မပျံသန်းခင် ခေတ်နောက်ကျသွားခဲ့သည့် အမေရိကန်၏ မဟာဗျူဟာမြောက်လေယာဉ် အကြောင်း

Knowledge Military

XB-70 Valkyrie မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကို မြင့်မားသည့် အမြင့်မှ လျှင်မြန်သည့် အမြန်နှုန်းဖြင့် ဆိုဗီယက်ရှိ ရန်သူ့လေကြောင်းရန် ကာကွယ်ရေး စနစ်များကို ချေမှုန်းနိုင်ဖို့ ဖန်တီးခဲ့တာပါ။

NASA ၏ အဆိုအရ ဒီလေယာဉ်ကြီးဟာ အသံထက် ၃ ဆ လောက် မြန်နှုန်းဖြင့် အမြင့်ပေ ၇၀,၀၀၀ လောက်မှ ပျံသန်းနိုင်စွမ်း ရှိပါတယ်။

ကြီးမားလှသည့် ကိုယ်ထည်၊ Delta ပုံစံ တောင်ပံ နှင့် ၆ လုံးတွဲ အင်ဂျင်ကြီးကြောင့် ၎င်း၏ ပုံစံဟာ ထူးခြားပါတယ်။

အဆိုပါ မဟာဗျူဟာမြောက် လေယာဉ် အမျိုးအစားကို ၁၉၅၀ ခုနှစ်များ နှင့် ၁၉၆၀ ခုနှစ်များမှာ ထုတ်လုပ်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ရှေ့ပြေးပုံစံ အဆင့်အထိ ရောက်ရှိခဲ့ပါတယ်။

လေယာဉ် တစင်းအတွက် ကုန်ကျစရိတ်မှာ ၂၄.၅ သန်းခန့် ရှိပြီး ယခုခေတ် အနေဖြင့် ၂၃၇ သန်းလောက် တန်ကြေးရှိပါတယ်။

လေယာဉ်ကို ပျံသန်းဖို့အတွက် လေယာဉ်မှူး၊ လက်ထောက် လေယာဉ်မှူး၊ လက်နက်နှင့် လမ်းညွှန်စနစ် အရာရှိ၊ ကာကွယ် ရေး အရာရှိ စုစုပေါင်း ၄ ဦး လိုအပ်ပါတယ်။

လေယာဉ်တွင် အကြောင်းတခုခုကြောင့် အမြင့်ပေ ၇ သောင်းလောက်မှာ ဘေးကင်းစွာ ခုန်ထွက် နိုင်စေဖို့အတွက် လူတယောက်ချင်းစီအတွက် ဖိအားပေးထားသည့် အောက်စီဂျင် ပါသည့် encapsulated ejection seat ခေါ် အလုံပိတ် ခုန်ထွက်သည့် စနစ်ပါဝင်ပါတယ်။

ထိုခေတ် ထိုအခါအရ မိုင်ပေါင်း ၆ ထောင်လောက်အထိ လောင်စာဆီ မဖြည့်ဘဲ ပျံသန်းနိုင်သည့်အတွက် အတော်လေးကို စွမ်းဆောင်ရည် မြင့်မားတယ်လို့ ဆိုနိုင်ပါတယ်။

၎င်းကို နျူကလီးယား လက်နက် တင်ဆောင်ဖို့အတွက် ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်ပြီး ကမ္ဘာပေါ်တွင် ထုတ်လုပ်ခဲ့သမျှ မဟာဗျူဟာမြောက် အသံထက်မြန် ဗုံးကြဲလေယာဉ်များထဲမှာ အမြန်ဆုံးနှင့် အကြီးမားဆုံး အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

ဒါ့အပြင် အဲဒီ့ခေတ် ဆိုဗီယက်၏ ကြားဖြတ် တိုက်လေယာဉ်များကိုလည်း မှုစရာ မလိုလောက်အောင် လုံလောက်တဲ့ အမြန်နှုန်း ရှိပါတယ်။

ဒီလို မြန်ဆန်ပြီး စွမ်းဆောင်ရည် မြင့်မားပေမယ့် တာဝန် မထမ်းဆောင်ခင် ခေတ်နောက်ကျသွားပြီလို့ သတ်မှတ်ခံရပြီး ဆက်လက် မထုတ်လုပ်တော့တာလည်း အံ့အား သင့်စရာ မရှိပါဘူး။

အကြောင်းကတော့ ဆိုဗီယက်၏ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေဟာ အလွန်ကို တိုးတက်လာတဲ့အတွက် လေတပ်အနေဖြင့် ယခုလို လေယာဉ်မျိုးများဟာ လွတ်မြောက်နိုင်စွမ်း မရှိနိုင်ဘူးလို့ သတ်မှတ်ခဲ့လို့ ဖြစ်ပါတယ်။

၁၉၆၁ ခုနှစ်မှာတော့ သမ္မတ ကနေဒီဟာ XB-70 ကို လွတ်မြောက်နိုင်စွမ်းနည်းပြီး ကုန်ကျစရိတ် များပြားသဖြင့် သုတေသန လေယာဉ် အဖြစ်သာ တည်ဆောက်ရန် ညွှန်ကြားခဲ့ပါတယ်။

ဆိုဗီယက်ဟာ S-25 လို အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး စနစ်များ ထုတ်လုပ်လာနိုင်ပြီး ၁၉၆၀ ခုနှစ် XB-70 ကို တည်ဆောက်နေချိန်မှာဘဲ U-2 ထောက်လှမ်းရေး လေယာဉ်တစင်း ပစ်ချခံခဲ့ရပါတယ်။

၁၉၆၄ ခုနှစ်မှာတော့ ဆိုဗီယက်ရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေဟာ ထိုခေတ် အနေအထားအရ လုံးဝ ပြီးပြည့်စုံလောက်အောင် ကောင်းမွန်လာချိန်မှာပဲ XB-70 ကို ပထမဆုံး ပျံသန်းနိုင်ခဲ့ပါတယ်။

လေယာဉ်ဟာ ပျံသန်းချိန်မှာ လိုအပ်သည့် အရည်အသွေးနှင့် စွမ်းဆောင်ရည်တွေ ရှိပေမယ့် B-52 တွေကို အစားထိုးနိုင်ပြီး ရန်သူ့နယ်မြေထဲအထိ ထိုးဖောက်နိုင်အောင် မစွမ်းဆောင်နိုင်ဘူးလို့ လေတပ်က သတ်မှတ်ခဲ့ပါတယ်။

SR-71 များကတော့ မြေပြင် အချက်အလက်များကို ထောက်လှမ်းနိုင်ကာ အမြင့်ပေ ၈ သောင်းခွဲ လောက်အထိ တက်ရောက်နိုင်သည့် အတွက် နောက်ဆက် ဆယ်စုနှစ်နှင့် ချီပြီး အသုံးပြုခဲ့ပါတယ်။

XB-70 ကိုတော့ သုတေသန လေယာဉ်အဖြစ် ၂ နှစ်ကျော်လောက်သာ ပျံသန်းခဲ့ပြီး ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ အပြီးသတ် အနားပေးခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.