နွေရာသီတွင် အပူသက်သာစေမည့် အီရန်ကုန်းပြင်မြင့်မှ လေဖမ်းခေါင်းတိုင်များ အကြောင်း

Knowledge Science

ယခုနှစ် နွေဟာ အလွန်ပူပြင်းပြီး နိုင်ငံတဝှမ်း အပူဒဏ်ကို သိသိသာသာ ခံစားနေရပါတယ်။

တကမ္ဘာလုံးမှာလည်း ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အပူချိန်များ သိသိသာသာ မြင့်တက်လာခဲ့ပြီး လေအေးပေးစက်များဟာ အဓိက ဖြေရှင်းစရာ တခုလို ဖြစ်နေပါတယ်။

လေအေးပေးစက်များဟာ အခန်းတွင်းကို အေးမြစေပေမယ့် လေအေးပေးစက် အများအပြားမှ ထုတ်လွှတ်သည့် အပူကြောင့် ပတ်ဝန်းကျင်ကို ပိုမို ပူလာစေပြီး လျှပ်စစ်စွမ်းအင် ပိုမို အသုံးပြုလာရပါတယ်။

နွေရာသီ အပူဟာ ပြင်းထန်လှပေမယ့် ကမ္ဘာပေါ်ရှိ ယခင်ကတည်းက ပူပြင်းသည့် ဒေသများတွင် နေထိုင်သည့် သူများကတော့ သူ့နည်းသူ့ဟန်ဖြင့် အပူသက်သာစေရန် နည်းလမ်းများ ရှာဖွေနိုင်ခဲ့ပြီးသားပါ။

ရေရှားသည့် အီရန် ကုန်းမြင့်ဒေသရှိ ရှေးဟောင်း အဆောက်အအုံများရှိ wind catcher ခေါ် လေကို ဖမ်းယူသည့် ခေါင်း တိုင် ကဲ့သို့ အရာများကို ကျောင်းသားများ၊ အင်ဂျင်နီယာများနှင့် ဗိသုကာ ပညာရှင်များက စိတ်ဝင်စားနေကြပါတယ်။

ပါရှား ဘာသာစကားအရ bâdgir လို့ခေါ်တဲ့ ဒီ လေဖမ်းသည့် ခေါင်းတိုင်များဟာ အဆောက်အအုံအတွင်းမှ ထိုးထွက်နေသည့် ထိုဒေသတွင် အတွေ့များသည့် အရာများ ဖြစ်ပါတယ်။

၎င်းတို့ဟာ ပူပြင်းလှတဲ့ ရာသီဥတုမှာ လျှပ်စစ်မီးမလိုဘဲ လူတွေကို နေသာထိုင်သာ ရှိအောင် ဖန်တီးပေးပါတယ်။

Courtesy of Wiki Commons “Diego Delso, delso.photo, License CC-BY-SA

ပုံစံ ဒီဇိုင်းများကိုတော့ ဒေသတွင်းရှိ လေတိုက်နှုန်းနှင့် အပူအချိန် အပေါ်မူတည်ပြီး ကွဲပြားစွာ တည်ဆောက်ထားလေ့ ရှိပါတယ်။

အရှင်းလင်းဆုံး ဒီဇိုင်းကတော့ သဘာဝ လေဝင်လေထွက်ကို ဖန်တီးနိုင်စေဖို့အတွက် ခေါင်းတိုင်၏ ထိပ်ပိုင်းကို လေ လာနိုင်သည့် အရပ်ဘက်သို့ မျက်နှာမူပြီး ဖွင့်ထားပါတယ်။

ဒါပေမယ့် ဒေသတွင်း ရာသီဥတုဟာ ရှုပ်ထွေးသည့်အတွက် အဆိုပါ လေဖမ်းသည့် အရာများကို အပြောင်းအလဲများ ပြု လုပ် နိုင်ဖို့ စနစ်များစွာ ထည့်သွင်းထားပါတယ်။

ဥပမာအားဖြင့် လေကို စစ်ထုတ်ပေးသည့် စနစ်များ၊ ရေသို့ ဖြတ်ပြီး လေကို အေးစေသည့် နည်းလမ်းများ စသည်တို့ ပါဝင်ပါတယ်။

MAS Architecture Studio မှ ဖန်တီးထားသည့် လေဖမ်းစနစ်တခု

ဒါ့အပြင် လေတိုက်သည့် အရပ်မျက်နှာ ပြောင်းလဲမှုအပေါ်မူတည်ပြီး အပေါက်ပေါင်းများစွာ ပါဝင်သည့် ဒီဇိုင်းများကိုလည်း တည်ဆောက်ထားကြပါတယ်။

ခေါင်းတိုင်များကို ဒီဇိုင်းဆွဲရာတွင်လည်း အဆောက်အဦး၏ အပြင်အဆင်၊ အတွင်းပိုင်းတွင် ယက်ပြားများ ပေါင်းထည့်ခြင်း စသည်ဖြင့် အိမ်ထဲသို့ အေးမြသော လေကို တွန်းပို့ပြီး လေပူများကို ဖယ်ထုတ်ဖို့ ထည့်သွင်း စဉ်းစားခဲ့ကြပါတယ်။

အီရန်နိုင်ငံရှိ Ilam တက္ကသိုလ်မှ သုတေသီ Parham Kheirkhah Sangdeh ကတော့ ယနေ့ခေတ် ဗိသုကာ လက်ရာများတွင် အဆိုပါ လေဖမ်းတိုင်များနှင့် တွဲဖက်ပြီး သိပ္ပံနည်းကျ အသုံးချဖို့ကို လေ့လာနေပါတယ်။

၎င်းကတော့ ဒီရှေးဟောင်းနည်းလမ်းဟာ ပိုးမွှားများ၊ ဖုန်မှုန့်များနှင့် အပျက်အစီးများ ဖြစ်စေသည့်အတွက် လူအများဟာ ဒီနည်းလမ်းကို အသုံးပြုခြင်းအား ရပ်တန့်ခဲ့ပြီး အနောက်တိုင်း နည်းပညာများကို အသုံးပြုလာကြတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Image: Adapted from Wiki Media By Creative Commons and GNU 1.2 License

ဒါပေမယ့် ဒီနည်းပညာဟာ လုံးဝတော့ ပျောက်ကွယ်မသွားသေးပါဘူး။

Free Running Buildings ကုမ္ပဏီဟာ ရှေးဟောင်း လေဖမ်းသည့် ခေါင်းတိုင်များကို အခြေခံပြီး ဗြိတိန်တွင် စီးပွားဖြစ် ထုတ်လုပ်ဖို့အတွက် လုပ်ဆောင်နေပါတယ်။

ထိုနည်းပညာကို အသုံးပြုထားသည့် “FREECOOL” လို့ခေါ်သည့် နည်းပညာကို အသစ် မွမ်းမံထားသည့် ကာတာနိုင်ငံ ဒိုဟာရှိ Khalifa နိုင်ငံတကာ အားကစားကွင်းတွင် ၂၀၂၂ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် အသုံးပြုမှာ ဖြစ်ပါတယ်။

ဒူဘိုင်းရှိ MAS Architecture Studio မှ ကျောင်းသားများအား အေးမြစေရန် ကတ်ထူပြား ၄၈၀ ကို အသုံးပြုပြီး လေဖမ်းသည့် တိုင်တခုကို ဖန်တီးခဲ့ပါသေးတယ်။

Zion National Park Visitor’s Center. Image: Courtesy of National Park Service

ဘာဘေးဒိုးစ်ရှိ အားကစားကွင်း The Kensington Oval တွင်တော့ ထိပ်ပိုင်းတွင် ကြီးမားသည့် လေဖမ်းတိုင် တခု တပ်ဆင်ထားပါတယ်။

အမေရိကန် နိုင်ငံ Utah ပြည်နယ်ရှိ Zion အမျိုးသားဥယျာဉ်ရှိ ဧည့်ဂေဟာတွင်လည်း အလားတူ လေဖမ်း ခေါင်းတိုင် တခု တပ်ဆင်ထားတာကို တွေ့ရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.