၂၀၂၀ စက်တင်ဘာလလယ်လောက်က အမေရိကန်က သူတို့မှာ လျှို့ဝှက်ဒီဇိုင်းဆွဲ တည်ဆောက်ထားပြီး၊ စမ်းသပ်ပျံသန်းနေသည်မှာ တစ်နှစ်လောက်ရှိပြီဖြစ်တဲ့ 6th generation လေယာဉ်ရှိနေပြီဆိုတာ ရုတ်တရက် ကြေငြာခဲ့ပါတယ်။ မျိုးဆက်သစ် လေကြောင်းစိုးမိုးရေး အစီအစဉ်အရ ဒီလေယာဉ်ကိုထုတ်လုပ်ထားတာဖြစ်ပြီး မည်သည့်ပုံစံရှိတယ်ဆိုတာတော့ ထည့်သွင်းပြောကြားသွားခြင်းမရှိပါဘူး။
ကျွမ်းကျင်သူတစ်ယောက်ကတော့ ဒီလေယာဉ်ကိုထုတ်လုပ်ဖို့ ၅ နှစ်ကနေ ၁၀ နှစ်လောက်အချိန်ယူရဦးမယ်လို့ခန်မှန်းထားပေမယ်ံ အမေရိကန်လေတပ်ရဲ့ ဝယ်ယူမှုအကြီးအကဲဖြစ်တဲ့ Roper ကတော့ ဒီလေယာဉ်တွေကိုထုတ်လုပ်ဖို့ ယခင်လေယာဉ်တွေလိုမဟုတ်ဘဲ တစ်နှစ်လောက်သာအချိန်ယူရမယ်လို့ဆိုပါတယ်။
သီအိုရီတစ်ခုအရ အမေရိကန်လေတပ်ဟာ ဂျက်လေယာဉ်အသစ် ပုံဖော်မှုကို နှစ်ပေါင်းများစွာဆောင်ရွက်ဖူးပါတယ်။ လေတပ်ဟာ ဂျက်တိုက်လေယာဉ်များ၏ အယူအဆဆိုင်ရာပုံရိပ်များစွာကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၎င်းတို့အားလုံးဟာ တူညီသောအနာဂါတ် သွင်ပြင်နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။

စစ်ဘက်လေယာဉ်များအကြောင်းကိုဖော်ပြနေကျ website ဖြစ်တဲ့ Aviationist ဟာ နှစ်ပေါင်းများစွာအတွင်း အမေရိကန်လေတပ်မှအသစ်ထုတ်နိုင်မည့် လေယာဉ်ပုံစံများရဲ့ သဲလွန်စပုံပေါင်းများစွာကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ Aviationist ရဲ့ဖော်ပြချက်အရ ဒီလေယာဉ်အသစ်ပုံစံဟာ B-2 ဗုံးကြဲလေယာဉ်နှင့်ခပ်ဆင်ဆင် ဒီဇိုင်းဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါဒီဇိုင်းကို အမေရိကန်လေတပ်ရဲ့ ၇၃ နှစ်ပြည့်နှစ်ပတ်လည်မှာအသုံးပြုခဲ့တဲ့ပုံအရခန့်မှန်းထားတာဖြစ်ပြီး ထိုကဲ့သို့ ဒီဇိုင်းမျိုးကို Northrop Grumman ကလဲ ၂၀၁၆ ခုနှစ်က Youtube မှာ ပြသဖူးပါသေးတယ်။

ဒါပေမယ့် Lokheed CFO Ken Possenriede ကလည်း ကုမ္ပဏီရဲ့ ၃ လပတ် အစည်းအဝေးတစ်ခုမှာ skunk Works program ကနေ ကိန်းဂဏန်း ၂ ဆလောက်တိုးတက်စရာရှိတယ်လို့ပြောကြားဖူးတာကြောင့် ဒီလေယာဉ်သစ်ကို ဘယ်ကုမ္ပဏီက ထုတ်လုပ်မယ်ဆိုတာတော့ မသေချာသေးပါဘူး။
Stunk Works ဆိုတာ Lockheed ရဲ့ အဆင့်မြင့်ပရိုဂရမ်တွေရဲ့ တရားဝင် အမည်ပြောင်ဖြစ်လို့ပါ။ အဲဒီ့အသုံးအနှုံးကို SR-71 တွေ၊ U-2 တွေ၊ F-22 နဲ့ F-35 တွေ နှင့် F-117 program တွေမှာလဲသုံးနှုံးခဲ့ဖူးပါတယ်။ ဒါ့အပြင် Lockheed အနေဖြင့် ကယ်လီဖိုးနီးယားပြည်နယ်မှာ ပရောဂျက်အသစ်အတွက် အဆောက်အဦးအသစ်ဆောက်လုပ်ရန်ရှိတယ်ဆိုတာလဲ Ken Possenriede ကအစည်းအဝေးမှာပြောသွားပါသေးတယ်။
Northrop Grumman ကဖော်ပြခဲ့တဲ့ လေယာဉ်ဒီဇိုင်းကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါတယ်။
အမေရိကန်တို့ရဲ့ လေကြောင်းစိုးမိုးရေး ဗျူဟာမြောက်ကျောရိုး တိုက်လေယာဉ်များဖြစ်တဲ့ F-22 များကို အစ္စရေးကို ရောင်းချဖို့ မီးစိမ်းပြလိုက်တာဟာ မကြာမီမှာ 6th generation လေယာဉ်တွေပွဲထုတ်လာဖို့ သေချာသလောက်ရှိနေတာကို ပြသနေပါတယ်။
အထက်ပါဖော်ပြချက်များကို သုံးသပ်ခြင်းအားဖြင့် အမေရိကန်ဟာ 5th generation လေယာဉ်များအထိ သမားရိုးကျထုတ်လုပ်ခဲ့ပေမယ့် ယခုလေယာဉ်များကို ယခင်နဲ့မတူညီပဲ ပုံစံပြောင်းထုတ်လုပ်ထားနိုင်ပါတယ်။ ဉပမာ ပိုမိုကြီးမားလာတာမျိုး၊ ဒါမှမဟုတ် family of systems ဆိုပြီး မောင်းသူမဲ့လေယာဉ်နဲ့ မောင်းသူပါလေယာဉ် တိုက်ခိုက်ရေးအုပ်များအတွက် တွဲဖက်အသုံးပြုတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လက်ရှိမှာ အမေရိကန်အနေနဲ့ T-38 ကိုအစားထိုးမယ့် T-7 Red Hawk လေ့ကျင့်ရေး ဂျက်လေယာဉ်ကိုထုတ်လုပ်နေပြီး T-7 အသစ်ကို eT-7 လို့အမည်ပေးထားကာ F-22 နှင့် F-35 များကိုမောင်းနှင်မယ့် pilot တွေကိုလေ့ကျင့်ရာမှာ အသုံးပြုမယ်လို့ဆိုပါတယ်။

အမေရိကန်လေယာဉ်များတွင် T ကို Trainer လေ့ကျင့်ရေး၊ B ကို Bomber ဗုံးကြဲလေယာဉ်၊ F ကို Fighter တိုက်ခိုက်ရေးလေယာဉ်အစရှိသဖြင့် အမည်ပေးတာဖြစ်ပြီး “e” ကတော့ Digital နည်းပညာကို ကိုယ်စားပြုတာဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် 6th generation လေယာဉ်များကိုပါမောင်းနှင်ဖို့ရာပါ လေ့ကျင့်နိုင်ဖို့ ထုတ်လုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လေတပ်ရဲ့အဆိုအရ ဒီ Red Hawk ကို ထုတ်လုပ်ရာမှာ နည်းပညာအသစ်တွေကိုအသုံးပြုထားတဲ့အတွက် ကွန်ပျူတာပေါ်မှာ ဒီဇိုင်းဆွဲသည်မှ ပထမဆုံးပျံသန်းသည်အထိ ၃ နှစ်ပဲအချိန်ယူလိုက်ရတယ်လို့ဆိုပါတယ်။ ဒီလေယာဉ်ကို တည်ဆောက်ရာမှာလဲ တည်ဆောက်ချိန်နာရီတွေကို သမားရိုးကျထက် ၈၀ ရာခိုင်နှုန်းတောင်လျှော့ချနိုင်ပြီး Software ထုတ်လုပ်မှုကိုလဲ အချိန်တဝက်လောက်အထိလျှော့ချထားတဲ့အတွက် မည်သည့်နည်းပညာများကို အသုံးပြုနေသည်မှာခန့်မှန်းရခက်ပြီး သေချာတာကတော့ အမေရိကန်လေတပ်အနေနဲ့ နည်းပညာမှာ ယခင်ထက် အဆပေါင်းများစွာတိုးတက်နေပြီဆိုတာပါပဲ။
ဒါ့ကြောင့် ဒီ့ 6th generation လေယာဉ်တည်ဆောက်ဖို့ အချိန်အများကြီးမပေးရဘူးဆိုတဲ့ အမေရိကန်လေတပ်ရဲ့ ဝယ်ယူရေးအကြီးအကဲပြောတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီဇင်ဘာလလယ်အတွင်းမှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အမေရိကန်ရဲ့ နာမည်ကျော် U-2 ထောက်လှမ်းရေးလေယာဉ်ဟာ ကမ္ဘာ့ထိပ်တန်း µZero ကွန်ပျူတာစနစ်ကိုအသုံးပြုပြီးတော့ Artificial Intelligence (ဦးနှောက်တု) စနစ်နဲ့မောင်းနှင်စမ်းသပ်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ပထမဆုံး AI ကို ထိန်းချုပ်မောင်းနှင်စေတာဖြစ်ပါတယ်။
ဒီစမ်းသပ်မှုမှာ ဒုံးကျည်ပစ်ခတ်တိုက်ခိုက်ခံရတဲ့ပုံစံကိုစမ်းသပ်ခဲ့ပြီး မောင်းနှင်သူလူက ရန်သူ့လေယာဉ်ကိုစောင့်ကြည့်တဲ့တာဝန်ကိုလုပ်ဆောင်ပြီးတော့ AI စနစ်က ဒုံးကျည်ပစ်လွှတ်လိုက်တဲ့ ရန်သူ့နေရာကို အလိုအလျှောက်ရှာဖွေပေးတဲ့စနစ်ကိုတာဝန်ယူပြီးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုအသစ်ထွက်ရှိလာမယ့် 6th generation လေယာဉ်အသစ်မှာ AI Co-pilot တွေပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

လေယာဉ်မှုးများဟာ ပျံသန်းနေချိန်မှာ ဒိုင်ခွက်များမှတဆင့် လေယာဉ်ရဲ့ အမြင့်၊ အမြန်နှုံး၊ ဆီအနေအထား နှင့် အခြား ပျံသန်းမှုဆိုင်ရာအချက်အလက်များဖြစ်တဲ့ ဆင်ဆာတွေ၊ ရေဒါတွေ၊ အန္တရာယ်အချက်ပေးစနစ်တွေ၊ မြေပြင်မှ ဝေဟင်ပစ်များရဲ့ရန်၊ အားသာမှု အားနည်းမှုတွေ တွက်ချက်တာတွေ၊ အမြဲစောင့်ကြည့်နေရပြီး 5th generation လေယာဉ်များတွင် ဒီထက်ပိုမိုပြီးရှုပ်ထွေးတဲ့ကိစ္စတွေကို မျက်စိရှင်ရှင်ထားပြီး စောင့်ကြည့်နေရတာဖြစ်ပါတယ်။
အဲဒီ့ထဲက AI စနစ်နဲ့ Co-pilot ကတော့ ဆက်သွယ်ရေး၊ အန္တရာယ်စောင့်ကြည့်မှု၊ ကွန်ယက် လုံခြုံရေး နှင့် လေယာဉ်လမ်းကြောင်းရှာစနစ်တွေကို ခွဲဝေတာဝန်ယူနိုင်မှာဖြစ်ပါတယ်။ U-2 မှာ စမ်းသပ်သွားတဲ့ ရန်သူ့ပစ်ခတ်နေရာရှာဖွေတာဖို့ လမ်းကြောင်းရှာဖွေစနစ်နှင့် ဆင်ဆာများကို တွဲဖက်လုပ်ဆောင်သွားတဲ့ ARTUµ စနစ်ကတော့ ပိုပြီးတော့တောင် အဆင့်မြင့်ပါသေးတယ်။
ဒီပုံစံတိုင်းသာဆိုပါက AI ၏ အကူအညီကြောင့် လူသား pilot ဟာ လေယာဉ်မောင်းနှင်ခြင်း၊ လက်နက်ပစ်လွှတ်တာကိုခွင့်ပြုခြင်း၊ ပျံသန်းရေးအစီအစဉ်ပြောင်းလဲမှုများကိုခွင့်ပြုခြင်းနှင့် မြေပြင် ဝေဟင် နှင့် အခြေစိုက်စခန်းများသို့ဆက်သွယ်ခြင်းများကိုသာ လုပ်ဆောင်ရဖွယ်ရှိတာကြောင့် လူသား pilot များဟာ ပိုမိုစွမ်းဆောင်လာနိုင်စေမှာဖြစ်ပါတယ်။
အမေရိကန်လေတပ် ဝယ်ယူရေးအကြီးအကဲ အဆိုအရ သူဟာ pilot, co-pilot အနေအထားကို Star Wars ဇာတ်ကားထဲက R2-D2 စက်ရုပ်အလုပ်လုပ်ပုံ ပုံစံမျိုးအထိ မျှော်မှန်းထားတယ်လို့ပြောကြားခဲ့ပါတယ်။

ဒီဆောင်းပါးဟာ လက်ရှိရရှိထားသမျှ သတင်းများကိုအခြေခံပြီးရေးသားထားတာဖြစ်လို့ အမှားအယွင်းများ ပါဝင်နိုင်ပါတယ်။