လေယာဉ်များ လောင်စာဆီ စွန့်ထုတ်ရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်း နှင့် လုပ်ငန်းစဉ်များ

Article Tech

လေယာဉ်တွေဟာ အရေးပေါ် ဆင်းသက်ရန် လိုအပ်သည့် အချိန်နှင့် ပျံတက်ပြီး မကြာခင် လေယာဉ်ကွင်းထဲသို့ ပြန်ဆင်းရ သည့် အချိန်များတွင် လောင်စာဆီများကို စွန့်ထုတ်ဖို့ လိုအပ်ပြီး ဒီဖြစ် စဉ်တွေ ဘာကြောင့်လဲ ဆိုတာ ရှင်းပြလိုပါတယ်။

ဘယ်လိုလေယာဉ်တွေ လောင်စာဆီ စွန့်ထုတ်တတ်ကြသလဲ

အံ့ဩစရာ ကောင်းတဲ့ အချက်ကတော့ လေယာဉ်တိုင်းဟာ လောင်စာဆီတွေကို စွန့်ထုတ်လို့ မရပါဘူး။

ဆိုလိုတာကတော့ Boeing 737 ကဲ့သို့ အနည်းငယ်သေးတဲ့ လေယာဉ်များဟာ လေဆိပ်ကို အနည်းငယ် ပတ်ပျံတာနဲ့ ပိုလျှံနေတဲ့ လောင်စာတွေကို ကုန်ဆုံးနိုင်တာကြောင့် စွန့်ထုတ်စရာ မလိုအပ်ပါဘူး။

တကယ်လို့ လေယာဉ်ဟာ အရေးတကြီး ဆင်းသက်ရမယ် ဆိုရင်တောင်မှ ၎င်းတွင် ကျန်ရှိနေသည့် လောင်စာဆီများဟာ ဆင်းသက်ခြင်းကို ကြီးကြီးမားမား အဟန့်အတား မဖြစ်စေပါဘူး။

Boeing 747 ကဲ့သို့ ပိုမို ကြီးမားတဲ့ လေယာဉ်ကြီးများမှာတော့ လောင်စာ စွန့်ထုတ်သည့် စနစ် ပါရှိလေ့ ရှိပါတယ်။

Fuel jettisoning system ဟာ တစက္ကန့်အတွင်း လောင်စာဆီ ပေါင်ချိန် ထောင်နဲ့ချီ စွန့်ထုတ်နိုင်ပြီး မိနစ် အနည်းငယ် အတွင်း ဆင်းသက်နိုင်သည့် အလေးချိန်ရောက်အောင် စွမ်းဆောင်နိုင်ပါတယ်။

တကယ်လို့ လေယာဉ်ဟာ လောင်စာဆီ မစွန့်ထုတ်ဘဲ ဆင်းသက်ဖို့ ကြိုးစားပါက ဝန်ပိုဆင်းသက်ခြင်းလို့ ယူဆနိုင်ပြီး လေ ယာဉ်ကိုယ်ထည် အပေါ်တွင် ကြီးမားသည့် ဖိအားများ သက်ရောက်နိုင်ပါတယ်။

တောင်ပံ အတွင်းရှိ လောင်စာဆီများဟာ ပျံတက်ရာတွင် လေယာဉ် တောင်ပံ တဖျပ်ဖျပ် လှုပ်ခြင်းကို ကာကွယ်ပေးနိုင်သည့်အပြင် လေယာဉ်၏ အလေးချိန်ကို မျှတမှု ရှိစေကာ ဖိအားတွေကို သက်သာစေပါတယ်။

ဒါပေမယ့် လေယာဉ် ဆင်းသက်ရာမှာတော့ လောင်စာဆီများ၏ အလေးချိန်ဟာ တောင်ပံကို ဝန်ပိုပိစေနိုင်ပါတယ်။

လေယာဉ်၏ လောင်စာဆီ သိုလှောင်ရာနေရာများ Image: Courtesy of Tosaka via Wikimedia Commons

ဒါ့အပြင် ကတ္တရာလမ်းပေါ်သို့ လောင်စာဆီ ယိုဖိတ်နိုင်မှုနှင့် မီးလောင်နိုင်မှု အန္တရာယ်ကိုလည်း တိုးလာစေပါတယ်။

လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများဟာ ထိုကဲ့သို့ ဖြစ်စဉ်များကို မဖြစ်ပေါ်အောင် လေယာဉ်ကို တည်ဆောက်ထားကြပေမယ့် ပုံမှန်အားဖြင့်တော့ အရေးပေါ် အခြေအနေမှာ ဝန်ပိုဆင်းသက်ခြင်းကို ရှောင်ရှားကြလေ့ ရှိပါတယ်။

လောင်စာဆီ စွန့်ထုတ်တဲ့အခါ ဘာတွေ ဖြစ်မလဲ

လေယာဉ်ဟာ အမြင့်ပေ တခုမှာ လောင်စာဆီ စွန့်ထုတ်ဖို့ ဆုံးဖြတ်တဲ့အခါ လေယာဉ်မှူးခန်းအတွင်းရှိ ခလုတ်မှ တဆင့် အ တောင်ပံတွင် ရှိသည့် နော်ဇယ်ခေါင်းများမှ လောင်စာများကို ထုတ်ကြပါတယ်။

လောင်စာများဟာ ကျယ်ပြန့်သည့် ဧရိယာမှာ အမှုန်အမွှားများ အဖြစ် ပျံ့နှံ့သွားပြီး ဓာတ်ငွေ့ပုံစံဖြင့် အငွေ့ပျံ မှေးမှိန်သွားပါတယ်။

ဒါပေမယ့် လေယာဉ်ဟာ အရမ်း နိမ့်နေပါက မြေပြင်အထိ လောင်စာများဟာ အရည်ပုံစံဖြင့် ကျဆင်းစေနိုင်တာကြောင့် လူနေထူထပ်သည့် နေရာများကို ရှောင်ရှားရပါတယ်။

FAA ခေါ် ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေး အဖွဲ့အစည်းက လေယာဉ်များရဲ့ လောင်စာဆီများကို ပေ ၂ ထောင် အောက် အမြင့်မှာ မစွန့်ထုတ်ဖို့ အတိအလင်း ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလက ရှန်ဟိုင်းမှ လော့စ်အိန်ဂျယ်လ်မြို့သို့ ပျံသန်းလာတဲ့ Delta 777 လေယာဉ်ဟာ အရေးပေါ် ဆင်း သက် မှု ပြုလုပ်ရန် ပေ ၂ ထောင်အမြင့်မှ လောင်စာဆီ ဂါလံ ၁၅,၀၀၀ လောက် စွန့်ထုတ်ဖူးပါတယ်။

လောင်စာဆီများ စွန့်ထုတ်နေပုံ Image: Courtesy of Bobmil42 via Wikimedia Commons

ထိုလောင်စာဆီများဟာ မူလတန်းကျောင်း အပါအဝင် ကျောင်း ၃ ကျောင်း အပေါ်သို့ ကျဆင်းခဲ့ပြီး လူ ၅၀ လောက်နှင့် ထိတွေ့ခဲ့ပေမယ့် မျက်လုံးပူစပ်ခြင်း၊ အရေပြား ယားယံခြင်း နှင့် အသက်ရှူခက်ခြင်း ပြဿနာ အနည်းငယ်လောက်သာ ကြုံခဲ့ရပါတယ်။

ရွေးချယ်မှုများ

လောင်စာဆီ စွန့်ထုတ်တာဟာ လေယာဉ်ကြီးများအတွက် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ၎င်းတို့အတွက် ရွေးချယ်မှု ၃ ခုကို သတ်မှတ်ထားပါတယ်။

အဲဒါတွေကတော့ (၁) ပိုလျှံလောင်စာများကို ပတ်ပျံပြီး ကုန်အောင်လုပ်ခြင်း (၂) လောင်စာဆီများ စွန့်ထုတ်ခြင်း နှင့် (၃) မဖြစ်မနေ ဝန်ပိုဆင်းသက်ခြင်း အနေအထားဖြင့် ဆင်းသက်ခြင်း တို့ ဖြစ်ပါတယ်။

လေယာဉ်တိုင်းတွင် လောင်စာဆီ စွန့်ထုတ်သည့် စနစ် မပါဝင်တာကြောင့် သေးငယ်သည့် လေယာဉ်များကတော့ အချက် ၁ နှင့် ၃ အတိုင်းသာ လုပ်ဆောင်ကြရပါတယ်။

ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ပြီး အန္တရာယ် အနည်းငယ် ရှိပေမယ့် လောင်စာဆီ စွန့်ထုတ်ခြင်းဟာ အလားအလာရှိတဲ့ လေ ယာဉ်နှင့် သက်ဆိုင်သည့် မတော်တဆ အန္တရာယ်ကြီးများကို နှစ်ပေါင်းများစွာ ကာကွယ် ပေးနိုင်ခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 21/9/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *