လက်ရှိ Wi-Fi 6 ထက် ၂.၄ ဆ ပိုမို မြန်ဆန်မယ့် Wi-Fi 7 နည်းပညာ မကြာခင် ရောက်လာတော့မည်

News Tech

နောက်ထက် မျိုးဆက်သစ် Wi-Fi နည်းပညာကို မကြာခင်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပြီး လက်ရှိ Wi-Fi များထက် အများကြီး သာလွန်လာမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံ အခြေစိုက် Semiconductor ထုတ်လုပ်သည့် ကုမ္ပဏီ တခုဖြစ်တဲ့ MediaTek ဟာ ၎င်း၏ ပထမဆုံး Wi-Fi 7 နည်းပညာကို သရုပ်ပြခဲ့တယ်လို့ DigitalTrends ၏ သတင်းများအရ သိရှိရပါတယ်။

ကုမ္ပဏီဟာ ၎င်း၏ Wi-Fi 7 နည်းပညာ အသုံးပြုထားတဲ့ ပစ္စည်းတွေကို လာမယ့် နှစ်မှာ ရရှိနိုင်ဖွယ်ရှိပြီး ၂၀၂၄ ခုနှစ်လောက်မှာ မိတ်ဆက်နိုင်မယ်ဆို မျှော်မှန်းထားကြောင်း ကြေငြာခဲ့ပါတယ်။

ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ၎င်း၏ Wi-Fi 7 Filogic နည်းပညာဟာ အလွန်လျှင်မြန်ပြီး ထုတ်လွှင့်ရာမှာ latency နည်းပါးတဲ့အကြောင်းကို အဓိက ဝယ်ယူသူများနှင့် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်သူများကို ပြသပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ့ MediaTek ၏ သရုပ်ပြမှုတွင် ယခင် Wi-Fi 6 နှင့် အင်တာနာ အရေအတွက် တူညီစွာပါဝင်တဲ့ Wi-Fi 7 ဟာ Wi-Fi 6 ထက် ၂.၄ ဆလောက် ပိုမို မြန်ဆန်စွာ လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

Wi-Fi Alliance အဖွဲ့အစည်း၏ အဆိုအရ Wi-Fi 7 ဟာ တစက္ကန့်လျှင် 30Gbps ထက်ပိုတဲ့ အမြန်နှုန်းရှိပြီး 40Gbps နီးပါးလောက်အထိ ရောက်ရှိနိုင်မယ်လို့ သိရပါတယ်။

ArsTechnica မှ ထောက်ပြထားချက်အရ ယခင် မျိုးဆက်မှ Wi-Fi 6 ဟာ 9.6Gbps အမြန်နှုန်းလောက်သာ ရှိတဲ့အတွက် ဒါဟာ အလွန်အ မင်း တိုးတက်လာမှုလို့ ဆိုနိုင်ပါတယ်။

နိုင်ငံတကာ အချက်အလက်ဆိုင်ရာ ကော်ပိုရေးရှင်း International Data Corporation (IDC) ၏ Semiconductor များဆိုင်ရာ အုပ်စု၏ ဒုတိယဥက္ကဌဖြစ်သူ Mario Morales က

AM signal နှစ်ခုကို ပေါင်းစပ်သည့် Quadrature amplitude modulation (QAM) နှင့် multi-link operation (MLO) တို့ကဲ့သို့ ချန်နယ်များတွင် အဆင့်မြင့်လာတဲ့အတွက်

အဆင့်မြင့် စမတ်ဖုန်းများ၊ ကွန်ပျူတာများနှင့် လူသုံး အီလက်ထရွန်းနစ် ပစ္စည်းများအပါဝင် ဆက်စပ် ဈေးကွက်ကို ဆွဲဆောင်နိုင်မယ်လို့ ပြောပါတယ်။

Wi-Fi ဟာ ပထမဆုံး အနေဖြင့် ethernet ကြိုးများကို အစားထိုးနိုင်တဲ့ နည်းပညာဖြစ်ပြီး နောက် မျိုးဆက်မှာ cloud gaming နှင့် 8K ဗီဒီယို streaming များကို လုပ်ဆောင်နိုင်ကာ 2.4GHz၊ 5GHz နှင့် 6GHz ရှိတဲ့ ကြိမ်နှုန်းများ အားလုံးနှင့် အလုပ်လုပ်နိုင်မှာပါ။

MediaTek မှ multi-link operation (MLO) နည်းပညာဟာ မတူညီတဲ့ ကြိမ်နှုန်းတွင် ချန်နယ် အများအပြားကို ပေါင်းစပ်ကာ 8K streaming နှင့် cloud gaming များကို ပံ့ပိုးပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုမ္ပဏီမှ တည်ငြိမ်တဲ့ အင်တာနက် ဆက်သွယ်ရေးအတွက် လိုအပ်တဲ့ Ethernet ကြိုးများကို Wi-Fi 7 ဟာ အစားထိုးပေးသွားနိုင်မယ်လို့ ပြောပါတယ်။

“Wi-Fi 7 ထွက်ရှိလာတာဟာ Wi-Fi နည်းပညာအနေဖြင့် တကယ့်ကို မြန်နှုန်းမြင့် အသုံးချမှုများအတွက် ဝါယာကြိုး/Ethernet ကြိုးတွေကို အသုံးပြုနေမှုကို ပထမဆုံးအနေဖြင့် အစားထိုးနိုင်မှာပါ” လို့

MediaTek ၏ အထွေထွေ မန်နေဂျာနှင့် ကော်ပိုရေးရှင်း ဒုဥက္ကဌ Alan Hsu က ပြောပါတယ်။

၎င်းမှ ဆက်ပြီး “MediaTek ၏ Wi-Fi 7 နည်းပညာဟာ အိမ်၊ ရုံး နှင့် စက်ရုံ ကွန်ယက်များအတွက် အဓိက ကျောရိုး ဖြစ်လာမှာဖြစ်ပြီး Artificial Reality/Virtual Reality ကဲ့သို့ (Multiverse တွင်လည်း အသုံးပြုနိုင်ဖွယ်ရှိ)

လူအများကစားနိုင်သည့် အသုံးချမှုများမှ cloud gaming အထိ နှင့် 4K streaming မှ 8K streaming အလွန်အထိ လုပ်နိုင်မှာပါ” လို့ ရှင်းပြပါတယ်။

MediaTek မှ Wi-Fi 7 ကို ၂၀၂၃ ခုနှစ်မှာ ထုတ်နိုင်မယ်လို့ ပြောပေမယ့် Wi-Fi နည်းပညာများကို အသိအမှတ်ပြုပေးနေတဲ့ Institute of Electrical and Electronics Engineers (IEEE) အဖွဲ့အစည်းမှ Wi-Fi မျိုးဆက်သစ်ကို ၂၀၂၄ ခုနှစ်အထိ အသိအမှတ်ပြုပေးဦးမှာ မဟုတ်ပါဘူး။

IEEE 802.11be စံနှုန်းလို့ သိကြတဲ့ Wi-Fi 7 ဟာ အဖွဲ့အစည်းမှ မူကြမ်း သတ်မှတ် ထားသည့် အဆင့်တွင်သာ ရှိနေဆဲ ဖြစ်ပြီး မြန်နှုန်း ပိုမို ကောင်းမွန်လာတဲ့အထိ စိတ်ရှည်စွာနှင့် စောင့်ပြီး စံနှုန်း သတ်မှတ်ရမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့အနေဖြင့် မျိုးဆက်သစ် Wi-Fi 7 နည်းပညာ ကြိုးမဲ့စနစ်ကို 5G မိုဘိုင်းကွန်ယက်များနှင့်အတူ တွဲဖက်ကာ မကြာခင်‌ တွင်ကျယ်စွာ တွေ့မြင်နိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပြီ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *