လက်ရှိ အကြီးစား ပြင်ဆင်မှုတွေ လုပ်နေရတဲ့ ရုရှားရေတပ်၏ တစီးထဲသော လေယာဉ်တင်သင်္ဘော ဖြစ်တဲ့ Admiral Kuznetsov ဟာ သတ်မှတ်ထားတဲ့ အချိန်ထက် ၃ နှစ်လောက် ထပ်မံနောက်ကျပြီးမှ စစ်ဆင်ရေးတွေ ပြန်လည် ဆောင်ရွက်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီ လေယာဉ်တင်သင်္ဘောဟာ လွန်ခဲ့တဲ့ ၂ နှစ်က ပြင်ဆင်နေရင်း ၎င်းအား ပြင်ဆင်ဖို့ အသုံးပြုနေသည့် ရေလုံ လွန်းကျင်းပြိုကျရာမှ ပြင်ဆင်မှုတွေ ပြီးဆုံးဖို့ နှောင့်နှေးခဲ့တာ ဖြစ်ပါတယ်။
သတင်းများအရ ဒီ လေယာဉ်တင်သင်္ဘော ၏ အလုံးစုံ ပြုပြင်မှုနှင့် အဆင့်မြှင့်တင်ဖို့ကို ၂၀၂၃ ခုနှစ်မှာ ပြီးဆုံးဖို့ မျှော်လင့်ထားပြီး အဲဒီ့ နှစ်ကုန်လောက်မှာပဲ ရုရှားရေတပ်ကို ပြန်လည် လွှဲပြောင်းပေးနိုင်မယ်လို့ သိရပါတယ်။
မနှစ်ကတုန်းကတော့ ရုရှား စက်မှုအရာရှိတွေဟာ Admiral Kuznetsov ကို ယခုနှစ် ၂၀၂၁ မေလ အတွင်း ပြီးဆုံးမယ်လို့ ပြောခဲ့တာပါ။
တန် ၅ သောင်းခွဲ ရှိတဲ့ ရုရှား လေယာဉ်တင်သင်္ဘော ဟာ ၁၉၉၁ မှာ စတင် တာဝန်ထမ်းဆောင်ကတည်းက စက်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ၎င်းကို ပြင်ဆင်နေတဲ့ ရုရှားနိုင်ငံရဲ့ အကြီးဆုံး ရေလုံ လွန်းကျင်းဖြစ်တဲ့ PD-50 ဟာ ရုတ်တ ရက် ပြိုကျခဲ့ပြီး တန် ၇၀ ရှိတဲ့ ကရိန်းကြီး သင်္ဘောရဲ့ လေယာဉ်ပြေးလမ်းပေါ်ကို ပြုတ်ကျခဲ့ပါတယ်။

ဒါ့ကြောင့် လေယာဉ်ပြေးလမ်းပေါ်မှာ စကွဲယား ပေ ၂၀၀ လောက်ရှိတဲ့ အပေါက်ကြီး ဖြစ်သွားခဲ့ပြီး ဒီဖြစ်ရပ်မှာ လူ ၁ ဦး ပျောက်ဆုံးကာ ၄ ဦး ထိခိုက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ရုရှားတို့တွင် လေယာဉ်တင်သင်္ဘော အတွက် လုံလောက်စွာ ပြုပြင်ပေးနိုင်မယ့် ရေလုံ လွန်းကျင်း မရှိတော့တဲ့အတွက် Admiral Kuznetsov ရဲ့ အနာဂါတ်ကို မေးခွန်းခဏ ခဏ အထုတ်ခံခဲ့ ရပါတယ်။
PD-50 ရေလုံ လွန်းကျင်းကို ၁၉၇၈ မှ ၁၉၈၀ အတွင်း ဆိုဗီယက် ပြည်ထောင်စုအတွက် ဆွီဒင် မှ တည်ဆောက်ပေးခဲ့တာ ဖြစ်ပြီး ၁၉၈၀ မှ ၂၀၁၈ ခုနှစ် ပြိုကျသည်အထိ ရုရှားနိုင်ငံတွင် အကြီးဆုံးသော ရေလုံ လွန်းကျင်းဖြစ်ခဲ့ပါတယ်။
ရုရှားနိုင်ငံအနေဖြင့် ဒီလို ရေလုံ လွန်းကျင်းမျိုး ကိုယ်တိုင် တည်ဆောက်ဖို့ရာ နည်းပညာ စိန်ခေါ်မှုတွေ ရှိနေမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ ဆယ်စုနှစ် ၃ စုလောက် သက်တမ်းရှိပြီဖြစ်တဲ့ လေယာဉ်တင်သင်္ဘော ကြီးကို ဆက်လက် ပြုပြင်ခဲ့ပုံ ရပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း Admiral Kuznetsov ပေါ်မှာ မီးအကြီးအကျယ် လောင်ခဲ့လို့ လူ ၂ ဦး အသက် ဆုံ ရှုံး ခဲ့ရပြီး ၁၄ ယောက် လောက် မီးနှင့် မီးခိုးငွေ့တွေကြောင့် ကု သမှု တွေ ပြုလုပ်ခဲ့ရပါတယ်။
လေယာဉ်တင်သင်္ဘောပေါ်မှ မီးဘေးကြောင့် ဆုံးရှုံးမှုဟာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၁-၁.၅ ဘီလီယံလောက် ရှိမယ်လို့ သိရပါတယ်။
ရုရှားဟာ လက်ရှိမှာ လေယာဉ်တင်သင်္ဘော သစ်များကို ထပ်မံ တည်ဆောက်ဖို့ ဆန္ဒရှိနေပြီး ၎င်းတို့၏ အနာဂါတ် လေယာဉ်တင်သင်္ဘောများမှာ ဆိုဗီယက်ခေတ် Admiral Kuznetsov ၏ နည်းပညာ ညံ့ဖျင်းမှုများကို သင်ခန်းစာယူပြီး တည်ဆောက်ရမှာပဲ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021