တရုတ်၏ နောက်ဆုံးပေါ် ဝေဟင်မှ လေ့လာရေး စောင့်ကြည့်ရေး အစီအစဉ် အတွက် Jimu No.1 လို့ အမည် ပေးထားတဲ့ လေသင်္ဘောကို ၁၀ ကြိမ်မြောက် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တယ်လို့ CGTN သတင်းက ဖော်ပြထားပါတယ်။
ယခုလို ၁၀ ကြိမ်မြောက် ပျံတက်မှုကို မေလ ၂၁ ရက်နေ့က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပြီး ဧဝရတ်တောင်ထက် ပို မြင့်သည့် အမြင့် အထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
လေသင်္ဘောများဟာ လေထက်ပေါ့ပါးသည့် ဟိုက်ဒရိုဂျင် သို့မဟုတ် ဟီလီယမ်ကဲ့သို ဓာတ်ငွေ့များကို အသုံးပြုပြီး ပျံသန်းသည့် ယာဉ်များ ဖြစ်ပါတယ်။
တကယ်တော့ လေသင်္ဘောများ၏ နှေးကွေးမှုနှင့် ကုန်ကျစရိတ်များကြောင့် ခရီးသွားလာမှု၏ အနာဂါတ်လို့ တချိန်က သတ် မှတ်ခံခဲ့ရတဲ့ လေသင်္ဘောများ၏ ကဏ္ဍဟာ တဖြည်းဖြည်း နည်းပါးနေခဲ့ပြီး ဖြစ်ပါတယ်။

သို့ပေမဲ့ နှစ်အတော်ကြာမြင့်ပြီးနောက် လေသင်္ဘောများဟာ လေကြောင်းလုပ်ငန်းများအတွက် တကျော့ပြန်လာနေပြီး ပိုမို သန့်ရှင်းကာ ကာဗွန်ထုတ်လွှတ်မှု နည်းသည့် သယ်ယူပို့ဆောင်ရေး ပုံစံအဖြစ် အသုံးဝင်လာပါတယ်။
ဒါ့အပြင် လေသင်္ဘောများဟာ စစ်ဘက်နှင့် အရပ်ဘက် ဆိုင်ရာ နှစ်ခုလုံးတွင် စောင့်ကြည့် ထောက်လှမ်းရေးအတွက် အသုံး ဝင်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ဧဝရတ်တောင် ဒေသတဝိုက်ကို စောင့်ကြည့်မယ့် တရုတ်၏ အစီအစဉ်
ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုဟာ ကျွန်တော်တို့ကို အများကြီး သက်ရောက်လာတာကြောင့် ကမ္ဘာ့မြေမျက်နှာပြင်နှင့် လေထုအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို နားလည်ဖို့ရာ လိုအပ်ပါတယ်။
တိဗက်ကုန်းပြင်မြင့် သို့မဟုတ် ဟိမဝန္တာ ကုန်းပြင်မြင့်လို့ လူသိများသည့် ချင်ဟိုင်း-တိဗက် ကုန်းပြင်မြင့်ဟာ ဧရိယာ အား ဖြင့် ၉၇၀,၀၀၀ စတုရန်းမိုင် ကျယ်ဝန်းပြီး ရေခဲမြစ်များအပြင် အာရှရှိ အကြီးဆုံး မြစ် ၃ ခု၏ နေရာလည်း ဖြစ်ပါတယ်။

ထိုဒေသ၏ ဧရာမ ရေခဲပြင်ကြီးများဟာ ကမ္ဘာပေါ်တွင် အကြီးဆုံး ရေချိုအရန်နေရာဖြစ်ပြီး ကမ္ဘာ့ဝင်ရိုးစွန်း ၂ ခုပြီးလျှင် အ ကြီးဆုံး ဖြစ်သည့်အတွက် တတိယ ဝင်ရိုးစွန်းလို့ အမည်ပေးထားပါတယ်။
သိပ္ပံပညာရှင်များဟာ ထိုဒေသအပေါ် ရာသီဥတု ပြောင်းလဲမှုမှ သက်ရောက်နေမှုများကို သိရှိလိုကြပြီး တရုတ်လေသင်္ဘောအား တိကျသည့် အသုံးချ ပရိုဂရမ်ဖြင့် လေကြောင်းဆိုင်ရာ အချက်အလက် သုတေသန ဌာနမှ ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။
Jimu No.1 လေသင်္ဘော
အရှည် ပေ ၁၈၀၊ အမြင့် ၆၂ ပေ ရှိပြီး အလေးချိန် ၂.၆၃ တန်လောက်ရှိတဲ့ ဒီလေသင်္ဘောဟာ ထုထည်အားဖြင့် ၉,၀၀၀ ကုဗမီတာလောက် ရှိပါတယ်။
ဒီလေသင်္ဘောဟာ အရွယ်နှင့် နှိုင်းယှဉ်ပါက အလေးချိန်ပေါ့ပါးပြီး သိပ်သည်းဆ နည်းပါးက ကြံ့ခိုင်မှု ရှိသည့် အပြင် ဓာတ်ရောင်ခြည်ဒဏ် ခံနိုင်သည့် ပေါင်းစပ်အမျှင်ပစ္စည်းများဖြင့် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ထုတ်လုပ်ခဲ့သည့် လေသင်္ဘောဖြစ်ကာ ဧဝရတ်တောင် ဒေသဝိုက်ရှိ ပြင်းထန်သည့် ရာသီဥတုမျိုးတွင် ပထမဆုံး အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါဒေသ၏ မြင့်မားလှသည့် အမြင့်တွင် ဖိအားနည်းခြင်း၊ အပူချိန် နိမ့်ခြင်း အပြင် ရှုပ်ထွေးသည့် လျှပ်စစ်သံလိုက်လှိုင်း ပတ်ဝန်းကျင်များ ရှိသည့်အတွက် စမ်းသပ်မှုများ လုပ်ဆောင်ဖို့ လေသင်္ဘောများတွင် စိန်ခေါ်မှုတွေ ရှိနေပါတယ်။
မေလ ၁၅ ရက်နေ့မှာတော့ လေသင်္ဘောဟာ အမြင့်ပေ ၂၉,၆၃၂ ပေလောက်အထိ တက်ရောက် နိုင်ခဲ့တယ်လို့ CGTN သ တင်း မှာ ဖော်ပြပါတယ်။
တပတ်အတွင်းမှာပဲ ကမ္ဘာ့ စံချိန်သစ်ဖြစ်သည့် ၁၉,၆၉၁ ပေ သို့ ရောက်ရှိလာပြီး ကမ္ဘာပေါ်တွင် အမြင့်ဆုံး တက်ရောက်သည့် လေသင်္ဘော ဖြစ်လာပါတယ်။
လေ့လာရေး အဖွဲ့၏ ခေါင်းဆောင်ဖြစ်တဲ့ Gao Jing က ” လေ့လာစူးစမ်းမှု ၁၀ ခုအနက် ၂ ခုဟာ မီတာ ၉ ထောင်ကျော် အ ထိ ရောက်ရှိခဲ့ပြီး ၆ ခုကတော့ မီတာ ၈ ထောင်ကို ကျော်လွန်ခဲ့ပါတယ်” လို့ ပြောပါတယ်။

လေသင်္ဘောတွင် တိုင်းတာရေးနှင့် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ကိရိယာ များစွာကို သယ်ဆောင်ထားပြီး ၎င်းတို့တွင် water vapor stable isotope analyzer ၊ အနက်ရောင်ကာဗွန်၊ မီသိန်းနှင့် အိုဇုန်းဆိုင်ရာ ထောက်လှမ်းသည့် ကိရိယာများလည်း ပါဝင်ပါတယ်။
သိပ္ပံပညာရှင်များကတော့ ရာသီဥတု ပြောင်းလဲမှု အပြင် လူသားဖွံ့ဖြိုးတိုးတက်မှုကို တုန့်ပြန်ရာတွင် အထောက်အကူဖြစ်စေသည့် ဒေသတွင်း လေထု၏ ရေငွေ့ ထုတ်လွှတ်မှုများ၊ ဖန်လုံအိမ်ဓာတ်ငွေ့များကဲ့သို့ သိပ္ပံဆိုင်ရာ ကန့်သတ်ချက်များနှင့် ပတ်သက်သည့် အချက်အလက်များကို ရယူနိုင်ဖို့ အဆိုပါ ကိရိယာများကို အသုံးပြုမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် ယခုလို လေသင်္ဘောကို အသုံးပြုခြင်းဟာ သုတေသန လုပ်ငန်းသာ ဖြစ်မယ်လို့ မျှော်လင့်ရပေမယ့် နောက်ကွယ်မှာ စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ရေးများအတွက်ပါ သုတေသန လုပ်နေတာလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။