာန်ရုံများဟာ မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ တိရိစ္ဆာန် မျိုးစိတ်များကို ၎င်းတို့၏ အရေအတွက် မလျော့ပါးသွားစေရန် မျိုးပွားပေးကြပေမယ့် ကျားဖြူများမှာတော့ ကျန်းမာရေး ပြသနာများနှင့် အထွေထွေ မျိုးရိုးဗီဇ ထိန်းသိမ်းမှုကြားမှာ ဒုက္ခရောက်ခဲ့ရပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ တိရစ္ဆာန်ရုံ နှင့် ငါးပြတိုက် အဖွဲ့အစည်းမှ ကျားဖြူများကဲ့သို့ ရှားပါးအရောင်များ ရှိသည့် တိရိစ္ဆာန်များကို ၎င်းတို့၏ ကျန်းမာရေး ပြသနာများကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် မျိုးပွားသားဖောက်ခြင်း မပြုလုပ်သင့်ကြောင်း ကြေငြာခဲ့ပါတယ်။

ကျားဖြူတွေ မျိုးသုဉ်းတော့မှာလား

ကျားဖြူလို့ သီးခြား မပြောလိုပေမယ့် ကျားတွေဟာ မျိုးသုဉ်းတော့မယ့် အန္တရာယ်ကို ကျရောက်နေကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကြီးမှ ကြေငြာထားပါတယ်။

အဲဒီ့အထဲမှာ ဘင်္ဂလားကျားများလည်း ပါဝင်ပြီး တောရိုင်း အနေအထားဖြင့် အကောင်အရေအတွက်မှာ ၂,၅၀၀ အောက်ကို ကျဆင်းလာနေပြီ ဖြစ်ပါတယ်။

ကျားဖြူများဟာ ဘင်္ဂလားကျားများမှ ဆင်းသက်လာတာဖြစ်ပြီး ၎င်းတို့မှာ မျိုးစိတ်အခွဲဆိုပြီး မရှိတဲ့အတွက် မျိုးသုဉ်းဖို့ အန္တရာယ် ကျရောက်နေတဲ့ ဘင်္ဂလားကျားလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

သို့ပေမယ့် သုတေသန အဖွဲ့ကတော့ ကျားဖြူများရဲ့ မျိုးရိုးဗီဇ ကွဲပြားပုံကိုကြည့်ပြီး ကျားဖြူများကို သပ်သပ်ကာကွယ်ဖို့ ထိုက်တန်တယ်လို့ ဆိုပါတယ်။

ကြေငြာချက်တွင် “ကျားဖြူများဟာ သဘာဝ မျိုးရိုးဗီဇ ကွဲပြားမှုကို ဖော်ပြနေတဲ့ တစိတ်တဒေသဖြစ်လို့ ထိန်းသိမ်း စောင့်ရှောက်ဖို့ ထိုက် တန် ပါတယ်” လို့ ပီကင်းတက္ကသိုလ်မှ လက်ထောက်စာတမ်း ပြုစုသူ Shu Jin Luo က ပြောပါတယ်။

Luo နှင့် သူမရဲ့ လုပ်ဖော်ကိုင်ဖက်များဟာ အဖြူရောင်နှင့် လိမ္မော်ရောင် ကျား နှစ်မျိုးလုံး ပါဝင်တဲ့ ဘင်္ဂလားကျား အရေအတွက် ထိန်းသိမ်း စီမံခန့်ခွဲမှု အစီအစဉ်ကို ထောက်ခံအားပေးထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *