မြောက်ကိုရီးယားရောက် ဩစတေးလျ၏ ကမ္ဘာ့ ပထမဆုံး ရေပေါ်ဟိုတယ်ကြီး အကြောင်း

History Knowledge

ကမ္ဘာ့ ပထမဆုံး ကြယ်ငါးပွင့် ရေပေါ်ဟိုတယ်ကြီးဟာ ဩစတေးလျနိုင်ငံ Great Barrier Reef သန္တာကျောက်တန်းပေါ်မှာ တည်ရှိခဲ့တဲ့ ဇိမ်ခံ အပန်းဖြေ ဟိုတယ်ကြီး တလုံးဖြစ်ပါတယ်။

ယနေ့မှာတော့ တောင်နှင့် မြောက် ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားသည့် ကန့်သတ် စစ်မဲ့ဇုန်မှ ကားဖြင့် မိနစ် ၂၀ လောက် မောင်းရသည့် အကွာအဝေးတွင် တည်ရှိသည့် မြောက်ကိုရီးယား ဆိပ်ကမ်းမှာ ၎င်း၏ နောက်ဆုံးထွက်သက်ကို စောင့်မျှော်နေပါတယ်။

ကမ္ဘာ့ပထမဆုံး ရေပေါ်ဟိုတယ်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်လာ စတင်ခဲ့ပြီး ထူးဆန်းစွာနဲ့ မိုင် ၁ သောင်းလောက် ခရီးဆန့်ခဲ့ပြီး ၎င်းရဲ့ ရဟတ်ယာဉ် စီးနင်းမှုတွေ၊ အဖိုးတန် ကောင်းမွန်တဲ့ ညစာတွေနဲ့ လူအများကို တည်ခင်းခဲ့ပေမယ့် ကြေကွဲစရာဖြင့် ပြီးဆုံးရတော့မှာပါ။

ဟိုတယ်ဟာ အီတလီနွယ်ဖွား ကြေးစား ဒိုင်ဗင်ထိုးသူနှင့် စွန့်ဦးတီထွင်သူဖြစ်သည့် ဩစတေးလျနိုင်ငံ Queensland အရှေ့မြောက် ကမ်းရိုး တန်းရှိ Townsville တွင် နေထိုင်တဲ့ Doug Tarca ရဲ့ တီထွင် ဆန်းသစ်မှု တခု ဖြစ်ပါတယ်။

ဟိုတယ်ကြီးကို သယ်ဆောင်နေပုံ Image: Courtesy of Hotel Report

၁၉၈၆ ခုနှစ်မှာ ယနေ့ အချိန်မှာ မရှိတော့ပြီ ဖြစ်တဲ့ အမေရိကန် သံမဏိ ကုမ္ပဏီကြီးရဲ့ ကုမ္ပဏီခွဲ တခု ဖြစ်တဲ့ စင်္ကာပူနိုင်ငံ Bethlehem သင်္ဘောကျင်းမှ စတင် တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။

တည်ဆောက်စဉ်က ဟိုတယ်ဟာ အမေရိကန်ဒေါ်လာ ခန့်မှန်းချေ ၄၅ သန်းလောက် ကုန်ကျခဲ့ပြီး ယနေ့ခေတ်အနေဖြင့် သန်း ၁၀၀ လောက် တန်ကြေးရှိပါတယ်။

တည်ဆောက်ပြီးစီးတဲ့ အခါမှာတော့ အဆိုပါ ရေပေါ်ဟိုတယ်ကြီးကို အကြီးစား သယ်ဆောင်ရေး သင်္ဘောကြီးဖြင့် Great Barrier Reef သန္တာကျောက်တန်းအတွင်းရှိ မြင်းခွာပုံစံ John Brewer သန္တာကျောက်တန်း ရှိရာသို့ သယ်ဆောင်လာခဲ့ပါတယ်။

ပင်လယ်ရေအောက်သို့ ကြီးမားလှတဲ့ ကျောက်ဆူးကြီး ၇ ခုဖြင့် ငြိမ်အောင် ဆိုင်းဆွဲထားသည့်အပြင် သန္တာကျောက်တန်းကို ထိခိုက်မှု မရှိအောင်လည်း စီမံထားပါတယ်။

ဟိုတယ်ဟာ အခန်းပေါင်း ၁၇၆ ခန်းရှိပြီး လူဦးရေ ၃၅၀ လောက် ဝင်ဆန့်ကာ ၁၉၈၈ ခုနှစ် မတ်လ ၉ ရက်နေ့မှာတော့ စတင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

Image: Courtesy of Hyundai Asan Corporation

ရေပေါ် ဟိုတယ်တွင် နိုက်ကလပ်တခု၊ စားသောက်ဆိုင် ၂ ဆိုင်၊ သုတေသန ဓာတ်ခွဲခန်းတခု၊ စာကြည့်တိုက် နှင့် ဒိုင်ဗင်ထိုးသည့် ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်သည့် ဆိုင် တဆိုင် ပါဝင်သည့် အပြင် တင်းနစ်ကွင်းတခုတောင် ရှိပါသေးတယ်။

သို့ပေမယ့် ရေပေါ်ဟိုတယ်ဖြစ်သဖြင့် လှိုင်းမူးခြင်းများ၊ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးမှု နှင့် ဟိုတယ်အနီး ၂ မိုင်လောက်တွင် ဒုတိ ယ ကမ္ဘာစစ်တုန်းက ကျည်အကြွင်းအကျန်များ တွေ့ရှိမှုတို့ကြောင့် ဖွင့်လှစ်ပြီး ၁ နှစ် အကြာမှာပဲ အရှုံးပေါ်လာပါတယ်။

ဒါ့ကြောင့် ဗီယက်နမ် နိုင်ငံရဲ့ မြို့တော် ဟိုချီမင်းမှာရှိတဲ့ ကုမ္ပဏီတခုကို နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်ရန် အလို့ငှာ အသုံးပြုနိုင်ဖို့ ရောင်းချလိုက်ရပါတယ်။

၁၉၈၉ ခုနှစ်မှာ ဟိုတယ်ဟာ မူလနေရာမှ မိုင် ၃,၄၀၀ အကွာ ဗီယက်နမ် နိုင်ငံ ဆိုင်ဂုံမြစ်အတွင်းတွင် “The Floater” လို့ အသိများတဲ့ ဆိုင်ဂုံ ဟိုတယ်အဖြစ် အမည်ပြောင်းခဲ့ပြီး ဆယ်စုနှစ် တခုနီးပါးလောက် အသုံးတော်ခံခဲ့ပါတယ်။

Image: Courtesy of Hyundai Asan Corporation

၁၉၉၈ ခုနှစ်မှာတော့ ဟိုတယ်ဟာ သိပ်အဆင်မပြေတော့ဘဲ ပိတ်လိုက်ရပြီးနောက် စွန့်ပစ်ရမယ့်အစား မြောက်ကိုရီးယားနိုင်ငံကို ရောင်းချခဲ့ပါတယ်။

ဒါ့ကြောင့် မိုင်ပေါင်း ၂,၈၀၀ လောက်ဝေးတဲ့ နောက်ထပ် ခရီးတခုကို ဆက်လက် သွားခဲ့ရပြီး မြောက်ကိုရီးယား၏ Haegumgang ဟိုတယ် ဆိုတဲ့ နာမည်အသစ်နှင့် အောက်တိုဘာလ ၂၀၀၀ ခုနှစ်မှာ ပြန်လည် ဖွင့်လှစ်ခြင်းခံခဲ့ရပြီး ၎င်းကို တောင်ကိုရီးယား ကုမ္ပဏီ Hyundai Asan က စီမံခန့်ခွဲခဲ့ပါတယ်။

နှစ်များစွာအတွင်း Haegumgang ဟိုတယ်ရှိသည့် Kumgang တောင် အနီးတဝိုက်တွင် ခရီးသွား ၂ သန်းလောက်အထိ ရောက်ရှိခဲ့တယ်လို့ Hyundai Asan ရဲ့ ပြောရေးဆိုခွင့်ရှိသူ Park Sung-uk က ဆိုပါတယ်။

ဒီဟိုတယ်ဟာ ၂ နိုင်ငံ သင့်မြတ်ရေး ကို မြှင့်တင်ပေးခဲ့ပြီး ကွဲကွာသွားတဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းရေး ဗဟို အချက်အချာအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

မြောက်ကိုရီးယားရှိ နောက်ဆုံး အခြေအနေ Image: Courtesy of Hyundai Asan Corporation

၂၀၀၈ ခုနှစ်မှာတော့ မြောက်ကိုရီးယား စစ်သားတဦးဟာ Kumgang ခရီးသွားဧရိယာ အလွန်မှ စစ်ဇုံအတွင်းသို့ သွားရောက်မိတဲ့ အသက် ၅၃ နှစ်အရွယ် တောင်ကိုရီးယား အမျိုးသမီး တယောက်ကို ပစ်ခတ်ခဲ့သဖြင့် Hyundai Asan ဟာ ခရီးသွား လုပ်ငန်းကို ရပ်တန့်ခဲ့ပြီး ဟို တယ်ဟာလဲ ပိတ်ခဲ့ရပါတယ်။

နောက်ပိုင်းမှာ ဟိုတယ်ကို မြောက်ကိုရီးယား ခေါင်းဆောင်နှင့် ဆက်စပ် သူများကိုသာ တည်ခင်း ဧည့်ခံရဖွယ် ရှိပြီး ၂၀၁၉ ခုနှစ် မှာတော့ ကင်ဂျုံအန်းဟာ Kumgang တောင်ကို ရောက်ရှိခဲ့ပြီးနောက် ဟိုတယ်အပါအဝင် လက်ရှိအနေအထားများကို အပြစ်တင်ကာ အများအပြားကို ဖျက်ဆီးပြီး နိုင်ငံ ယဉ်ကျေးမှုနှင့် ပိုကိုက်သည့် ဒီဇိုင်း ဖန်တီးဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါပေမယ့် ကပ်ရောဂါ ကာလ ဖြစ်ပွားခဲ့သည့်အတွက် အရာ အားလုံးကို ရပ်ဆိုင်းထားခဲ့ပြီး ကမ္ဘာ့ပထမဆုံး ရေပေါ် ဟိုတယ်ကြီး ကတော့ သံချေးများတက်ကာ သူရဲ့ နောက်ဆုံးခရီးကို စောင့်မျှော်နေဆဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.