၁၉၈၀ ခုနှစ်များမှာ စစ်အေးတိုက်ပွဲဟာ တစတစ ကျယ်ပြန့် လာတဲ့အတွက် အမေရိကန် လေတပ်ဟာ မျိုးဆက်သစ် တိုက် လေယာဉ် တစင်း ထုတ်လုပ်နိုင်ဖို့ စဉ်းစားလာခဲ့ပါတယ်။
ထိုခေတ်က ဆိုဗီယက် လေယာဉ်များဟာ အဆင့်မြင့်မားသည့်အတွက် နည်းပညာအားဖြင့် အမေရိကန်အနေဖြင့် လေယာဉ်နည်းပညာတွင် အကဲသာမှု မရှိမှာကို လေတပ်အနေဖြင့် အထူး စိုးရိမ်ခဲ့တာပါ။
ဆိုဗီယက်ဟာ ပြိုလဲခါနီး ဆဲဆဲ ဖြစ်နေပေမယ့် ၎င်း၏ ကြီးမားတဲ့ စစ်ရေး နည်းပညာ စွမ်းအင်ဟာ အထင်အရှား ရှိနေဆဲ ဖြစ်နေပါတယ်။
ထိုစဉ်က စတုတ္ထမျိုးဆက် တိုက်လေယာဉ် အသစ်များဖြစ်သည့် Su-27 နှင့် MiG-29 တို့ဟာ အမေရိကန်၏ F-15 နှင့် F-16 များကို ယှဉ်နိုင်ဖို့ ထုတ်လုပ်ထားသည့်အတွက် အမေရိကန်တို့အတွက် အထူးပြဿနာတရပ် ဖြစ်လာနေခဲ့တာပါ။
ရေဒါပျောက် ဦးစားပေး တိုက်လေယာဉ်လိုအပ်မှု
အနာဂါတ် လေကြောင်းတိုက်ပွဲများအတွက် အမေရိကန်လေတပ်ဟာ ၎င်းတို့၏ မျိုးဆက်သစ် တိုက်လေယာဉ်များအတွက် ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းများ ရှိနေခဲ့ပါတယ်။

ပထမဦးဆုံး ရည်မှန်းချက်ကတော့ မျိုးဆက်သစ် တိုက်လေယာဉ်များတွင် ရေဒါပျောက် နည်းပညာကို ပေါင်းစပ်ထည့်သွင်းချင်တာပါ။
ထိုအချိန်က F-117 နှင့် B-2 လေယာဉ်များဟာ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် ရှိနေပြီ ဖြစ်ပေမယ့် ရေဒါပျောက် စွမ်းဆောင်ရည်ရှိသည့် တိုက်လေယာဉ် တစင်းမှ မရှိသေးပါဘူး။
F-117 ဟာ တိုက်လေယာဉ်ကို ကိုယ်စားပြုသည့် “F” ကို အသုံးပြုထားပေမယ့် တကယ်တော့ မြေပြင်တိုက်ခိုက်ရေးကို ဦး စားပေးသည့် “A” အမျိုးအစား လေယာဉ် တစင်းသာ ဖြစ်ပါတယ်။
ဒုတိယ ရည်မှန်းချက်ကတော့ ဂျက်တိုက်လေယာဉ်သစ်ဟာ အသံထက်မြန်သည့် အမြန်နှုန်းရောက်အောင် afterburner လို့ခေါ်တဲ့ လောင်စာများစွာ အသုံးပြုလောင်ကျွမ်းစရာ မလိုဘဲ ပုံမှန် အနေအထားဖြင့် ရောက်ရှိနိုင်အောင် ဖန်တီးဖို့ပါ။
Afterburner စနစ် အကြောင်းကို “ဂျက်တိုက်လေယာဉ်များတွင် အသုံးပြုသည့် Afterburner စနစ် ဆိုသည်မှာ” ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ဖော်ပြပြီး ဖြစ်ပါတယ်။
ထိုကဲ့သို့ afterburner စနစ် သုံးစရာမလိုဘဲ အသံထက်မြန် ပျံသန်းနိုင်မှုကို “supercruise” လို့ခေါ်ပြီး ဒီနည်းပညာကြောင့် လေယာဉ်ဟာ လောင်စာ အလုံအလောက်ဖြင့် ရန်သူ့ လေယာဉ်များကို ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ဆိုင်ကြပြီ
၁၉၈၆ မှာတော့ ဒီလို လိုအပ်ချက်တွေနှင့် ပြည့်စုံတဲ့ လေယာဉ်တစင်းကို ဖန်တီးနိုင်ဖို့ နာမည်ကျော် ကုမ္ပဏီကြီးများဖြစ်တဲ့ Northrop နှင့် Lockheed Martin တို့ဟာ ယှဉ်ပြိုင်ကြရပါတယ်။
အဆင့်မြင့် နည်းဗျူဟာ တိုက်လေယာဉ် Advanced Tactical Fighter (ATF) လို့ လူသိများတဲ့ စီမံကိန်းကို အနိုင်ရသည့် ကုမ္ပဏီဟာ အမေရိကန် လေတပ်အတွက် တိုက်လေယာဉ် အစင်း ၇၅၀ ထုတ်လုပ်ပေးဖို့ လျာထားခဲ့တာပါ။
ဒီလိုယှဉ်ပြိုင်မှုဟာ Lockheed Martin ၏ F-22 ဟာ Northrop ၏ YF-22 ကို ရှုံးနိမ့်ခဲ့ပြီး တော်တော်များများက ဒီ လေ ယာဉ်အကြောင်းကို မေ့လျော့နေကြပြီ ဖြစ်ပါတယ်။
ထူးခြားသည့် ဒီဇိုင်းနှင့် YF-23
YF-23 ၏ ဒီဇိုင်းဟာ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းများထဲမှ တိုက်လေယာဉ် တစင်းကဲ့သို့ လှပသည့် အတောင်ပံ ဒီဇိုင်း၊ ထူးခြားသည့် လေယာဉ်မှူးခန်း၊ ဘဲခေါင်းပုံစံ နှုတ်သီးနှင့် V ပုံစံ အမြှီးတို့ ဖြင့် တည်ဆောက်ထားပါတယ်။
၂ စင်းသာ တည်ဆောက်ခဲ့ပြီး ပထမ တစင်းကို Black Widow II လို့ နာမည်ပြောင်ပေးထားကာ Pratt & Whitney မှ ထုတ်လုပ်သည့် အင်ဂျင်ကို တပ်ဆင်ထားပြီး supercruise ဖြင့် အသံထက် ၁.၄၃ ဆ နှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။
ဒုတိယ တစင်းကိုတော့ Grey Ghost လို့ အမည်ပြောင် ပေးထားပြီး General Electric ထုတ် YF120 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။

ဒီလေယာဉ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်ဟာ F-22 ဖြစ်လာမယ့် YF-22 နှင့် Black Window ထက် ပိုမို စွမ်းအားကောင်းပြီး အသံထက် ၁.၆ ဆ နှုန်းရောက်အောင် supercruise ဖြင့် ပျံသန်းနိုင်ပါတယ်။
YF-22 ၏ YF-23 ထက် အဓိက အားသာချက်တခုကတော့ ၎င်းတွင် တပ်ဆင်ထားသည့် 2D Thrust Vectoring နည်းပညာ ဖြစ်နေပါတယ်။
ဒီနည်းပညာဟာ လေယာဉ်၏ အိတ်ဇော နော်ဇယ်ခေါင်းကို ပျံသန်းနေရင်း အပေါ်အောက် လှုပ်ရှား နိုင်သည့် အတွက် လေ ယာဉ်ကို လိုသလို လှုပ်ရှား ပျံသန်းနိုင်ပါတယ်။
အဆိုပါ နည်းပညာဟာ ရုရှား တိုက်လေယာဉ်များတွင် တပ်ဆင်ထားသည့် 3D Thrust Vectoring စနစ်နှင့် ဆင်တူပြီး ရုရှားလေယာဉ်များကတော့ လားရာမျိုးစံကို အိတ်ဇောနော်ဇယ်အား လှည့်နိုင်ပါတယ်။
သို့ပေမဲ့ Lockheed နေအဖြင့် Cobra manoeuvre လို့ခေါ်တဲ့ မြွေဟောက်တကောင် အမောက်ထောင်သလို ပျံသန်းခြင်း မျိုးနှင့် အခြား လေယာဉ်၏ တည်ငြိမ်မှုကို မထိခိုက်စေမည့် လှုပ်ရှားပျံသန်းမှုများကို ပြုလုပ်ဖို့ 2D Thrust Vectoring ကိုသာ ထည့်သွင်းခဲ့ပုံ ရပါတယ်။
Northrop ကတော့ ၎င်း၏ ရေဒါပျောက်စနစ်ကို ထိခိုက်စေနိုင်မည့် အဆိုပါ Thrust Vectoring စနစ်ကို မထည့်သွင်းဘဲ ချန်လှပ်ထားခဲ့ပါတယ်။

ရလဒ်အနေဖြင့် YF-23 ဟာ YF-22 ထက် ရေဒါပျောက်စနစ်တွင် ပိုမို ကောင်းမွန်ပြီး စစ်ဆင်ရေး အကွာအဝေးမှာ YF-22 ထက် များစွာ သာလွန်ခဲ့ပါတယ်။
ဒါပေမယ့် YF-22 ဟာ အဆင့်မြင့် နည်းဗျူဟာမြောက် တိုက်လေယာဉ် စမ်းသပ်မှု လုပ်ငန်းစဉ်အတွင်းမှာ ၎င်း၏ စွမ်းရည်များကို အပြည့်အဝ ပြသနိုင်ခဲ့ပါတယ်။
အထူးသဖြင့် angles of attack အမြင့်တွင် လေယာဉ်ကို stall မဖြစ်စေဘဲ ပျံသန်းနိုင်မှု၊ ဒုံးကျည်များ ပစ်လွှတ်မှု ဆွဲအား 9G လောက်အထိ ရောက်အောင် ပျံသန်းနိုင်မှုကြောင့် ပင်တဂွန်ကို အံ့အားသင့် စေခဲ့ပါတယ်။
Northrop ကတော့ သမားရိုးကျ စွမ်းဆောင်ရည်များကိုသာ ပျံသန်းပြသခဲ့သည့်အတွက် ရှေးရိုးဆန်ပြီး ထူးခြားသည့် အ နေအထားတခုကို မပြနိုင်ခဲ့ပါဘူး။
ဒီလို အကြောင်းအရင်းများကြောင့် ပင်တဂွန်ဟာ Lockheed Martin ၏ YF-22 ကိုသာ အနာဂါတ် တိုက်လေယာဉ်အဖြစ် ရွေးချယ်ခဲ့ပြီး ယနေ့ မြင်တွေ့နေရတဲ့ F-22 Raptor တိုက်လေယာဉ်များ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။