ကမ္ဘာကြီး၏ အဆုတ်ဟု တင်စားလို့ရတဲ့ အမေဇုံ မိုးသစ်တောကြီးဟာ အန္တရာယ်ရှိတဲ့ အနေအထားတခုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Nature ဂျာနယ်တွင် ဖော်ပြထားသည့် အဓိက လေ့လာမှု အသစ်တခုအရ သစ်တော ပြုန်းတီးမှုနှင့် ရာသီဥတုပြောင်းလဲမှု တို့ကြောင့် အမေဇုံအား ကာဗွန်စုပ်ယူသည်ထက် ထုတ်လွှတ်မှု ပိုများလာအောင် ဖြစ်လာနေစေတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သိပ္ပံပညာရှင်များစွာဟာ အမေဇုံ၏ အစိတ်အပိုင်းများဟာ ကြောက်ရွံ့ဖွယ် ဖြစ်နေတဲ့အကြောင်းကို ငြင်းခုံမှုတွေ၊ ထင်ကြေးပေးမှုတွေရှိနေ ခဲ့ပါတယ်။
၎င်းတို့ သံသယဖြစ်နေသလိုပဲ လေ့လာမှု အသစ်များအရ အမေဇုံ မိုးသစ်တော၏ အစိတ်အပိုင်းများဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို အကာအကွယ် မပေးနိုင်တော့တဲ့အပြင် ကာဗွန်ဓာတ်ငွေ့တွေပါ ထုတ်လွှတ်နေပါတယ်။

ဘရာဇီး အမျိုးသား အာကာသ သုတေသန အဖွဲ့အစည်း နှင့် အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထု စီမံခန့်ခွဲမှု အဖွဲ့ NOAA တို့ ဦးဆောင်တဲ့ လေ့လာမှုအရ ၂၀၁၀ မှ ၂၀၁၈ အကြား ဘရာဇီးနိုင်ငံ အမေဇုံသစ်တောအထက်ရှိ
troposphere လေထုအလွှာရှိ (ကမ္ဘာ့လေထု၏ အနိမ့်ဆုံး အလွှာ) ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကာဗွန် မိုနောက်ဆိုဒ် ပါဝင်မှုများကို လေ ယာဉ် ဖြင့်လေ့လာခဲ့ပါတယ်။
အဲဒီ့လေ့လာမှုမှာလည်း အမေဇုံသစ်တော၏ အရှေ့တောင်ပိုင်းဟာ ယခုအခါ ကာဗွန်ထုတ်လွှတ်မှု ပြုလုပ်ရာ နေရာတခုဖြစ်လာနေတယ်လို့ သိရပါတယ်။
“၁၀ နှစ်နီးပါး ကာဗွန်ဒိုင်အောက်ဆိုဒ် တိုင်းတာမှုတွေ ပြုလုပ်ရာမှာ ရာသီဥတု ဖိစီးတဲ့ အမေဇုံ အရှေ့ပိုင်း နှင့် အထူးသဖြင့် အရှေ့တောင်ပိုင်းမှာ ကာဗွန်ထုတ်လွှတ်မှုတွေ တွေ့နေရတယ်” လို့ NOAA အဖွဲ့မှ ဂျွန်မယ်လာမှ ပြောပြခဲ့ပါတယ်။
“တခြား တဖက်မှာတော့ ပိုမို စိုစွတ်ပြီးတော့ အနောက်ဘက်နှင့် အလယ်ပိုင်းဟာ တောမီးမှ ထုတ်လွှတ်တဲ့ ကာဗွန်တွေကို ထိန်းညှိပေးဖို့ စုပ်ယူပေးနေတယ်” လို့ ပြောပါတယ်။

ကမ္ဘာကြီး၏ အဆုတ်ဟု ခေါ်သည့် အမေဇုံမိုးသစ်တော၏ ပြောင်းလဲမှုများဟာ သစ်တောပြုန်းတီးမှုများကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။
သစ်တောများသည် ကာဗွန်များ စုပ်ယူပြီး သစ်ပင်များမှတဆင့် သက်ရှိများအဖြစ် ရှင်သန်စေပြီး ပတ်ဝန်းကျင်မှ ကာဗွန်ဒိုင် အောက်ဆိုဒ်များကို အလင်းဖြင့်အစာချက်ခြင်း photosynthesis ပြုလုပ်ရန် အသုံးပြုပါတယ်။
ကာဗွန်ကို အပင်များမှ စုပုံစေပြီး ဇီဝလောင်စာအဖြစ် သိုလှောင်သည့်အပြင် မြေကြီးတွင်လည်း ကာဗွန်များစွာ သိုလှောင်ထားပါတယ်။
အခုအခါမှာတော့ သစ်ပင်တွေ နည်းပါးလာသည့်အတွက် ကာဗွန်များကို စုပ်ယူဖို့ အလားအလာ နည်းပါးလာပြီ ဖြစ်ပါတယ်။ အပူချိန် မြင့်တက်လာခြင်းဟာလည်း ရာသီဥတုပြောင်းလဲမှုအတွက် အချက်ပေး ခေါင်းလောင်းတခု ဖြစ်နေပါတယ်။
တခြားတဖက်မှာတော့ သစ်တောများရှိသစ်ပင်များ သေဆုံးပါက သေးငယ်သော ဇီဝသက်ရှိများ၏ အသက်ရှူခြင်းမှတဆင့် ပျက်စီးနေသော သစ်ပင်မှတဆင့် ကာဗွန်များ ထုတ်လွှတ်နေပြန်ပါတယ်။

အမေဇုံသစ်တောတွင် မကြာသေးမီနှစ်များအတွင်း အလွန်ထင်ရှားခဲ့တဲ့ တောမီးများဟာလည်း စုဆောင်းထားသည့် ကာဗွန်များကို လေထုအတွင်းသို့ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။
ဒီအချက်အားလုံးဟာ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း သစ်တောပြုန်းတီးမှုဒဏ်ကို အထူးခံစားခဲ့ရတဲ့ အမေဇုံသစ်တော အရှေ့တောင်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး အဲဒီ့နေရာမှ သစ်တောပြုန်းတီးမှုမှာ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။
“သုတေသနပြုမှုမှနေပြီး အကြီးမားဆုံးမေးခွန်းကတော့ ရာသီဥတု၊ သစ်တော ပြုန်းတီးမှုနှင့် ကာဗွန်တွေအကြား ဆက်နွယ်နေမှုကြောင့် အမေဇုံသစ်တော့ အရှေ့ပိုင်းဟာ အလယ်ပိုင်းနှင့် အနောက်ပိုင်းရဲ့ ကံကြမ္မာ တနေ့မှာ ဖြစ်လာနိုင်ပြီး ဒါဟာ လူတွေကြောင့် သက်ရောက်မှု ဖြစ်လာနိုင်တယ်” လို့ မယ်လာမှ သတိပေးထားပါတယ်။
Knowledgeworms Copyright © 2021