မကြာမီ ခေတ်စားလာတော့မယ့် သစ်သားမိုးမျှော် တိုက်ကြီးများ

News Tech

သစ်သားနှင့် တည်ဆောက်ထားတဲ့ မိုးမျှော်တိုက်များဟာ တဖြည်းဖြည်းနှင့် ခေတ်စားလာပြီ ဖြစ်ပြီး လာမယ့် ဆယ်စုနှစ်များမှာ ပိုမို တွေ့ရှိလာဖွယ်ရှိပါတယ်။

ကွန်ကရစ်ဖြင့် ဆောက်လုပ်ထားသည့် မိုးမျှော်တိုက်များကို Skyscraper လို့ ခေါ်ဆိုကြပြီး ယခုလို ကျွန်းသစ်ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ မိုးမျှော်တိုက်တွေကိုတော့ တခါတရံမှာ “plyscraper” လို့ခေါ်ဆိုကြပါတယ်။

၎င်းတို့ဟာ တချိန်က အယူအဆ သပ်သပ်ဖြင့် ရေးဆွဲထားသော ဒီဇိုင်းများသာ ဖြစ်ခဲ့ပေမယ့် ဆောက်လုပ်ရေးစည်းမျဉ်းများ နှင့် တည် ဆောက် သည့် ပစ္စည်းများအပေါ် ပြောင်းလဲလာသည့် သဘောထားများကြောင့် ဒီ သစ်သားမိုးမျှော်တိုက်များဟာ တကယ်ပဲ ဖြစ်လာပါပြီ။

အဆောက်အုံတွင် အသုံးပြုသည့် သစ်သားကို cross-laminated timeber လို့ခေါ်သည့် သစ်သားဖြင့် တည်ဆောက်ထားကာ ထို သစ်သားများကို တချောင်းနှင့်တချောင်း ၉၀ ဒီဂရီထားကာ ကော်ကပ်ကာ ဖိအားမြင့်စနစ်ဖြင့် ဖိထားသည့် လွှာပိုး ကျွန်းသစ်သားများဖြင့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

မီရာစတားနတ် Mjøstårnet ဟာ လက်ရှိ အချိန်ထိ တည်ဆောက်ခဲ့သမျှ သစ်သားဖြင့် ပြုလုပ်ထားသည့် မိုးမျှော်တိုက်များတွင် အမြင့်ဆုံး ဖြစ်ပါတယ်။

Mjøstårnet

အမြင့် ၈၅ မီတာ ရှိတဲ့ ဒီ မိုးမျှော်တိုက်ကို နော်တေနိုင်ငံ အော်စလိုမြို့၏ မြောက်ပိုင်း ၁၀၀ ကီလိုမီတာကျော်အကွာရှိ ဘရူမန်ဒယ် မြို့လေးတွင် တည်ဆောက်ထားတာ ဖြစ်ကာ အထပ်ပေါင်း ၁၈ ထပ်အထိ ပါရှိပါတယ်။

အဲဒီ့ မိုးမျှော်တိုက်တွင် တိုက်ခန်းများ၊ ရုံးခန်းနေရာများ နှင့် Wood hotel လို့ ခေါ်တဲ့ ဟိုတယ် တခုတောင် ပါဝင်ပါတယ်။

ဒီအဆောက်အဦးဟာ အင်ဂျင်နီယာ နည်းပညာ၏ အံ့မခန်း ဆောင်ရွက်နိုင်မှု ဖြစ်ပြီး ကျွန်းသစ်များဟာ ကွန်ကရစ် နှင့် သံမဏိများကဲ့သို့ ခံနိုင်ရည်ရှိတယ်ဆိုတာ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

စံချိန်တင်ခဲ့တဲ့ အဆောက်အဦးရဲ့ နောက်ကွယ်တွင် ဒီဇိုင်းဆွဲခဲ့သည့် ဗိသုကာလုပ်ငန်းမှ ပါတနာ တစ်ယောက်ဖြစ်တဲ့ Øystein Elgsaas ကတော့ “လူအများ အာရုံစိုက်လာစေဖို့ဆိုရင် မြင့်မြင့်ဆောက်ဖို့ လိုအပ်တယ်” လို့ပြောခဲပါတယ်။

အလားတူ ဩစတီးယားတွင် ရှိသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဖွင့်လှစ်ထားသည့် HoHo Vienna အဆောက်အအုံဟာလည်း နော်ဝေနိုင်ငံ၏ Mjøstårnet ထက် ၅ ပေလောက်သာ နိမ့်ပါတယ်။

HoHo Vienna

အဲဒီလို ဥရောပတွင် ဒီလိုအဆောက်အအုံတွေ ဆောက်လုပ်နေစဉ်မှာပဲ မြောက်အမေရိကကလည်း အလျှင်အမြန် အမှီ လိုက်လျှက် ရှိနေပါတယ်။

ကနေဒါ နိုင်ငံ အနောက်ပိုင်းရှိ Vancouver မြို့မှာလည်း Pritzker ဗိသုကာ ဒီဇိုင်းဆုရ Shigeru Ban က ဒီဇိုင်းဆွဲထားတဲ့ ၁၇၄ ပေလောက် အမြင့်ရှိ သစ်သားမိုးမျှော်တိုက် တလုံးကို တည်ဆောက်ထားပြီး ဖြစ်ပါတယ်။

ဥရောပတွင် ပထမဆုံး ဆောက်လုပ်ခဲ့သည့် ထပ်မြင့် သစ်သား အဆောက်အုံကတော့ ဗြိတိန်ရှိ Woodcube လို့ခေါ်တဲ့ ငါးထပ်ရှိတဲ့ တိုက် ခန်းပဲ ဖြစ်ပါတယ်။ အဆိုပါ အဆောက်အအုံကို ၂၀၁၃ တွင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Woodcube

George Brown ကောလိပ် တွင် ရှိသည့် Arbour အမည်ရှိ သစ်သား အဆောက်အဦးကတော့ ၁၀ ထပ်အမြင့်ရှိမှာ ဖြစ်ပြီး လက်ရှိတွင် တည် ဆောက်နေဆဲ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းများဟာ ကမ္ဘာ့အနှံ့ စွမ်းအင် အသုံးပြုမှု၏ ၄၀ ရာခိုင်နှုန်းရှိကာ ကာဗွန်ထုတ်လုပ်မှု၏ ၃ ပုံ ၁ ပုံလောက်ရှိပါတယ်။ ကွန်ကရစ်များဟာ ကာဗွန်များစွာ ထုတ်လွှတ်နေတဲ့အချိန်မှာ သစ်ပင်များကတော့ ၎င်းတို့ကို စုပ်ယူနေပါတယ်။

အဲဒီ့သစ်ပင်တွေဟာ သစ်သားအဖြစ် ပြောင်းလဲသွားတဲ့အခါမှာတော့ ကာဗွန်ဒိုင်အောက်ဆိုက်များကို လေထုထဲသို့ ပြန်ရောက်မည့်အစား ဖမ်းယူထားပါတယ်။ ပညာရှင်များအဆိုအရ ၁ မီတာစကွဲ ရှိသည့် သစ်သားဟာ ကာဗွန်ဒိုင်အောက်ဆိုက် ၁ တန်အထက်ကို သိုလှောင်နိုင်တယ်လို့ သိရပါတယ်။

Arbour

cross-laminated ကျွန်းသားများကို အဆောက်အဦး အနိမ့်များ အတွက် ၁၉၉၀ ခုနှစ်များကတည်းက ဂျာမနီနှင့် ဩစတီးယားကဲ့သို့ ဥရောပ နိုင်ငံများမှာ အသုံးပြုနေခဲ့တာဖြစ်ပါတယ်။

ဒါဆို ဘာလို့ သိပြီးသား ကိစ္စအတွက် စိတ်ဝင်စားမှု တိုးလာရသလဲ အဖြေရှိပါတယ်။ အဲဒါကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းမှု နှင့် ကုန်ကျ စရိတ်ကြောင့်ပဲ ဖြစ်ပါတယ်။

ယခုအခါမှာ cross-laminated အသားများကို ထုတ်လုပ်သည့် စက်ရုံပေါင်း များစွာရှိလာတဲ့အတွက် ကုန်ကျ စရိတ်များ လျှော့ချနိုင်လာပြီ ဖြစ်ပါတယ်။

First published – July, 2021

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.