ပွေးများ အကြောင်း သိကောင်းစရာ

Knowledge Nature

ပွေးတွေကို ကမ္ဘာ့ အနေရာ အနှံ့အပြားတွင် တွေ့ရပြီး ၎င်းတို့ဟာ အရွယ်အစား သေးငယ်တဲ့ နို့တိုက် သတ္တဝါတွေ ဖြစ်ကြပါတယ်။

ပွေးကို သစ်ပင် အမြစ်များအား ပျက်စီးစေသဖြင့် ဥယျာဉ်နှင့် ယာမြေ ဖျက်ဆီးသည့် သတ္တဝါလို့ သတ်မှတ်ထားကြပါတယ်။

၎င်းတို့ဟာ များသောအားဖြင့် မြေအောက်တွင်သာ လှိုင်ခေါင်းတူးပြီး နေထိုင်တတ်ကြပြီး မျက်လုံးများဟာ မြင်နိုင်စွမ်း မရှိဘူးဟု ဆိုသည့် အချက်မှာ မှားယွင်းပါတယ်။

အသွင်အပြင်

အသွင်အပြင်အားဖြင့် သေးငယ်သောမျက်လုံး၊ ချွန်ထွက်နေသည့် နှာခေါင်း ပါဝင်ပြီး နားရွက်ဟာ မမြင်ရလောက်အောင် သေးငယ်ပါတယ်။

အရွယ်အစားဟာ ၄.၄ လက်မမှ ၆.၂၅ လက်မလောက်အထိ ရှယ်ကာ အမြှီးမှာ ၁ လက်မမှ ၁.၆ လက်မလောက် အထိ ရှိတတ်ပါတယ်။

အလေးချိန်အားဖြင့် ၂.၅ အောင်စမှ ၄.၅ အောင်စလောက်အထိ ရှိတတ်တယ်လို့ Mammal Society ၏ ဖော်ပြချက်အရ သိရှိရပါတယ်။

နေထိုင် ကျက်စားပုံ

၎င်းတို့ကို တောင်အမေရိကနှင့် အန္တာတိက တိုက်ကြီးများမှ လွဲပြီး ကမ္ဘာ့ နေရာအနှံ့တွင် တွေ့ရှိနိုင်ပါတယ်။

များသောအားဖြင့် မြက်ခင်းပြင်များ၊ မြို့ပြနေရာများ၊ ဥယျာဉ်ခြံမြေများ၊ သဲသောင်ခုံများ၊ သစ်တောများ စသည့် လှိုင်ခေါင်း တူးဆွလို့ရတဲ့မြေရှိသည့် နေရာများတွင် နေထိုင်ကြပါတယ်။

ဒါပေမယ့် ၎င်းတို့ဟာ မြေလွတ်မြေရိုင်း ဖုန်းဆိုးတောများ၊ အက်စစ်ဓာတ်များသည့်မြေများနှင့် တောင်ထူထပ်သည့် နေရာများကို ရှောင်ရှားကြပါတယ်။

ပွေးများဟာ တနေရာမှ တနေရာသို့ သွားလာဖို့အတွက် လှိုင်ခေါင်းများကို တူးပြီး လမ်းဖောက် သွားလာကြပါတယ်။

လှိုင်ခေါင်းများ၏ အဆုံးတွင် အထူးအခန်းများ တည်ထောက်ထားပြီး အဲဒီ့နေရာတွင် ကလေးမွေးဖွားခြင်းနှင့် အိပ်စက်ခြင်းများ ပြုလုပ်ပါတယ်။

တခါတရံမှာ ပွေးများဟာ နေရာမရွှေ့မီ မျိုးဆက်ပေါင်း များစွာလောက် တူးထားသည့် လှိုင်ခေါင်းများစွာ အတွင်းမှာ နေထိုင်ကြပါတယ်။

လှိုင်ခေါင်းမှ အခန်းမျာအတွင်းတွင် စားဖိုဆောင်ကဲ့သို့ အခန်းများလည်း ရှိပြီး များသောအားဖြင့် ၎င်းတို့ စားသောက်သည့် တီကောင်များကို သိုလှောင်ထားပါတယ်။

Mammal Society တွင် ဖော်ပြထားချက်အရ အခန်းတခန်း အတွင်းတွင် သိုလှောင်ထားသည့် တီကောင် ၄၇၀ လောက်အထိ တွေ့ရှိဖူးတယ်လို့ ဆိုပါတယ်။

ပွေးများဟာ တကောင်ထဲ နေတတ်သည့် သတ္တဝါများဖြစ်ပြီး ၃ ဧကမှ ၅ ဧကအတွင်း ပွေးတကောင် နေထိုင်ပါက အတော်လေးကို များပြားတဲ့ ပမာဏဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့ဟာ လှိုင်ခေါင်းများတူးခြင်း နှင့် အစားအစာ ရှာဖွေခြင်းများနှင့် အချိန်ကုန်နေတတ်ပြီး အမြဲတမ်း လှိုင်ခေါင်းများဟာ အချင်း ၂ လက်မ လောက်ရှိတတ်ကာ မြေအောက် ၈ လက်မမှ ၂၃ လက်မ လောက်တွင် တူးထားလေ့ ရှိပါတယ်။

ယာယီလှိုင်ခေါင်းများလည်း ရှိပြီး များသောအားဖြင့် မြေပြင်နှင့် ကပ်လျက်လောက်တွင် တူးဆွဲကြတယ်လို့

“An Ecological Study of the Mole” ဆောင်းပါးတွင် ဖော်ပြထားပါတယ်။

အစားအသောက်

ပွေးများနှင့် ပတ်သက်လို့ လွဲမှားနေသည့် အယူအဆမှာ သစ်ပင်အမြစ်များကို စားသုံးသည် ဆိုတာပါ။

တကယ်တော့ ပွေးများဟာ အသားစား သတ္တဝါများဖြစ်ပြီး မြေဆီလွှာတွင် ရှိသည့် တီကောင်များကို စားသုံးကြတာပါ။

၎င်းတို့ဟာ တီကောင်များကို အလွန် ကြိုက်နှစ်သက်ပြီး နေ့စဉ် စားသုံးသည့် တီကောင် စုစုပေါင်း အလေးချိန်ဟာ ၎င်းတို့၏ အလေးချိန် တဝက်ကျော် လောက်ကို ရှိပါတယ်။

ဥပမာအားဖြင့် ၂.၈ အောင်စလောက်ရှိသည့် ပွေးများဟာ အနည်းဆုံး တီကောင် ၁.၇ အောင်စလောက်အထိ နေ့စဉ် စားသုံးပါတယ်။

မျိုးပွားခြင်း

မျိုးပွား ရာသီမှာတော့ အထီးများဟာ ၎င်းတို့၏ လှိုင်ခေါင်းများကို ချဲ့လိုက်ပြီး အမများကို ရှာဖွေပါတယ်။

မွေးဖွားသည့်အခါ ခြောက်သွေ့သည့် အပင်မှ ရရှိသည့် ပစ္စည်းများဖြင့် ပတ်ကာ အသိုက်တခု တည်ဆောက်တတ်ကြောင်း Animal Corner ၏ ဖော်ပြချက်အရ သိရပါတယ်။

အမဟာ အမွှေးမပါတဲ့ သားပေါက် ၃ ကောင်မှ ၄ ကောင်အထိ ပေါက်ဖွားနိုင်ပြီး ၁၄ ရက်သားအချိန်မှာ အမွှေးများစတင်ပေါက်လာ ၄ ပတ်မှ ၅ ပတ်လောက်မှာ နို့ဖြတ်ကြပါတယ်။

အဲဒီ့နောက် ၃၃ ရက်လောက်ရောက်တဲ့ အချိန်မှာတော့ အသိုက်ကို စွန့်ခွာပြီး ၅ ပတ်မှ ၆ ပတ်လောက်အရောက်မှာ မိခင်နှင့် ကြီးပြင်းခဲ့သည့် လှိုင်ခေါင်းကို စွန့်ခွာသွားကြပါတယ်။

ပွေးများဟာ အသက် ၃ နှစ်လောက်အထိ နေထိုင်နိုင်ကြတယ်လို့ YPTE မှ ဖော်ပြထားပါတယ်။

အခြား မှတ်သားစရာများ

ပွေးများဟာ အရောင်မျိုးစုံ ရှိတတ်ပြီး အမဲ၊ နို့နှစ်ရောင်၊ မီးခိုးရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်နှင့် ဖြူနက်ကျားရောင် စ သည် ဖြင့် အမျိုးမျိုး ရှိကြပါတယ်။

ပွေးများဟာ အမြင်အာရုံ ချို့တဲ့ပေမယ့် အလင်းရောင်နှင့် လှုပ်ရှားမှုများကို မြင်နိုင်စွမ်း ရှိပါတယ်။

၎င်းတို့ဟာ သားကောင်များနှင့် အခြားသော ပွေးများကို ရှာဖွေနိုင်ရန် လှုပ်ရှားမှု အနည်းငယ် နှင့် နှာခေါင်းမှ အနံ့ခံ စနစ်များကို အသုံးပြုပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *