AirCar ကားပျံဟာ အသိအမှတ်ပြု လက်မှတ် ရရှိခဲ့ပြီး မကြာခင် အဆင်သင့်ဖြစ်တော့မယ့် အကြောင်း

News Tech

ပြောင်းလဲ တိုးတက်နေတဲ့‌ ခေတ်ကြီးထဲမှာ ကားပျံများဟာလည်း အနာဂါတ်ရဲ့ လူအများ သွားလာမှုကို ပြောင်းလဲလာစေမယ့် အရာများ ဖြစ်ပါတယ်။

ယခင်က သိပ္ပံ ဇာတ်လမ်းတွေမှာသာ မြင်ခဲ့ တွေ့ခဲ့ရတဲ့ ကားပျံများဟာ ယနေ့ခေတ်မှာတော့ အိပ်မက်သဖွယ် မဟုတ်တော့တဲ့အပြင် နေ့စဉ်သွားလာမှုအတွက် အသုံးချနိုင်ဖို့ ပိုမို နီးစပ်လာပါပြီ။

ဆလိုဗက်ကီးယား ကုမ္ပဏီတခု၏ စီမံကိန်းမှ သာမန်ကားလို မောင်းနှင်နိုင်သည့်အပြင် လေယာဉ်တစင်းကဲ့သို့ပါ ပျံသန်းနိုင်သည့် ယာဉ်ဟာ စမ်းသပ်မှုတွေ အောင်မြင်သွားပြီလို့ သိရပါတယ်။

Image: Courtesy of KleinVision

ဒီကားကို AirCar လို့ အမည်ပေးထားပြီး ၎င်းဟာ ကားမှ လေယာဉ် အဖြစ်သို့ ၃ မိနစ်အတွင်း ပြောင်းလဲနိုင်ပြီး လက်ရှိမှာတော့ ဥရောပ လေကြောင်းဆိုင်ရာ လုံခြုံစိတ်ချရမှု တိုင်းတာရေး အေဂျင်စီမှ စမ်းသပ်မှုတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

AirCar ဟာ ကောင်းကင်သို့ အတက်အဆင်း အကြိမ်ရေပေါင်း ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီး အချိန်အားဖြင့် စုစုပေါင်း နာရီ ၇၀ လောက် စမ်း သပ်ပျံသန်းခဲ့တာပါ။

ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ယာဉ်၏ ဒီဇိုင်းဆွဲသူများမှ “လေယာဉ်ဟာ အံ့ဩစရာ ကောင်းလောက်အောင် တည်ငြိမ်တာကို ပြသနိုင်ခဲ့တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် မောင်းနှင်သူ၏ ထိန်းချုပ်မှု မလိုဘဲ အတက်အဆင်း လုပ်နိုင်သည့် စွမ်းရည်ပါ ရှိသည့်အတွက် မောင်းနှင်သူများအတွက် အထူး လေ့ကျင့်ရေး သင်တန်းများ တက်ရောက်စရာမလိုဘဲ ပျံသန်းနိုင်ပါတယ်။

Image: Courtesy of KleinVision

ဒီစီမံကိန်းကို ပါမောက္ခ Stefan Klein နှင့် Anton Zajac တို့ ပူးတွဲ တည်တောင်ခဲ့ပြီး ဆလိုဗက်ကီးယား ကုမ္ပဏီ KleinVision က ထုတ်လုပ်ပေးတာပါ။

ဒီ AirCar ကို အပန်းဖြေ ခရီးများ နှင့် အငှားယာဉ် ဝန်ဆောင်မှုများအဖြစ် အသုံးပြုနိုင်ရန် ရည်ရွယ်ထားတယ်လို့ ယခင်က ပြောဖူးပါတယ်။

ယခု ရရှိခဲ့တဲ့ အသိအမှတ်ပြု လက်မှတ်ဟာ AirCar ၏ နောက်ဆုံး ရရှိခဲ့တဲ့ မှတ်တိုင်တခုဖြစ်ပြီး မနှစ်တုန်းကလည်း ဆလိုဗက်ကီးယားတွင် မြို့တွင်း ပျံသန်းမှု ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီ့ ခရီးစဉ်မှာ Nitra မြို့မှ Braitslava မြို့သို့ ခရီးကြာချိန် ၃၅ မိနစ်လောက်ဖြင့် အောင်မြင်စွာ ပျံသန်း မောင်းနှင်နိုင်ခဲ့တာပါ။

Image: Courtesy of KleinVision

Anton Zajac မှ ကုမ္ပဏီ၏ ထုတ်ပြန်ကြေငြာချက်တွင် “သိပ္ပံစိတ်ကူးယဉ်များကို လက်တွေ့အဖြစ်သို့ ပြောင်းလဲ လာနိုင်ခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်။

MailOnline ၏ သတင်းများအရ ပါမောက္ခ Klein က ရရှိခဲ့တဲ့ အသိအမှတ်ပြု လက်မှတ်ဟာ ဒီလို အလွန် အကျိုးရှိတဲ့ ကားပျံတွေ အ မြောက် အများ ထုတ်လုပ်နိုင်ဖို့ တံခါးဖွင့်ပေးလိုက်တာပါ လို့ ဆိုပါတယ်။

ဒါ့အပြင် ၎င်းက ” ဒါဟာ ကျွန်တော်တို့၏ ခရီးသွားလာမှု စွမ်းရည်ကို ထာဝရ ပြောင်းလဲစေမယ့် တရားဝင်တဲ့ နောက်ဆုံး အတည်ပြုချက် ဖြစ်ပါတယ်” လို့ ဆက်ပြီး ပြောပြပါတယ်။

Image: Courtesy of KleinVision

လက်ရှိ AirCar ရှေ့ပြေးပုံစံကို မြင်းကောင်ရေ ၁၆၀ ရှိတဲ့ BMW ဓာတ်ဆီအင်ဂျင် တလုံးကို တပ်ဆင်ထားပြီး လာမယ့်နှစ်မှာတော့ မြင်းကောင်ရေ ၃၀၀ အားရှိတဲ့ အင်ဂျင်ကို တပ်ဆင်ပြီး ရောင်းချမှာ ဖြစ်ပါတယ်။

ထိုင်ခုံနှစ်ခုံတပ်ထားတဲ့ အဆိုပါယာဉ်ဟာ အကွာအဝေး ကီလိုမီတာ ၁ ထောင်လောက်အထိ မောင်းနှင်နိုင်ပြီး အမြန်နှုန်း တနာရီလျှင် ၁၈၆ မိုင်လောက်အထိ ရောက်ရှိနိုင်ပါတယ်။

၎င်း၏ တောင်ပံများဟာ ချိုးနိုင် ခေါက်နိုင်သည့်အတွက် သာမန် ကားပါကင်များတွင်လည်း အဆင်ပြေ လွယ်ကူစွာ ထားရှိနိုင်ပါတယ်။

KleinVision ဟာ ပထမဆုံး AirCar ကားပျံကို ဝယ်ယူမည့် သူများအတွက် တစင်းလျှင် ဘယ်လောက်အထိ ကုန်ကျနိုင်မယ်ဆိုတာ မကြေ ငြာသေးပါဘူး။

Image: Courtesy of KleinVision

Airbus, Uber နှင့် Alphabet (Google) တို့ အပါအဝင် ကုမ္ပဏီအများအပြားက ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ ကားပျံများတွင် AirCar ဟာ တစင်း အပါအဝင် ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *