ဟိုက်ပါဆိုးနစ် ဒုံးကျည်ဆိုတာ ဘာလဲနှင့် သိကောင်းစရာ အချို့

Article Military

ယူကရိန်း-ရုရှား အရေးတွင် ဟိုက်ပါဆိုးနစ် ဒုံးကျည်ကို ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့က စတင် သတိထားမိ လာကြပြီး လူစိတ်ဝင်စားမှု ပိုမို များပြားလာခဲ့ပါတယ်။

ထိုစဉ်က အသုံးပြုခဲ့သည့် ဒုံးကျည်၏ နည်းပညာဟာ အဆင့်မြင့်သည့် နည်းပညာတခု မဟုတ်ပေမယ့် လက်ရှိ တရုတ်၊ ရု ရှားနှင့် အမေရိကန်တို့၏ ထုတ်လုပ်ဖို့ လုပ်ဆောင်နေဆဲ မျိုးဆက်သစ် ဟိုက်ပါဆိုးနစ် ဒုံးကျည်များကတော့ တကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ အထိ ရိုက်ခတ်နိုင်ပါတယ်။

လေကြောင်း အင်ဂျင်နီယာတယောက် ဖြစ်သည့် Iain Boyd ၏ ရှင်းပြချက်အရ မျိုးဆက်သစ် ဟိုက်ပါဆိုးနစ် ဒုံးကျည်များဟာ ၎င်းတို့၏ လမ်းကြောင်းတလျှောက်မှာ လိုသလို ရှောင်ရှား သွားလာနိုင်သည့်အတွက် ကာကွယ်ရေး စနစ်များအတွက် စိန်ခေါ်မှု တခု ဖြစ်စေတယ်လို့ ဆိုပါတယ်။

နောက်ထပ် စိန်ခေါ်မှု တခုကတော့ ၎င်းတို့ဟာ ယခင် ဒုံးကျည်များနှင့် မတူညီတဲ့ လေထု အလွှာများမှ တဆင့် ရောက်ရှိလာနိုင်တာ ဖြစ်ပါတယ်။

ခေတ်သစ် ဟိုက်ပါဆိုးနစ်လက်နက်များဟာ ယခင် တိုက်ချင်းပစ် ဒုံးပျံ ICBM များထက် အများကြီး ပိုနိမ့်တဲ့ အမြင့်ကနေ သွားလာနိုင်ပါတယ်။

ဟိုက်ပါဆိုးနစ် လက်နက် တမျိုးဖြစ်သည့် HGV ၏ လမ်းကြောင်း Photo: Courtesy of Researchgate/Zirk Zimper

လက်ရှိအချိန်အထိ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများ၊ တရုတ် နှင့် ရုရှားတို့မှာတောင် ဒီလိုလက်နက်မျိုးကို ခြေရာခံနိုင်ဖို့ စနစ် မရှိသေးပါဘူး။

အမေရိကန်ကတော့ ခြေရာခံနိုင်ဖို့ နည်းပညာတခုကို ရှာဖွေတွေ့ရှိထားပြီလို့ ဆိုပြီး လက်ရှိမှာ အကောင်အထည်ဖော်နေဆဲ ဖြစ်ပါတယ်။

ထိုအကြောင်းကို “ခေတ်သစ် ဟိုက်ပါဆိုးနစ် လက်နက် အားလုံးကို မှုစရာ မလိုမယ့် HTBSS စနစ် အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဟိုက်ပါဆိုးနစ် ဆိုတာဘာလဲ

အသံ၏ အလျှင်ဟာ ပင်လယ်ရေမျက်နှာပြင်တွင် တနာရီလျှင် ၇၆၁ မိုင်၊ ခရီးသည်တင် လေယာဉ်များ ပျံသန်းသည့် အမြင့်ပေ ၃၅,၀၀၀ လောက်တွင် တနာရီ ၆၆၃ မိုင် ရှိပါတယ်။

ခရီးသည်တင် လေယာဉ်များဟာ တနာရီလျှင် မိုင် ၆၀၀ လောက် ပျံသန်းနေချိန်တွင် ဟိုက်ပါဆိုးနစ် စနစ်ဟာ တနာရီလျှင် မိုင် ၃,၅၀၀ အမြန်နှုန်း အထက် အထိ ရောက်ရှိနိုင်ပါတယ်။

ဒါဟာ အသံထက် ၅ ဆလောက်ဖြစ်တဲ့ အတွက် ဟိုက်ပါဆိုးနစ် အမြန်နှုန်းရှိတဲ့ စနစ် လို့ သတ်မှတ်လိုက်တာပါ။

အသံအလျှင် နှင့် နှိုင်းယှဉ်ရာတွင် Aerodynamic နည်းပညာအရ Mach number နှင့် တိုင်းတာပါတယ်။

အမြန်နှုန်းများကို အသံအလျှင်အောက် 0.8 Mach ကို Subsonic၊ Mach 0.8 မှ 1.2 ကြားကို Transonic၊ Mach 1.2 မှ 5 ကြားကို Supersonic နှင့် Mach 5 မှ 10 ကြားကို Hypersonic၊ Mach 10 မှ 25 ကြားကို High-hypersonic နှင့် Mach 25 အထက်ကို Re-entry speed အဖြစ် သတ်မှတ်ထားပါတယ်။

RS-28

လေယာဉ်များတွင် အမြန်ဆုံးဟာ NASA ၏ X-43 သုတေသန လေယာဉ် ဖြစ်ပြီး Mach 9.6 အထိ ရောက်ရှိ ထားကာ ဒုံး ကျည် မှာတော့ ရုရှား၏ RS-28 (Sarmat) ဒုံးကျည်တွင် ပါဝင်သည့် Avangard ဟိုက်ပါဆိုးနစ် လက်နက်ဟာ Mach 25 ကို ကျော်လွန်ထားတယ်လို့ ဆိုပါတယ်။

တကယ်တော့ ဟိုက်ပါဆိုးနစ် စနစ်တွေကို အသုံးပြုနေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အမေရိကန်၏ ပထမဆုံး လူလိုက်ပါသည့် အာကာသမစ်ရှင်မှ အာကာသယာဉ်မှူး John Glenn ကမ္ဘာမြေသို့ ပြန်လည် ဆင်းသက်ရာမှာ ဟိုက်ပါဆိုးနစ် အမြန်နှုန်းဖြင့် လေထုထဲကို ဝင်ရောက်ခဲ့တာပါ။

ဒါ့အပြင် တိုက်ချင်းပစ် ဒုံးကျည် ICBM အားလုံးဟာ ဟိုက်ပါဆိုးနစ် အမြန်နှုန်းဖြင့် ပစ်လွှတ်ကြတာဖြစ်ပြီး တနာရီလျှင် မိုင် ၁၅,၀၀၀ လောက် အထိ အမြင့်ဆုံး ရောက်ရှိနိုင်ပါတယ်။

ICBM များဟာ ကြီးမားသည့် ဒုံးပျံများဖြစ်ပြီး ၎င်းတို့ကို အာကာသအတွင်းသို့ ပစ်လွှတ်ကာ လေထုထဲသို့ ပြန်လည် ဝင်ရောက် အရှိန်ယူပြီး ကျဆင်းစေတာဖြစ်လို့ လမ်းကြောင်းကို ခန့်မှန်းလို့ရပါတယ်။

ခေတ်သစ် ဟိုက်ပါဆိုးနစ် ဒုံးကျည်များဟာ လျှင်မြန်စွာ ပျံသန်းနိုင်ပေမယ့် ICBM တွေလောက်တော့ မမြန်ဆန်ပါဘူး။

အကြောင်းကတော့ ၎င်းတို့ကို ပိုမို သေးငယ်သည့် ဒုံးကျည်များနှင့် တင်ဆောင်ပစ်လွှတ်တာ ဖြစ်သည့်အတွက် လေထု အ ပေါ်ပိုင်း အထိသာ ရောက်လို့ ဖြစ်ပါတယ်။

ဟိုက်ပါဆိုးနစ် ဒုံးကျည် ၃ မျိုး

ICBM မဟုတ်တဲ့ ဟိုက်ပါဆိုးနစ် လက်နက်များကို aero-ballistic၊ glide vehicle နှင့် cruise ဒုံးကျည်ဆိုပြီး ၃ မျိုး ခွဲခြားနိုင်ပါတယ်။

Aero-ballistic အမျိုးအစားကတော့ လေယာဉ်ပေါ်မှ လွှတ်ချပြီးနောက် ရော့ကတ်အင်ဂျင်ကို အသုံးပြုကာ အရှိန်ယူသည့် အတွက် ပြန်ဆင်းသည့် လမ်းကြောင်းအတွက် တွန်းအားတော့ သိပ်မပါပါဘူး။

ရုရှားတို့ မတ်လက အသုံးပြုခဲ့သည့် Kinzhal ဟိုက်ပါဆိုးနစ် ဒုံးကျည်ဟာ အထက်ပါ စနစ်ပဲ ဖြစ်ပါတယ်။

Hypersonic glide vehicle (HGV) စနစ်ကတော့ ရော့ကတ်တွင် ထိုလက်နက်ကို ထည့်ကာ အမြင့်သို့ ပစ်လွှတ် ပြီးနောက် အောက်သို့ ပြန်ဆင်းချိန်တွင် အရှိန်ယူပြီး ကျဆင်း လာသည့်အပြင် လမ်းကြောင်းများ ပြောင်းလဲနိုင်ပါတယ်။

အထက်ပါ စနစ်၏ ဥပမာတွေကတော့ အမေရိကန်၏ Conventional Prompt Strike (CPS)၊ တရုတ်၏ Dongfeng-17 နှင့် ရုရှား၏ Avangard တို့ ဖြစ်ပါတယ်။

အမေရိကန် စစ်ဘက်ကတော့ တရုတ်၏ HGV ဟာ အမေရိကန်၏ စနစ်ထက် ပိုပြီး အဆင့်မြင့်လေမလားဆိုတာ စိုးရိမ်မှုတော့ ရှိနေပါတယ်။

ခရုဇ် ဒုံးကျည်၊ ဟိုက်ပါဆိုးနစ် လက်နက် HGV နှင့် Ballistic ပဲ့ထိန်းဒုံးကျည် သွားရာ လမ်းကြောင်းများ

Hypersonic Cruise ဒုံးကျည် ဆိုတာကတော့ ရော့ကတ်ဖြင့် တွန်းကာ ဟိုက်ပါဆိုးနစ် အလျှင်ရောက်အောင် ပို့ဆောင်ပေးပြီးနောက် ၎င်းတို့ တပ်ဆင်ထားသည့် scramjet အင်ဂျင်မှ ဆက်လက် အလုပ်လုပ်ကာ အမြန်နှုန်းကို ထိန်းပြီး ပစ်မှတ်အထိ ပျံသန်းသည့် နည်းပညာပါ။

ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် ၎င်းကို တွန်းပေးသည့် ဒုံးပျံဟာ HGV များ၏ ဒုံးပျံများထက် ပိုမို သေးငယ်ပြီး နေရာ မျိုးစုံမှ ပစ်လွှတ်နိုင်ကာ ကုန်ကျစရိတ်သက်သာပါတယ်။

ဒီစနစ်တွေကိုတော့ အမေရိကန်မှ ၂၀၂၀ ခုနှစ် မတ်လကတည်းက စမ်းသပ်ခဲ့ပြီး ဖြစ်ပြီး တရုတ်နိုင်ငံမှလည်း စမ်းသပ်နေ တယ်လို့ သိရပါတယ်။

Scramjet စနစ်ဖြင့် အသံထက် ၁၀ ဆနီးပါး ရောက်နိုင်သည့် လေယာဉ်ကို အမေရိကန်က အောင်မြင်ပြီးသား ဖြစ်သဖြင့် စမ်းသပ်မှုဟာလည်း အောင်မြင်မှာပါ။

အသံထက် ၁၀ ဆနီးပါး ရောက်အောင် ပျံသန်းနိုင်သည့် ကမ္ဘာ့အမြန်ဆုံးလေယာဉ် အကြောင်းကို “လက်ရှိ အချိန်အထိ ဗိုလ်စွဲထားတဲ့ ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့လေယာဉ် အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ကြားဖြတ်ရန် ခက်ခဲရသည့် အကြောင်း

မျိုးဆက်သစ် ဟိုက်ပါဆိုးနစ် လက်နက်များဟာ ဒုံးပျံဖြင့် ပစ်လွှတ်ပြီး HGV တင်ဆောင်သည့် စနစ်များ ဖြစ်သည့်အတွက် အလွန်လျှင်မြန်သည့် အပြင် လမ်းကြောင်းများ ပြောင်းလဲနေသည့်အတွက် မျက်ခြေမပြတ် ခြေရာကောက်နိုင်ဖို့ အလွန်ခက်ခဲပါတယ်။

အမေရိကန်ဟာ ဟိုက်ပါဆိုးနစ် လက်နက်တွေကို ကာကွယ်နိုင်ဖို့အတွက် အာရုံခံ ကိရိယာများ ပါဝင်သည့် ဂြိုဟ်တုများကို ၎င်း၏ အဓိက မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းပြီး လွှတ်တင်ဖို့ လုပ်ဆောင်နေပါတယ်။

ထိပ်ဖူးမှ HGV ကို လွှတ်လိုက်သည့် သရုပ်ပြပုံ Image Courtesy of DARPA

နျူးကလီးယား ထိပ်ဖူးတပ်ဆင်မထားတဲ့ ဟိုက်ပါဆိုးနစ် လက်နက်များဟာ တန်ဖိုးမြင့် ပစ်မှတ်များဖြစ်တဲ့ လေယာဉ်တင် သင်္ဘောများကို တိုက်ခိုက်ရာမှာ အများကြီး အသုံးဝင်ပါတယ်။

မဟာဗျူဟာအရ အရေးပါတဲ့ လေယာဉ်တင် သင်္ဘောများကို ဖျက်ဆီးနိုင်ပါက စစ်ရေးမှာ ချိန်ခွင်ရှာ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့် အားနည်းချက်တခုက ဟိုက်ပါဆိုးနစ် လက်နက်များဟာ အလွန်ကုန်ကျစရိတ် များသည့်အတွက် အရေအတွက် အမြောက်အများတော့ ထုတ်လုပ်နိုင်ဖွယ် မရှိပါဘူး။

ဒါ့ကြောင့် လက်ရှိ ဟိုက်ပါဆိုးနစ် လက်နက်များကို တန်ပြန်မယ့် အထက်တွင် ဖော်ပြခဲ့သည့် HTBSS စနစ်လို ကာကွယ်ရေး စနစ်များက တားဆီးနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.