ကမ္ဘာ့ ပထမဆုံး ရေဘဝဲ မွေးမြူရေး လုပ်ငန်းနှင့် အသိဥာဏ်မြင့် ရေဘဝဲများ ဘဝ

Business Nature

စပိန်နိုင်ငံတွင် ရေလုပ်ငန်း ကုမ္ပဏီကြီး တခုဖြစ်တဲ့ Nueva Pescanova မှ ဦးစီးပြီး ရေဘဝဲ မွေးမြူရေး လုပ်ငန်းတခု ပထမဆုံး လုပ်ကိုင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

ရေဘဝဲများဟာ သမိုင်းအရ မွေးမြူရာတွင် အခက်အခဲများစွာ ရှိပေမယ့် ကုမ္ပဏီဟာ ဆယ်စုနှစ်နှင့် ချီပြီး သုတေသန လုပ်လာခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

သို့ပေမဲ့ ရေဘဝဲလို ဥာဏ်ရည်မြင့်ပြီး အသိဥာဏ်ရှိတဲ့ ရေသတ္တဝါများကို စီးပွားဖြစ် အကြီးအကျယ် မွေးမြူတာမျိုးကို မကြိုက်တဲ့သူတွေ အများကြီးပါ။

Nueva Pescanova ဟာ ဒီလုပ်ငန်းအတွက် ယူရို ၆၅ သန်း (အမေရိကန်ဒေါ်လာ ၇၄ သန်း) လောက်အထိ ရင်းနှီးမြှုပ်နှံမယ်လို့ ဆိုပါတယ်။

Gran Canaria တွင် အလုပ်အကိုင် ရာပေါင်းများစွာ ဖန်တီးပေးနိုင်မည့် အပြင် ၂၀၂၆ ခုနှစ်လောက်မှာ ရေဘဝဲ တန်ချိန် ၃ ထောင်လောက် ထုတ်လုပ် တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ကုန်ကျစရိတ် ကြီးမားပေမယ့် ရေဘဝဲ ဝယ်လိုအားဟာ လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်းမှာ နှစ်ဆ အထိ တိုးတက်လာတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ဒီလုပ်ငန်းဟာ အကျိုးအမြတ် များစေမည့် လုပ်ငန်းတခု ဖြစ်ကာ သမုဒ္ဒရာမှ အကြီးအကျယ် ဖမ်းယူခြင်းမျိုး မလိုအပ်သဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုနည်းကာ ရေရှည်တည်တံ့စေမည့် လုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

ဒါဟာ တနည်းအားဖြင့် ငါးဖမ်းလုပ်ငန်းများမှ သဘာဝ ရေဘဝဲများကို ဖမ်းယူခြင်းများမှ ဖြစ်ပေါ်လာမယ့် အကောင်ရေ လျော့ကျခြင်းကို ထိထိရောက်ရောက် တားဆီးနိုင်ဖွယ်လည်း ရှိပါတယ်။

ရေဘဝဲ မွေးမြူခြင်းကို ဩစတေးလျနိုင်ငံတွင် အရိုင်း အနေအထားမှ အကောင်ငယ်များကို ဖမ်းယူ မွေးမြူခြင်းပြုလုပ်ရာ အောင်မြင်မှုများ ရှိခဲ့ပါတယ်။

ဒါပေမယ့် ရေဘဝဲ သားလောင်းများ အရွယ်အတွက် ထောက်ပံ့ပေးနိုင်ခြင်း မရှိသည့်အတွက် အဆိုပါ အဆင့်တွင် အခက်အ ခဲ များ ရှိနေပါတယ်။

အကောင်ငယ်များကို ဖမ်းယူမွေးမြူခြင်းဟာ အရိုင်း အနေအထားထက် အသားအထွက်နှုန်း ပိုမို ကောင်းမွန်တဲ့အတွက် ဒီလို လုပ်ငန်းကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

Nueva Pescanova ကတော့ သားလောင်းအနေအထားတွင် ဖြစ်နေတဲ့ အတားအဆီးများကို ကျော်လွှားပြီး အကြီးအကျယ် ထုတ်လုပ်ဖို့အတွက် လိုအပ်သည့် အနေအထားများကို ပံ့ပိုးနိုင်ပြီလို့ ဆိုပါတယ်။

ဒါ့ပေမဲ့ ဒါဟာ ကျင့်ဝတ်အရ သင့်တော်ပါ့မလား ဆိုတာ မေးခွန်း ထုတ်စရာပါ။

အကြောင်းကတော့ ဗြိတိန်နိုင်ငံမှာ ရေဘဝဲများကို လေ့လာမှု ၃၀၀ ကျော်ကို ကြည့်ရှုကာ အသိဥာဏ်ရှိသည့် သတ္တဝါများအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အလားတူ အချိန်မှာပဲ အမေရိကန်မှာလည်း ရေဘဝဲများနှင့် အခြား အခွံမာ သတ္တဝါများကို ဖက်ဒရယ် သုတေသနမှ အသိ အမှတ် ပြုဖို့ လုပ်ဆောင်နေပါတယ်။

၂၀၂၁ ခုနှစ် လေ့လာမှု အရ ရေဘဝဲများဟာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနှင့် စိတ်ခံစားမှုများ ရှိတယ်ဆိုတာကို တွေ့ရှိ ခဲ့ရပါတယ်။

အချို့ရေဘဝဲများဟာ နှလုံး ၃ ခုနှင့် ဦးနှောက် ၉ ခု (လက်တံများဟာ ဦးနှောက်ကဲ့သို့ အလုပ်လုပ်) အထိ ပါဝင်ပြီး အသိဥာဏ် အလွန်မြင့်မားကာ ပစ္စည်းများကို အသုံးပြုနိုင် ရေခရားများကို ဖွင့်နိုင်ပါတယ်။

ရေဘဝဲများဟာ သဘာဝအတိုင်း တကောင်ထဲသာ နေတတ်သည့် သတ္တဝါများဖြစ်ပြီး သက်တမ်းမှာ အလွန်တို တောင်းပါတယ်။

ဒါ့ကြောင့် ၎င်းတို့၏ တိုတောင်းသည့် ဘဝအတွင်းတွင် အသိဥာဏ် ရှိသည့် သတ္တဝါ တကောင်ကို မွေးမြူရာမှာ အရည် အ သွေး မြင့်ပြီး သဘာဝဆန်သော နေရာများ လိုအပ်မှာပါ။

ယခု မွေးမြူရေးဟာ ထိုက်တန်မှု ရှိမရှိကတော့ စပိန်က ပတ်ဝန်းကျင်ဆိုင်ရာ ဌာနက အဆုံးအဖြတ် ပေးသွားမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.