နေ ကို ပိတ်ဆို့ဖို့ တွက်ချက်မှုများ အတွက် ကူညီနေသည့် Amazon ကုမ္ပဏီ

News Science

သိရသလောက်တော့ ဘီလျံနာ သူဌေးကြီးဖြစ်တဲ့ Jeff Bezos ရဲ့ Amazon ကုမ္ပဏီဟာ ကမ္ဘာ့ကြီး သက်ရောက်မှု အကြီးကြီး ရှိနိုင်တဲ့ ကိစ္စတခုကို လုပ်ဆောင်ဖို့ ကြိုးစားနေပုံရပါတယ်။

Gizmodo ၏ သတင်းတခုအရ ကုမ္ပဏီရဲ့ cloud infrastructure ကို နေရောင်ခြည်ကို ပိတ်ဆို့ဖို့အတွက် နည်းလမ်းများရရှိစေဖို့ တွက်ချက်မှုများ လုပ်ဆောင်ရာမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။

ဒါကို စိတ်ကူးယဉ် ဆန်ဆန်တွေးကြည့်ပါက The Matrix ဇာတ်ကားထဲကလို ကောင်ကင်ကြီးက မဲမှောင်နေပြီး စက်ရုပ်တွေ လူသားတွေကို ကြီးစိုးနေတဲ့ အကွက်မျိုးတွေ ဖြစ်လာနိုင်ပါတယ်။

အခု လုပ်နေတာကတော့ အဲဒီလောက် မဆိုးပေမယ့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ပူနွေးလာတဲ့ ကမ္ဘာကြီးကို အပူချိန် လျှော့ချနိုင်ဖို့ရာ နည်းလမ်းများ စဉ်းစားနေတဲ့ အထဲက တခု ဖြစ်နိုင်ပါတယ်။

အဲဒီ့လိုမျိုး လုပ်ဆောင်နေတဲ့အကြောင်းကို “နေရောင်ခြည်ကို ပိတ်ဆို့နိုင်တဲ့နည်း သိပ္ပံပညာရှင်များ လေ့လာနေတဲ့ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

solar radiation management သို့မဟုတ် နေရောင်ခြည်ဖြာထွက် သက်ရောက်ခြင်း စီမံခန့်ခွဲမှု လုပ်ဆောင်ရမယ့် ကာလဟာ ကမ္ဘာကြီး ပူနွေးလာမှုကို မရပ်တန့်နိုင်ခဲ့ပါက ရောက်ရှိလာမယ့် နောက်ဆုံး နည်းလမ်းတခု ဖြစ်လာနိုင်ပါတယ်။

နေရောင်ခြည် ပျောက်ဆုံးသွားရင် ဖြစ်လာမယ့် သက်ရောက်မှုတွေက ကြီးမားပါတယ်။

ဒီအကြောင်းကို “နေရောင် တပတ်လောက် ပျောက်သွားရင် ဖြစ်လာနိုင်သည့် အကျိုးဆက်များ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာကြီးကို အပူရှိန် လျော့ကျအောင် လုပ်ဆောင်မယ့် နည်းလမ်းအတွက် ယုံကြည်စိတ်ချရတဲ့ အချက်အလက်နှင့် ဖြစ်လာနိုင်သည့် အ ပြည့် အဝ သက်ရောက်နိုင်မှုများကို နားလည်နိုင်ဖို့ရာ လက်တွေ့ကျသည့် သို့မဟုတ် စမ်းသပ်ထားသည့် အရာများ မရှိသည့်အတွက် သိပ္ပံ ပညာရှင်များအကြား အငြင်းပွားစရာ ဖြစ်နေပါတယ်။

ဒါ့ကြောင့် ဒီလို တွက်ချက်မှုမျိုးကို ပြုလုပ်နိုင်ဖို့ရာအတွက် စူပါ ကွန်ပျူတာများဟာ တခုထဲသော နည်းလမ်းဖြစ်ပြီး ဖြစ်နိုင်တဲ့ လုပ်ဆောင်မှုများကို ထည့်သွင်းတွက်ချက်ကာ သက်ရောက်မှုများကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Gizmodo ၏ အဆိုအရ ကမ္ဘာ့ပေါ်ရှိ ထိပ်တန်း စူပါ ကွန်ပျူတာ ၅၀၀ လောက်ထဲက အချို့ဟာ ရာသီဥတု သုတေသန လုပ်ငန်းများအတွက် လည်ပတ်နေပြီး မတူညီတဲ့ ကဏ္ဍများမှာ အနာဂါတ် ကမ္ဘာကြီးဘာတွေ ဖြစ်လာနိုင်မလဲဆိုတာကို တွက်ချက်ပေးနေပါတယ်။

သို့ပေမယ့် စူပါ ကွန်ပျူတာများကို တည်ဆောက်ရတာဟာ အလွန့်အလွန် ကုန်ကျစရိတ် ကြီးမားရုံသာမကဘဲ အချိန်လည်း ပိုကုန်ပါတယ်။

ဒါ့ကြောင့် Amazon ကုမ္ပဏီဟာ ယခုလို အလွန်ကြီးမားတဲ့ တွက်ချက်မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ၎င်းတို့ အသုံးပြုနေတဲ့ cloud comupting စနစ်ကို ဒီလို ကဏ္ဍတွေမှာ အသုံးပြုဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းကို NCAR လို့ခေါ်တဲ့ လေထုဆိုင်ရာ သုတေသန အမျိုးသား စင်တာ မှ ဆောင်ရွက်နေတာဖြစ်ပြီး Amazon’s cloud မှ NCAR ၏ မတူညီတဲ့ အနာဂါတ် ဖြစ်နိုင်ချေ ၃၀ လောက်ကို အခြေခံ ပြီး ၂၀၃၅ မှ ၂၀၇၀ ခုနှစ်အကြား ဖြစ်လာနိုင်တဲ့ ကမ္ဘာ့ပုံစံကို တွက်ချက်နေတာ ဖြစ်ပါတယ်။

အဲဒီလို တွက်ချက်မှုများတွင် နေရောင်ခြည်ကို ပိတ်ဆို့တာ ပါဝင်ပေမယ့် တစိတ်တပိုင်းသာ ဖြစ်ပါတယ်။

ဒီလို စူပါကွန်ပျူတာများနှင့် တွက်ချက်မှုများ လုပ်ဆောင်နိုင်တာဟာ ရာသီဥတု မော်ဒယ်များအပေါ် သုတေသီများ လေ့လာဆောင်ရွက်ရာမှာ အများကြီး အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

ဒါဟာ စူပါကွန်ပျူတာတွေ တပ်ဆင်ဖို့အတွက် အချိန်ကို လျှော့ချနိုင်သလို ရင်းနှီးမြှုပ်နှံရမယ့် ဘတ်ဂျက်ကိုလည်း လျော့ကျ စေနိုင်ပါတယ်။

Cloud based ဖြစ်သည့်အတွက် အချက်အလက်များကို cloud ပေါ်တွင် သိမ်းဆည်းထားနိုင်ပြီး အခြား ကဏ္ဍများတွင် လိုအပ်ပါက ထည့် သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုတိုက်ဖျက်ရေး NGO အဖွဲ့အစည်း တခုဖြစ်တဲ့ SilverLining ၏ အမှုဆောင်ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Kelly Wanser မှ cloud computing နည်းပညာဟာ ပိုမို ဆန်းသစ်ရှုပ်ထွေးလာပြီး စူပါကွန်ပျူတာများနှင့် လုပ်ဆောင်ရမယ့် အလုပ်များကိုပါ လုပ်ဆောင်လာနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.